NEWS

Straightex အထည်ချုပ် စနေ အောနိုက်၊ တနင်္ဂနွေနေ့ပါ အချိန်ပို ခေါ်ခိုင်း

CoverLogo
550 Views

ရွှေပြည်သာမြို့နယ်၊ Straightex Co.,Ltd  ပိုင် အထည်ချုပ်စက်ရုံက စနေနေ့ အောလင်းနဲ့ တနင်္ဂနွေ အလုပ် ပိတ်ရက်တွေမှာပါ အချိန်ပို လုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခု နိုဝင်ဘာလထဲမှာ အချိန်ပိုတွေ လုပ်ကိုင်ခိုင်းနေတာ ရက်သတ္တပတ် ၂ ပတ် ရှိလာပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ အလုပ်သမားတွေရဲ့ ဆန္ဒကို မမေးဘူး။  အချိန်ပို (OT) တွေ  အတင်းကျပ်ခေါ်တယ်။ အထည် အရေးကြီးတယ် ပြောပြီး အတင်းခိုင်းတာ။  တနင်္ဂနွေပိတ်ရက်လည်း အတင်း ဆင်းခိုင်းတယ်။ မဆင်းရင်လည်း  ခေါင်းဆောင်ပိုင်း တွေက ဆဲပါတယ်။ ပြီးခဲ့ စနေနေ့ကလည်း ည၈ခွဲထိခေါ်ပြီး  တချို့စက်လိုင်းနဲ့ ဌာနတွေဆို အောလင်း ညလုံး ပေါက် ဆင်းရပါတယ်ရှင်။ ညီမတို့လည်း ရွေးချယ်စရာမရှိတဲ့အတွက်၊ ဘာမှ ပြန်ပြောလို့လည်း မရပါဘူး။ OT တွေ ဆက်တိုက်ခေါ်တာ ညီမတို့တွက် စားသောက်ရေး၊ သွားလာရေး အရမ်းခက်ခဲပါတယ်” လို့ အမျိုးသမီး လုပ်သား တဦးက ပြောပါတယ်။

စက်ရုံရဲ့ ပုံမှန် အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပေမဲ့ ပုံမှန် ၂ နာရီ အချိန်ပို လုပ်ကိုင် ခိုင်းတယ်လို့ ပြောပါတယ်။ နိုဝင်ဘာလထဲမှာ ပြီးခဲ့တဲ့ တပတ်ကစပြီး အချိန်ပို ၈ နာရီခွဲအထိ လုပ်ကိုင်ပေးနေရတဲ့ အပြင် စနေ့နေ့မှာပါ ၈ နာရီခွဲ အထိ လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံမှာ စနေအောလင်း ဆင်းပြီးရင် တနင်္ဂနွေနေ့မှာ ဆက်မဆင်းရဘူး။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ စနေမဆင်းတဲ့ အလုပ်သမားတွေက အချိန်ပို ဆင်းပေးရတယ်။ တပတ် နာရီ ၂၀ ထက်ကျော်ပြီး ဆင်းရတယ်။ ပိတ်ရက်မှာပါ ဆက်ဆင်း ရတော့ အဆင်မပြေတာတွေ ဖြစ်တယ်။ အချိန်ပိုကို ၈ နာရီခွဲအထိ ခေါ်တယ်။ ၈ခွဲမှ  ပြန်ရင် အိမ်ကို  ၉နာရီ လောက်မှ ရောက်တာ။ ညီမတို့ လုံးဝအဆင်မပြေပါဘူး။” လို့ အမျိုးသမီး လုပ်သားတဦးက ပြောပါတယ်။

Straightex အထည်ချုပ်စက်ရုံက စက်လိုင်း ၁၄ လိုင်းရှိပြီး လုပ်သား ရှစ်ရာဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို ၆ နာရီခွဲအထိ လုပ်ကိုင်ရတဲ့နေတိုင်း နေ့လယ်နားချိန် အပြီး ကတည်းက အနားမရဘဲ တဆက်တည်း လုပ်ကိုင်ရတယ်လို့လည်း သိရပါတယ်။  

“ည ၈  ခွဲအထိဆိုရင် ၆ ခွဲမှာ ၁၅ မိနစ်ပေးနားတယ်။ ၆ ခွဲဆိုရင်တော့ အနားမပေးဘူး။ အချိန်ပို မဆင်းဘူးလို့ ငြင်းတာနဲ့ အောစူပါ၊ စူပါတွေက ခေါ်တယ်။ ဂရိတ်အဆင့် ချမယ်ဆိုပြီး ပြောတယ်။  ဆဲတယ်။ ဆဲတယ်ဆိုရင် ေ-ာက်တွေပါတွေနဲ့ ဆဲတာ။ ဒါက သူတို့ လက်သုံးစကားလို ဖြစ်နေပြီ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

အထည်စံချိန် မပြည့်ပါက ခေါင်းဆောင်တွေ ရဲ့ အော်ဟစ်ဆဲဆိုတာကို ခံရတာကြောင့် တနေ့ကုန် အပေါ့အပါး မသွားနိုင်ပဲ ချုပ်ပေးရတယ်လို့လည်း ဆက်ပြောပါတယ်။ Straightex အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားတာ ၆ လဝန်းကျင်သာ ရှိသေးပေမဲ့ အခုလို အချိန်ပိုတွေ ခေါ်ယူကတော့ လေးလဝန်းကျင် ရှိလာပြီလို့လည်း အလုပ်သမား တွေက ပြောပါတယ်။ 

Straightex Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ငှက်ပျောတောကျောင်းလမ်း (ကွက်သစ်မှတ်တိုင်အနီး ) မှာ ရှိပါတယ်။  တရုတ်-မြန်မာ ဖက်စပ် စက်ရုံဖြစ်ပြီး လုပ်သား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနဲ့ ပတ်သက်တဲ့ တခြား အချက်အလက်တွေ ကိုတော့ DICA မှာ မတွေ့ရပါဘူး။ စက်ရုံအတွင်း အလုပ်သမား သမဂ္ဂတွေ မရှိသလို WCC အဖွဲ့လည်း ဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပါတယ်။

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026