Sunrise Myanmar Fashion Garment စက်ရုံက သတ်မှတ် အထည်အရေအတွက် စံချိန်မပေးနိုင်ပါက ရပိုင်ခွင့်တွေ လျှော့ချမယ်ဆိုပြီး အလုပ်သမားတွေကို ခေါ်ယူပြောဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့မတ်လ ၁၉ ရက်မှာ စက်ရုံရဲ့ အောစူပါ နဲ့ အောစူပါချုပ်တို့ ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
“အောစူပါ မြန်မာအမျိုးသမီးနဲ့ အောစူပါချုပ် နိုင်ငံခြားသူ တရုတ်အမျိုးသမီးက နှစ်ဦး။ သူတို့တွေ ခေါ်ပြောခဲ့တာ။ အဲ့ဒီ အမျိုးသမီး သုံးဦးက အလုပ်သမားတွေကို အလုပ် ထုတ်ချင်တိုင်း ထုတ်နေတာ။ သူတို့မကြိုက်တဲ့ အလုပ်သမားတွေဆို ချက်ချင်း ဘာခံစားခွင့်မှ မပေးပဲ အလုပ်ထုတ်တာ။” လို့ ပြောပါတယ်။
အထည်စံချိန်ကို နေ့စဉ် ပိုတောင်းနေတာဖြစ်ပြီး လိုင်းအတွင်း အလုပ်သမား အပြည်ရှိမရှိ ကြည့်ရှုတာမရှိဘဲ တောင်းတဲ့ စံချိန်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“လူပြည့်တာ မပြည့်တာ လာတာ၊ မလာတာ သူတို့ မကြည့်ဘူး၊ သူတို့တောင်းတဲ့ အတိုင်း ပေးရမည်ဆိုတာပဲ ပြောတယ်။ အခုလည်း ခြိမ်းခြောက်စကားတွေပါ ပါလာပါပြီး။ ညတိုင်းလိုလို အချိန်ပိုခေါ်တာကလည်း မရပ်ပါဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
ည ၉ နာရီအထိ အချိန်ပိုကို လူရွေးလုပ်ကိုခိုင်းပြီ တချို့စက်လိုင်းတွေ၊ ဌာနတွေမှာ မဖြစ်မနေဆင်းရမယ်လို့ ဖိအားပေး တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ အချိန်ပိုခေါ် တာက တနင်္ဂနွေပိတ်ရက်တွေကိုလည်း ခေါ်ပါတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံမှာ အလုပ်သမားအပေါ်မူတည်ပြီး ဖယ်ရီကားတွေ စီစဉ်ပေးခဲ့ပေမဲ့ လက်ရှိမှာ ကြိုပိုယာဉ်တွေ နှစ်စီး တစ်စီးပေါင်းလို့ အလုပ်သမားတွေ တွဲစီးနေရတယ်လို့ ပြောပါတယ်။
“လမ်းကြောင်း လူပြည့်နေလည်း ဖယ်ရီကားတွေကို နှစ်စီး တစ်စီး ပေါင်းတော ပြန်တဲ့အချိန်ဆို ကျပ်ညှပ်ပြီး တွဲစီး ပြန်ရတယ်။ မန်နေဂျာကို ပြောပေမဲ့ စီစဉ်ပေးတာ မရှိဘူး.” လို့ ပြောပါတယ်။
လုပ်ငန်းခွင်အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေထွက်ပေါ်လာတိုင်း စက်ရုံကို သက်ဆိုင်ရာလူကြီးတွေ လာရောက်ကြ
ပေမဲ့ အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
Sunrise Myanmar Fashion Garment စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် (၄) ၊ ကျောက်စိမ်းလမ်းမှာရှိပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိထားပါတယ်။ အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေပြီး BURTLE, ZEROSTAGE တံဆိပ် ဂျပန်အော်ဒါတွေ ချုပ်လုပ်နေတယ်လို့ ပြောထားပါတယ်။









