NEWS

SDI အထည်ချုပ် စစ်တပ် တပ်စွဲထားပြီး HR မှ ခြိမ်းခြောက်ခိုင်းစေ

CoverLogo
752 Views
 
ငွေပင်လယ်စက်မှုဇုန်က SDI Manufacturing Co.,Ltd အထည်ချုပ်စက်ရုံမှာ စစ်ကောင်စီတပ်ဖွဲ့က အမြဲလိုလို တပ်စွဲထားပြီး စက်ရုံ HR က ခြိမ်းခြောက်ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။
“စက်ရုံ HR က စက်လိုင်းထဲလာတယ်။ ဒီစက်ရုံမှာ လုပ်ရင် ငါတို့တောင်းတဲ့ စံချိန် ရအောင်လုပ်ပေး။ ငါတို့ကို ပြန်ပြောစရာ မလို့ဘူး။ ပြန်ပြောရဲ့တဲ့လူ ပြောကြည့်၊ ချက်ချင်း စစ်တပ်ကို ဖုန်းခေါ်လိုက်မယ်။ ငါက ဘယ်သူမှ ဂရုမစိုတ်ဘူး ဆိုပြီးပြောတယ်။စစ်ကောင်စီတပ်တွေက အမြဲလိုလိုစက်ရုံထဲမှာပဲ။ တစ်ပတ်ကို နှစ် ရက်တစ်ခါ စက်ရုံထဲမှာ လာနေတယ်။ အလုပ်သမားတွေကို အလုပ်ရှင်ကရော စက်ရုံ အုပ်ချုပ်ရေးဘက်က ရော စစ်တပ်နဲ့ ခြိမ်းခြောက်တာ နေတိုင်း၊ အလုပ်သမားတွေမှာ ဘာမှ ပြောလို့ မရတော့ဘူး” လို့ အလုပ်သမာတဦးက ပြောပါတယ်။
စက်ရုံ ရဲ့ HRမန်နေဂျာက အမျိုးသားတဦးဖြစ်ပြီး စစ်တပ်က ထွက်လာတဲ့ စစ်သားဟောင်းလို့ မကြာခဏ ပြောဆိုပြီး စက်ရုံအတွင်း မည်သည့်ကိစ္စမဆို စစ်ကောင်စီတပ်ကို ချက်ချင်းဖုန်းဆက်မယ် ရဲခေါ်မယ်ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်စကား အမြဲပြောဆိုတယ်လို့ သိရပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ ဖုန်းတွေ သိမ်းယူစစ်ဆေးတာတွေ ပြုလုပ်တယ်လို့လည်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သ မားများအဖွဲ့ချုပ် (IWFM)ဆီ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
SDI Manufacturing Co.,Ltd အထည်ချုပ်စက်ရုံမှာ ဂျင်းဘောင်းဘီ ချုပ်လုပ်နေပြီး အထည်စံချိန် တနာရီကို လိုင်းပေါက် ၅၀ အထိ အတင်းအကျပ် ချုပ်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီစံချိန်က အလုပ်သမားတွေ ချုပ်လုပ်နိုင်ဖို့ ခက်ခဲတဲ့ အရေအတွက် ဖြစ်ပြီး စံချိန်မပြည့်ပါက ဆဲဆို ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံအလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်တွေတောင်းတယ်။ ချုပ်ရတာ ဂျင်းဘောင်းဘီ၊ တလိုင်းကို လူ ၃၀ နဲ့ တနာရီ အထည် ၅၀ ကျော်တောင်းတာ၊ တောင်းတဲ့ အထည်စံချိန်မပြည့်ရင်လည်း အော်စူပါ၊ စူပါတွေက အော်ဟစ်ဆဲဆိုတော့တာပဲ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်တဲ့ နေ့စားအလုပ်သမား ဆရာဝန်ထောက်ခံချက် မ ပါဘဲ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းစေပြီး ဥပဒေပါ ခွင့်ရက်တွေ အလုပ်သမားတွေ ခံစားခွင့် မရကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“ခွင့်တွေက ဘယ်လိုခွင့်မျိုးမှ မရတာ။ အလုပ်သမားများ နေထိုင်မကောင်းလို့ ခွင့်ယူမယ်ဆိုရင် HR မန်နေဂျာက ငါစက်ရုံမှာ ဘာခွင့်မှ မပေးဘူးလို့ပြောထားတယ်။ အလုပ်သမားတွေ ခွင့်မရတော့ အလုပ် ရက်ပျက်ဆိုပြီး ဒေးကြေထောက်ပံ့ကြေး ၇၈၀၀ ၊ ရက်မှန်ကြေး ၃၀၀၀၀ အဖြတ်ခံရတာပဲ။ ဒါတင်မဟုတ်ဘူး ၊ ကျွမ်းကျင်ကြေးကို အချိုးကျ ဖြတ်သေးတယ်။ ဒါဆို အလုပ်တစ်ရက် ပျက်တာနဲ့ ကျပ် ၄၀၀၀၀ အထိ အဖြတ်ခံရတာ၊ ဒါကြောင့် ဥပဒေရဲ့ အခွင့်အရေးလည်း ခံစားခွင့်မရဘဲ နစ်နာရတယ်” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံမှာ အလုပ်သမားအရေအတွက်နဲ့ သန့်စင်ခန်း အရေအတွက် မမျှတတာကြောင့် အလုပ်သမားတွေ သန့်စင်ခန်း အသုံးပြုဖို့ အဆင်မပြေ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက SDI Manufacturing Co.,Ltd စက်ရုံမှာ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးက အဓိက ရှယ်ယာရှင်လို့ သိထားပါတယ်။ စက်ရုံကို အမေရိကန်ဒေါ်လာ တစ်သန်းနီးပါး ရင်းနှီးမြှုပ်နှံထားပြီး ၅ နှစ်အတွင်း အထည်အရေအတွက် ၆ သိန်း ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိ HR မန်နေဂျာ တာဝန်ကို ဦးချိုလွင်ဦးဆိုသူ အမျိုးသားက တာဝန်ယူထားတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026