NEWS

Xing Run Myanmar စက်ရုံ ကလေးလုပ်သားများအား ခိုင်းစေပြီး လုပ်ခ တဝက်ပဲပေး

CoverLogo
536 Views
 
Xing Run Myanmar အထည်ချုပ်စက်ရုံက ကလေးလုပ်သားတွေကို နေ့စဉ်အချိန်ပိုတွေလုပ်ကိုင်ခိုင်းပြီး လူကြီးလုပ်သားတွေ ရတဲ့ ရက်တွက်ဒေးကြေ တစ်ဝက်သာ ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံလုပ်သား ၁၀ ရာခိုင်နှုန်းကျော်က ကလေးလုပ်သားတွေ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
 
“ စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင် ရှိတယ်။ ကလေးလုပ်သားက ၆၀ လောက်ရှိတယ်။ စက်လိုင်းထဲမှာ အများဆုံးပဲ။ တခြားဌာနမှာ ဆယ်ယောက်လောက် ရှိမယ်။ သူတို့ကို နေ့စားပဲ ပေးထားတာ။ ညီမတို့ အချိန်ပို ၃ နာရီလုပ်ရတယ်။ ည ၇ နာရီခွဲအထိ။ ကလေးလုပ်သားတွေ အချိန်ပို ပြီးတဲ့ အထိလုပ်ရတာပဲ။ စက်ရုံက ၇၈၀၀ ပဲ ပေးတယ်။ ကလေးတွေ တဝတ်တောင်မရကြဘူး။ ” လို့ စက်ချုပ် အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
လူကြီးလုပ်သားတွေရဲ့ ရက်တွက်ဒေးကြေးက ကျပ် ၁၂၀၀၀ နဲ့ အချိန်ပို အိုတီကြေး ၁၈၀၀ ဖြစ်လို့ အိုတီ ၃ နာရီ အပါအဝင် ကျပ် ၁၇၀၀၀ ကျော် ရရှိတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ ကလေးလုပ်သား အားလုံးနီးပါးက အကူလုပ်သားတွေဖြစ်ကြပြီး လူကြီးလုပ်သားတွေအတိုင်း အထည်စံချိန်၊ အလုပ်ချိန် အတူတူ လုပ်ကိုင်ပေးရတယ်လို့ သိရပါတယ်။
 
“ကလေးအလုပ်သမားတွေ အထည်မွှေးညှပ်ခိုင်းတာ စံချိန်မပြည့်လို့၊ နေ့လယ်စာ မစားဘဲတောင် လုပ်ပေး နေရတာကို တွေ့တယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လူကြီးလုပ်သားတွေလည်း နေ့စဉ် ဒေးကြေး ကျပ် ၁၂၀၀၀ ရတာမဟုတ်ဘဲ စနေနေ့အလုပ်ဆင်းရက်နဲ့ တနင်္ဂနွေ ပိတ်ရက်နေ့ အတွက် ရက်တွက် ဒေးကြေး ကတာ့ ၇၈၀၀ ပဲ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စနေ့၊တနင်္ဂနွေပိတ်ရက်ပဲ ၇၈၀၀ ပေးတာမဟုတ်ဘူး။ အများပြည်သူအလုပ်ပိတ်တွေလည်း ၇၈၀၀ ပဲ ပေးတာပါ။ အလုပ်ချိန်က မနက် ၈ ညနေ ၄ခွဲ၊ အချိန်ပိုပြီးတော့ ၇ခွဲ၊ အဲလိုဆင်းရတာ တနင်္လာကနေ သောကြာ။ စနေနေ့မှာ ၅ နာရီခွဲအထိ။ တနင်္ဂနွေဆို ၄ခွဲအထိဆင်းရတယ်။ တပတ် အချိန်ပို အလုပ်ချိန် နာရီ ၂၀ ကျော် လုပ်ရတယ်။ တနင်္ဂနွေ အချိန်ပိုတွေ လုပ်နေရတာ ၆ လပိုင်းကတည်းကပါ.” လို့ ပြောပါတယ်။
 
ပြီးခဲ့ ဇွန်လ(၆လပိုင်း)က တနင်္ဂနွေပိတ်ရက် ၃ကြိမ် အချိန်ပိုဆင်းခဲ့ရပြီး တစ်လလုံး နားရက် တစ်ရက်တည်းသာ ရရှိခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ရက်ခြား အောလင်း၊အောနိုက် အချိန်ပိုတွေ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
 
“၆ လပိုင်းမှာ အချိန်ပိုတွေ ဆက်တိုက်ဆင်းတာ အခု ၇ လပိုင်းအထိပဲ။ ဒီလထဲမှာ တနင်္ဂနွေဆို ၂ ခါရှိပြီဆင်းရတာ။ ည အချိန်ပိုတွေဆို အစောဆုံးက ၁၂ ခွဲပဲ၊ နောက်ကျအောင်ချုပ်ရပြီဆို ၂ နာခွဲအထိ၊ နောက်နေ့ကူးတာပဲ.” လို့ ပြောပါတယ်။
စက်ရုံအတွင်း စက်လိုင်း ၆ လိုင်းရှိပြီး ညနက်အချိန်ပိုတွေကို စက်လိုင်း နှစ်လိုင်းလောက်က အလှည့်ကျ ပုံမှန် ဆင်းပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုခေါ်ယူမှုကြောင့် တိုင်ကြားမှုတွေ ရှိတဲ့ အပြင် အလုပ်သမားတွေ ရပိုင်ခွင့်တွေကို ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို မဆင်းရင် အထည်ကြေးဖြတ်မယ် လို့ စူပါတွေက ပြောတယ်။ အဲ့ဒါကြောက်တော့ အလုပ်သမားတွေ ဆင်းကြတယ်။ တကယ်လည်း လျှော့ပေးတယ်။ တစ်သိန်းလောက်ရတယ်ဆို အမှန် ၈၀၀၀၀ ပဲ ပေးတာမျိုးတွေ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုတွေ လုပ်ကိုင်ခိုင်း ရက်ဆက်များပြားလားလို့ တိုင်ကြတာတွေ ရှိလို အချိန်ပို သုံးရက်လောက် မခေါ်ဘဲ ရပ်တန့်ခဲ့ပေမဲ့ အဲ့ဒီနောက်မှာတော့ ဆက်တိုက် ခေါ်ခိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံလုပ်ငန်းခွင်က သောက်ရေ၊ သုံးရေနဲ့ ထမင်းစားဆောင်တွေ အဆင်ပြေပေမဲ့ သန့်စင်ခန်းတွေ တဝက်ကျော့ ပြည့်လျှံနေပြီး အခန်းအနည်းငယ်သာ အသုံးပြု ရနိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အမျိုးသား အိမ်သာ ၄ လုံး မှာ ၂ လုံးပဲကောင်းတယ်။ အမျိုသမီး အိမ်သာလည်း ၆ လုံးမှာ ၃ လုံးပဲ ကောင်းတယ်။ ကျန်တာတွေ ပြည့်လျှံနေတယ် ။ သုံးမရဘူး။ အချိန်ပိုအတွက် “ တိုင်လည်း စက်ရုံက ပိုက်ဆံနဲ့ ဖြေရှင်းနိုင်တယ်လို့ စူပါတွေက ပြောတယ်။ ဘာတိုင်တိုင်ပေါ့ ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Xing Run Myanmar Co.,Ltd က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ ဆရာစံလမ်းမှာ ရှိပြီး လက်ရှိ ဂျပန်အထည် noannu တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026