ဇူလိုင် ၁၀ ၊ ၂၀၂၆
Shwe Myinn Co.,Ltd WASHING FACT ပိုင် ရေလျှော်စက်ရုံမှာ ခေါင်းဆောင်ဆိုက အချိန်ပို မဆင်းနိုင်ပါက အလုပ်က ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ခွင့်မပေးဘဲ ရက်ပျက်ပါက ဌာနနေရော ပြောင်းလဲမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်လို့ အလုပ်သမား တွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ပြောကြားထားတာ ဖြစ်ပါတယ်။
“ရေလျှော်ခေါင်းဆောင်က ‘အချိန်ပိုခေါ်လို့ မဆင်းနိုင်တဲ့ကောင်။ ဘာဆင်ခြေမှပေးမနေနဲ့ ။ အလုပ် နောက်နေ့ လာစရာမလိုဘူး ။ ခွင့်လည်းမပေးဘူး။ အလုပ်ပျက်ချင်ပျက် ပြန်လာဆင်းရင်။ ဌာနချိန်းမှာ။ အဲကြမှ မလုပ်နိုင်ဘူး လာမပြောနဲ့’ ကြိမ်းမောင်း ပြောဆိုတယ်” လို့ ပြောပါတယ်။
စက်ရုံရဲ့ လုပ်ငန်းခွင်ချိုးဖောက်မှုတွေကို အလုပ်သမားရုံးက လာရောက်စစ်ဆေး ခဲ့ရာမှာ အာလုံး မဟုတ်မမှန် တိုင်ကြားတာပါဆိုပြီး အဲဒီ ရေလျှော်ခေါင်းဆောင် ကိုယ်တိုင်က ဖြေကြားခဲ့တာလို့ သိရပါတယ်။ ချိုးဖောက်မှု တွေကို စက်ရုံဘက်က ပြုပြင်ပေးဖို့ မလိုဘူးလို့ ပြောကြားပြီး အလုပ်သမားတွေကို အဲဒီ ရေလျှော်ခေါင်းဆောင်က ဖိနှိပ် ပြောဆို တယ်လို့ ပြောပါတယ်။
“စက်ရုံဘက်က အပြောင်းအလဲကို မျှော်လင့်မနေနဲ့ မန်နေဂျာကိုလည်း ဘာတစ်ခုမှ လိုက်ရော ပေးစရာ မလိုဘူး။ ဒီအတိုင်း ဆက်လုပ်ဆိုပြီးပြောတာ၊ သူက ဌာနပေါင်းစုံ လိုက်ခိုင်းတယ်၊ မလုပ်နိုင်ရင် ထွက် ဆိုတာမျိုး၊ အလုပ်သမား လိုအပ်နေလည် အသစ်မခန့်ဘဲ အလုပ်သမားတွေကို နေရာပေါင်းစုံ ခိုင်းနေတာ”လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံမန်နေဂျာကလည်း အဲဒီ ရေလျှော်ခေါင်းစကားပဲ အတည်ယူပြီး အလုပ်သမားတွေ အဆင်မပြေတာတွေကို ဖြေရှင်းမပေးဘူးလို့ ပြောပါတယ်။ လက်ရှိ ကျွမ်းကျင်ကြေးကို ၁၀၀၀၀ နဲ့ ၁၅၀၀၀ ဆိုပြီး ခွဲကြားပေးထားပြီး အချိန်ပို အောလင်း၊ အောနိုက်က ခေါမြဲတိုင်း ခေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ အချိန်ပို ဆက်တိုက်ခေါ်တယ်။ ဖယ်ရီကို ကားတစ်စီးတည်းနဲ့ ပတ်ပို့တယ်။ အဲဒါနဲ့ အိမ်အပြန် အရမ်းနောက်ကျတယ်။ အိုတီရုံးက လာစစ်တဲ့အချိန်ကြရင်လဲ အိုတီခေါ်မထားဘူးဆိုပြီး လက်မှတ်အတုတွေကို စာရေးမတွေက လိမ်ထိုးထားပြီး စာရင်း ပြတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
Shwe Myinn Co.,Ltd WASHING FACT စက်ရုံ နဝဒေးမင်းကြီးလမ်း၊ ရွှေလင်းဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ် မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် ရေလျှော်စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၁၀၀ ကျော် လုပ်ငန်းနေပြီး လက်ရှိ Pageone, Chapter, Next တံဆိပ်အထည်တွေကို ရေလျှော်ပေးနေတယ်လို့ သိထားပါတယ်။









