Titan Tree Myanmar အထည်ချုပ် လစာတိုးမြှင့်ပေးရေး စုပေါင်းတောင်းဆိုမှု ပြီးဆုံးခဲ့ပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံဘက်က အားလုံးလိုက်လျှောခဲ့တယ်လို့ ပြောရမှာ ၊ ဆန္ဒပြတဲ့ ၆ ရက်ကို ဒေးကြေးမရဘူး။ ထောက်ပံ့ကြေး ၂သောင်းတော့ ညှိလို့ရခဲ့တယ်။ တောင်းဆိုချက်တွေကတော့ စာချုပ် စချုပ်တဲ့နေ့က စပြီးပေးမယ်လို့ သဘောတူညီမှုရခဲ့တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
တောင်းဆိုမှု ၆ ရက်ကာလအတွင်း စက်ရုံဘက်က ၃ ရက်ကျော်ပါက ဒေးကြေးအပါအဝင် တခြားခံစားခွင့်တွေ မပေးဘူးလို့ ထုတ်ပြောခဲ့သလို တောင်းဆိုထားတဲ့ အချက် ၁၂ ချက်ကိုပါ မလျှောနိုင်ဘူးလို့ ပြောဆိုခဲ့တာပါ။
အလုပ်သမားတွေက အလုပ်ရှင်အပြောင်းအလဲကို ထုတ်ပြန်ကြေညာဖို့ အပါအဝင် ဒေးကြေး ၁၁၀၀၀ ကနေ ၁၂၀၀၀ အထိ တိုးမြှင့်ပေးဖို့၊ အိုတီ ၂၂၀၀ ပေးဖို့ ၊ ရက်မှန်ကြေး ၁၅ ရက်စီ နှစ်ပိုင်းခွဲပေးဖို့၊ ခွင့်ရက်အတွက် ရက်မှန်ကြေးနဲ့ ဂရိတ်ကြေး မဖြတ်ဖို့၊ ဂရိတ်ကြေး အဆင့်လိုက် တိုးမြှင့်ပေးဖို့၊ ဆေးပေးခန်းထားပေးဖို့ နဲ့ သန့်စင်ခန်းတွေ သန်းရှင်းဖို့ ၊ အများပြည်သူအလုပ်ပိတ်ရက်တွေ အချိန်ပို လုပ်ကိုင်ရပါက ဥပဒေအတိုင်း နှစ်ဆ ပေးဖို့ တောင်းဆိုခဲ့တာပါ။
ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းမှု စက်ရုံနဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီးနောက်
အားလုံးနီးပါး လိုက်လျှောခဲ့လို့ ဒီကနေ့ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်နေပြီလို့ FGWM တာဝန်ရှိသူက ပြောထား ပါတယ်။









