သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) ခေါင်းဆောင် ဒေါ်မျိုးအေးအပေါ် ရွှေပြည်သာမြို့နယ် တရားရုံးက ချမှတ်ထားတဲ့အမှုနဲ့ပတ်သက်လို့ အယူခံဝင်ရာမှာတိုင်းတရားလွှတ်တော်က ပယ်ချပလပ်လိုက်လို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံ ဆက်တက်ကာတင်ပြသွားမယ်လို့သိရပါတယ်။
ဒေါ်မျိုးအေးဟာ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်တရားရုံး၌ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) အရ ငွေကျပ် သိန်း ၃၀ တန် အာမခံသူနှစ်ဦးဖြင့် ခြောက်လအတွင်း ကောင်းမွန်စွာနေထိုင်ရန် အမိန့်ချမှတ်ခံရပြီး အဆိုပါအမိန့်အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှု (အမှုအမှတ် ၆၈(ခ)/၂၀၂၆) ဖြင့် အယူခံဝင်ခဲ့ခြင်းဖြစ်ပါတယ်။
တရားရုံးအနေနဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ကြားနာစစ်ဆေးမှုအပြီးတွင် အဆိုပါအယူခံအား လက်ခံခြင်းမပြုဘဲ အကျဉ်းနည်းဖြင့် ပလပ်လိုက်တဲ့အတွက် နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
"ပလပ် တယ် လို့ အမိန့်မချ ခင် ထဲ က ပလပ် ခံရမယ် ဆိုတာ ကြိုပြီး ပြောခံ ထားရတော့ ခံစားချက် က ကောင်းမနေဘူး။"လို့ STUM ဦးဆောင်သူ ဒေါ်မျိုးအေးက သူ့ရဲ့အမှုအယူခံတင်တဲ့အကြောင်းကို သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်အကောင့်ကနေပြောပြထားပါတယ်။
ဒေါ်မျိုးအေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာစဉ်က အမှုအားလုံးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုတ်သိမ်းပေးခဲ့တယ် ဆို ပေမယ့်လည်း၊ တရားရုံးက အထူးဥပဒေဖြစ်တယ်လို့ အကြောင်းပြကာ ခြေချုပ်အမိန့်ကို ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများနဲ့အဖွဲ့ဝင်များကမူ ယခုကဲ့သို့ ကန့်သတ်ချက်များ ကင်းလွတ်စေရန်အတွက် အထက်တရားရုံးများသို့ ဆက်လက်ရင်ဆိုင်သွားမယ့်အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြကြောင်းသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)ကဖော်ပြထားပါတယ်။









