လှိုင်သာယာ စက်မှုဇုန် T M A Co.,Ltd အထည်ချုပ် စက်ရုံက တပတ် နာရီ ၂၀ ကျော်လုပ်ကိုင်ခိုင်းပြီး ဥပဒေ ညွှန်ကြားချက်တွေကို ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ တနင်္လာနေ့ကနေ သောကြာနေ့အထိကို ည ၇နာရီအထိ အချိန်ပို ဆင်းရတယ်။ စနေနေ့တွေမှာ လည်း ည ၇ နာရီအထိ အချိန်ပို ဆင်းခိုင်းတယ်။ တပတ်ကို နာရီ ၂၀ ကျော်တာက တော်တော်ကို ကျော်တာ။ “ လို့ ပြောပါတယ်။
အချိန်ပို အလွန်အကျွံ ခိုင်းစေတာကို သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးကို တိုင်တန်းခဲ့ရာမှာ မှတ်တမ်းယူပြီး အရေးယူမှုတွေ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
“ မေ ၁၆ (စနေနေ့)က ည ၇နာရီအထိ အချိန်ပိုခိုင်းလို့ အလုပ်သမားရုံးကို လုပ်ငန်းခွင်ထဲကနေ တိုင်ကြားတယ် ၊ အကူအညီတောင်းခဲ့တယ်။ စက်ရုံထဲကို Otရုံးက ဦးစီးမှူးရောက်လာတယ်၊ ဓာတ်ပုံမှတ်တမ်းယူပြီး မန်နေဂျာနဲ့ပဲ စကားပြောပြီး ပြန်သွားတယ်၊ အလုပ်သမားတွေကို ဘာမှ မမေးသွားဘူး” လို့ ပြောပါတယ်။
အလုပ်သမားရုံးကို ဘယ်လိုပဲ တိုင်ကြား စက်ရုံဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေကို ဂရုမစိုက်ဘူးလို့ ပြောကြားတယ်လို့လည်း အလုပ်သမား ပြောပါတယ်။
“ ကြိုက်တဲ့ ရုံးကို ကြိုက်သလို တိုင်၊ ပေးကျွေးထားလို့ ဂရုမစိုက်ဘူး။ မေ ၁၉ ရက်မှာလည်း အော်လင်း အောနိုက် ဆက်ခိုင်းမယ်၊ ကြိုက်တဲ့ရုံးကို တိုင်နိုင်တယ်။ လာစစ်လည်း ၁၆ ရက်နေ့ကလို ပေးပြီး ဖြေရှင်းမှာလို့ ပြောတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
အချိန်ပိုလက်မှတ်တွေကို မန်နေဂျာက အတင်းအကျပ် ထိုးခိုင်းလို့ ဖိအားအမျိုးအမျိုးကြောင့် ထိုးပေးနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
“ လက်မှတ်ထိုးခိုင်းတာက အမျိုးမျိုးခြိမ်းခြောက်နေတာ၊ အလုပ်သမားတွေက အိမ်ရောက်မှ ဝယ်ရ ခြမ်းရ၊ ချက်ပြုတ်ရဆိုတော့ ညနက်အချိန်ပိုတွေက အဆင်မပြေ ဖြစ်ကြတယ်။ နောက် ယောက်ျားလေးတွေဆို ပေါ်တာဆွဲခံရမှာ စိုးရိမ်ကြတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
T M A Co.,Ltd စက်ရုံက မြဝတီမင်းကြီးလမ်း၊ လှိုင်သာယာစက်မှုဇုန်(၄)၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၇၀၀ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။









