NEWS

Sen Yu အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ရပ် တောင်းဆိုနေ

CoverLogo
422 Views

Sen Yu Clothings Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှာ အိုတီကြေးမပေးပဲ  စနေနေ့ အလုပ်ပိတ်ရက်အတွက်ဆိုပြီး အလုပ်ချိန်ကို နာရီအစားထိုးခိုင်းတာတွေနဲ့ တခြားဖိနှိပ်မှုတွေကြောင့် တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“အော်ဒါနည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့  စနေနေ့တိုင်း အလုပ်ပိတ်တယ် ။ တနင်္လာနေ့ ကနေ သောကြာနေ့ အထိ ကြားရက်တွေမှာ အချိန်ပို အိုတီခေါ်တယ်။ ပြီးတော့ စနေနေ့ အလုပ်ပိတ်ရက်တွက်ဆိုပြီး အိုတီကြေးမပေးဘူး။ ဒီအတွက်လည်းပါတယ်” လို့ ပြောပါတယ်။ 


အလုပ်ရပ်တောင်းဆိုမှုသည် ၂၈ရက်နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်မနက်မှာ အလုပ်သမားရုံးက တာဝန်ရှိသူတွေ အစည်းဝေးလုပ်ခဲ့ပေမဲ့ တောင်းဆိုချက်တွေ မရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“မနေ့ကတော့ ဝန်ကြီးဌာနက လာညှိတယ်။ တောင်းဆိုချက် ၁၅ ချက်က တချက်မှ မရဘူး။ အလုပ်သမား တောင်းဆိုချက်တွေ လိုချင်ရင် ဒီနေ့ အလုပ်ဝင်လို့ပြောတယ်။ တောင်းထားတာ ပေးမယ်လို့ မပြောဘူးနော်။ မဝင်ရင် တောင်းဆိုမှု ပြုလုပ်တဲ့ ရက်တွေအတွက် လုပ်ခတွေ ဖြတ်မယ်မလို့ ခြိမ်းခြောက်ထားတယ်။ ညှိပေးတဲ့ ဝန်ကြီးဌာနကို လေးစားမှု မရှိတာ။” လို့ ပြောပါတယ်။ 


လက်ရှိ အလုပ်သမား ၁၀၀၀ ကျော်က အလုပ်ရပ် တောင်းဆိုမှုမှာပါဝင်နေတယ်လို့  မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲချုပ် FGWM ကို အလုပ်သမားတွေတွေက ပြောပါတယ်။


“စက်ရုံက သန့်ရှင်းရေးအလုပ်သမားတွေကို လုပ်ခလစာတန်းတူမပေးဘူး၊  လုပ်အား ခေါင်းပုံဖြတ် ခံရတာ တွေကိုလည်း ညီမတိုတောင်းဆိုနေတယ်။ အခုတောင်းနေတာ ၄ ရက်ရှိလာပြီ အော်ဒါနည်းတယ်လို့ သာပြောတာ စက်ရုံက အထည်စံချိန်ကို နေ့တိုင်း တိုးတောင်းနေတာ။ မလုပ်နိုင်ကြတော့ဘူး။ ပြီးတော့ နေ့စား အလုပ်သမား တွေ လစားမခန့်ပဲ စက်ရုံမှူးနဲ့ မန်နေဂျာက စိတ်မထင်ရင် အလုပ်က ထုတ်ပြစ်တယ်’’ လို့ အလုပ်သမားတွေက ပြောထားပါတယ်။  


Sen Yu စက်ရုံက တစ်နှစ်ကို အနည်းဆုံး ၂ကြိမ် ၃ကြိမ်ထိ အလုပ်သမားတွေ စုပေါင်းတောင်းဆိုမှု ဖြစ်ပွားပြီး တောင်းဆိုမှုမှာ ဦးဆောင်တဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ် ထုတ်တာ၊ ပါဝင်တဲ့အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ၊  အလုပ်သမားအဖွဲစည်းတွေ မဖွဲ့နိုင်အောင် နည်းမျိုးစုံနဲ့ တာစီးတာ၊ WCC ကို စက်ရုံမှူး မန်နေဂျာတို့ စိတ်ကြိုက်ဖွဲစည်းတာတွေ ပြုလုပ်တယ်လို့လည်း ပြောပါတယ်။ 


“ လုပ်ငန်းခွင်ထဲ အလုပ်သမားတွေအတွက် ပြောနိုင်ဆိုနိုင်တာမရှိတော့၊ စက်ရုံက လုပ်အား ခေါင်းပုံ ဖြတ်တာ၊အဓမ္မခိုင်းစေတာ၊ မတရား အလုပ်ထုတ်ခံရတယ်။ ဒါတွေက လတိုင်းဖြစ်နေတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


လက်ရှိ ဒီတောင်းဆိုမှု ပြီးဆုံးပါက အလုပ်ထုတ်ခံရမှာကို အလုပ်သမားတွေက စိုးရိမ်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အမြန်ဖြေရှင်းပေးဖို ဆံန္ဒရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ကာလက ချိုးဖောက်ခံရမှုတွေကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ အလုပ်သမားရုံး က လာရောက် တိုင်ကြားသူတွေကို မောင်းထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက အလုပ်သမားရုံးတွေကို သွားတိုင်တဲ့အခါ မလာနဲ့ဆိုပြီး မောင်းထုတ် တာ။ နင်တို့ စက်ရုံမှာ WCC ရှိတယ်မလား သူတို့ကိုသွားပြီး ဖြေရှင်းခိုင်းဆိုပြီး မောင်းထုတ်တယ်။” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။ 


Sen Yu Clothings Myanmar Co.,Ltd အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး WM BEST CRAET – Fit Tech အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။  စက်ရုံကတော့ ရန်ကုန်မြို့၊လှိုင်သာယာမြိုနယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်းမှာရှိပြီး လုပ်သား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026