ဇူလိုင် ၁၇၊ ၂၀၂၆
SINOPROUND Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အထည်စံချိန် ဖိအားပေးတောင်းလို့ နားချိန်တွေမှာပါ ချုပ်လုပ်ပေးနေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောကြားထားပါတယ်။
“သတ်မှတ် အထည်မပြည့်ရင် စူပါတွေက အော်ဟစ် ဆဲဆိုတယ်။ အဲ့ဒါနဲ့ နားချိန်လည်း မနားနိုင်ဘူး ထည်မပြည့်မှာဆိုးလို့ ချုပ်ပေးရတာပဲ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံက အထည်ကြေး (တစ်ကဒ်ကြေး) နဲ့ ပေးထားပေမဲ့ အထည်စံချိန် တစ်နာရီ ၃၀ကနေ ၃၅ထည် အထိတောင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်မှာ နိုင်ငံခြားသား တရုတ်လူမျိုး တွေက တိုက်ရိုက် ခိုင်းစေနေတဲ့အပြင် အောစူပါ၊ စူပါတွေက ဆဲဆို ဖိအားပေးနေတာလို့ ပြောပါတယ်။ ဒါ့အပြင် နေ့စဉ် အချိန်ပို ဆင်းပေးရပေမဲ့ ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေ မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“အချိန်ပို ည ၈ခွဲ/ ၉ခွဲ ခေါ်တယ်၊ ဒီကြားထဲ အောလင်း၊အောနိုက်ပါ ဆင်းပေးရတယ်။ ဆေးခွင့်၊ ရှောင်တခင် ခွင့် ခံစား ခွင့်မရဘူး။ ရှောင်တခင်ခွင့်ယူတာနဲ့ ဒေးကြေး ၁၂၀၀၀ နဲ့ ရက်မှန်ကြေး ငါးသောင်း အဖြတ်ခံရတယ်။ နေမကောင်းလည်း အလုပ်မပျက်ရဲဘူး ။ ခွင့်ယူလည်း ဘာမှ ခံစားခွင့်မှ မရှိတာကို” လို့ အလုပ်သမားတွေက ပြောပါတယ်။
ဥပဒေအရ နစ်နာမှုတွေကို WCC အဖွဲ့က ဝင်ရောက်ပြောဆို တင်ပြပေးတာမျိုးမရှိဘူးလို့လည်း အလုပ်သမား တွေက ပြောပါထားပါတယ်။
“ တကယ်တော့ အလုပ်သမားအများစုက WCC ဆိုတာ ဘယ်သူမှန်း မသိကြဘူး။ ဒီအဖွဲ့ကို စက်ရုံဘက်က ပဲ ရွေးချယ်ထားတယ်။ လုပ်ငန်းခွင်ထဲ ဘာတွေ ဖြစ်ဖြစ်နေ ဘာမှဝင်ပြောပေးတာလည်း မရှိဘူး” လို့ ပြောပါတယ်။
SINOPROUND Garment Co.,Ltd စက်ရုံက အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်ကိုင်နေတဲ့ တရုတ် နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။ စက်ရုံကတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်းမှာ ဖွင့်လှစ် လုပ်ကိုင်နေပါတယ်။









