Sioen Myanmar တွင် ရုံးဝန်ထမ်း ကြိုပို့ယာဉ်တွေ စက်ရုံအတွင်း ထွက်ခွာပြီးမှ အလုပ်သမားတွေမှာ ကြိုပို့ယာဉ်ပေါ် တက်ခွင့်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံက ရုံးဝန်ထမ်းတွေအတွက် ကြိုပို့ယာဉ် ၊ အောစူပါ၊ စူပါတွေအတွက် ကြိုပို့ယာဉ်နဲ့ အလုပ်သမားအတွက် ယာဉ်ပို့ယာဉ်ဆိုပြီး ခွဲခြားထားတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ပြောထားတာပါ။
“ရုံးပိုင်းက ဝန်ထမ်းတွေ လိုက်မဲ့ ကားတွေမှာ ပြည့်ပြီးလို့ ကားထွက်မှ အလုပ်သမားတွေက ကိုယ်စီးရမဲ့ကားကို လိုက်ရှာပြီး တက်ရတယ်။ တစ်ချို့အလုပ်သမားဆိုရင်ကျန်ခဲ့လို့ အချိန်မတော် လမ်းလျှောက် ပြန်ရတာတွေ ရှိတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေရဲ့ ကြိုပို့ယာဉ်တွေမှာ လိုက်ပါသူများပြား ကျပ်တည်းပြီး ကိုယ်ဝန်ဆောင် အလုပ်သမားတွေပါ တွယ်စီးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ယာဉ်မောင်း ကိုယ်တိုင် ဓါးဆောင်ထားလို့ အလုပ်သမားတွေမှာ စိုးရိမ်ကြောက်လန့်နေရတယ်လို့ အလုပ်သမားတွေက ပြောထားတာပါ။
စက်ရုံဘက်က အထည်စံချိန် မတရားတောင်းခံပြီး အလုပ်သမား ၃၀ကျော် စက်လိုင်းကို လိုင်းပေါက်အထည် တစ်နာရီ ၃၆ ထည်ချုပ်ပေးရလို့ အလုပ်သမားတစ်ယောက်ကို နှစ်ပွိုင့်၊ သုံးပွိုင့်အထိ ချုပ်ပေးနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“စံချိန်မပြည့်တာနဲ့ စက်လိုင်းအောချုပ်က ‘ငါလိုချင်တာ စံချိန်အထည်ပြည့်တာ၊ စံချိန်မပြည့်ရင် မရရအောင် အထည်တောင်းမှာပဲ’ လို့ ရုံးခန်းထဲမှာခေါ်ဆူ” တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်လိုင်းမှာ အထည်ပုံစံ အပြောင်းအလဲလုပ်လည်း ရက်စောင့်မစောင့်ဘဲ ချက်ချင်းလိုင်း ပေါက်အထည် စံချိန် တောင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက အချိန်ပို အဖြစ်မနေဆင်းခိုင်းပြီး လုပ်ခကိုတော့ ဥပ့ဒေအတိုင်း ပေးမထားဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“ တနင်္ဂနွေပိတ်ရက် ကို တစ်ရက်မှ မပိတ်ပေးဘူ။ မဆင်း မနေရဆင်းခိုင်းတာ။ အချိန်ပိုကြေးကို ၂ ဆ မပေးဘူး။ ၁၆၈၀၀ ပဲ ပေးတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒေးကြေး ၁၂၀၀၀ ကျပ် သတ်မှတ်ပေးထားပေမဲ့ ဥပဒေပါ ခွင့် ခံစားခွင့် မပေးဘဲ ရက်ပျက်ဆိုပြိး ကျပ် ၅၀၀၀၀ ဝန်းကျင် ဖြတ်တောက်ခံနေရတယ်လို့လည်း ပြောပါတယ်။
“ခွင့်ရက် မရ ခံစားခွင့်လည်း မပေးဘူး၊ စက်ရုံကရုံသစ်ဖြစ်လို့အခွင့်ရေး မပေးထားလို့ ပြောတယ်။ ခွင့်မရတော့ အလုပ်တစ် ရက်ပျက်တာနဲ့ ဒေးကြေးအပါ ၅၀၀၀၀ ကျော် အဖြတ်ခံရတယ်” လို့ ပြောပါတယ်။
Sioen Myanmar Ltd စက်ရုံက မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အိန္ဒိယနိုင်ငံသား ပိုင် စက်ရုံလို့ သိရပါတယ်။ လက်ရှိ အလုပ်သမား၂၀၀၀ ကျော် Sioen တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။









