NEWS

OWIC ကတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ် ပိတ်ထားဆဲဖြစ်လို့  အလုပ်သမားတွေ ဆုံးရှုံးမှုဖြစ်ပေါ်

CoverLogo
1K Views

ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေ ကို ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား(OWIC)ထုတ်ပေးရေး လုပ်ငန်းစဉ် ကို အလုပ်သမားဝန်ကြီးဌာန က ဆက်လက်ပိတ်ထားတဲ့ အတွက် ပြည်ပကို လုပ်သားပို့ဆောင်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီတွေနဲ့ အလုပ်သမားတွေ မှာ ဆုံးရှုံးမှု တွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ ရက်က စပြီး OWIC ကတ် လုပ်ဆောင်မယ့် အလုပ်သမားတွေ ကို ပြန်လွှတ်ခဲ့ပြီး OWIC ကတ် ထုတ်ပေးတဲ့ ရုံးတွေ ပိတ်လိုက်တာမှာ လက်ရှိ အချိန်ထိ ပြန်လည် ဖွင့်ပေးခြင်းမရှိသေးသလို ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မျိုးပါ ထုတ်ပြန်ကြေညာတာမျိုး  မရှိသေးဘူးလို့ သိရပါတယ်။ 

 

အခုလို ပြည်ပ လုပ်သား စေလွှတ်ရေး လုပ်ငန်းစဉ် အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ် တစ်ခုကို ပိတ်ထားတဲ့ အတွက် ပြည်ပလုပ်သားစေလွှတ် နေတဲ့ လိုင်စင်ရအေဂျင်စီတွေ အနေနဲ့ အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

 

""အခုက စေလွှတ်ရေး လုပ်ငန်း အကုန် ပိတ်ထားတာ မဟုတ်ဘူး မိန်းကလေး အလုပ်သမားခေါ်စာ တွေ စာချုပ်လို့ရတယ်  OWIC ကတ် ရပြီးသူတွေ လေယာဉ်လက်မှတ် ဖြတ်ပြီး မှ မသွားရဘဲ ပိတ်မိသူတွေကိုတော့ စိစစ်ပြီး နည်းနည်းစီ စေလွှတ်ခွင့်ပေးတယ်၊ ဒါပေမယ့် စာချုပ် ချုပ်ပြီး လို့  OWIC ကတ် မရိုက်ရသေးတဲ့ သူတွေ က ဘယ်တော့ ထွက်ရမယ် မသိသေးဘူး OWIC ရုံးတွေ က ပိတ်ထားတုန်းပဲ အဲ့တော့ တစ်ဖက်က အလုပ်ရှင်က သူလိုအပ်တဲ့ အချိန် လုပ်သားကိုလိုချင်တာ အခု ဒီဘက်မှာက အခြေနေက တွက်လို့မရဘူးဖြစ်နေတော့ သူတို့လိုချင်တဲ့ အချိန် မပို့နိုင်ရင် ဒီလုပ်သားတွေ ကို မခေါ်တော့ဘူးဆိုရင် ကြားက အေဂျင်စီ က အကုန်ရှင်းရမှာ""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

OWICကတ် ထုတ်ပေးရေး ရုံး တွေ ပိတ်ထားတဲ့ အတွက် စာချုပ် ချုပ် ပြီးသား လုပ်သားတွေ မှာလည်း ဆုံးရှုံးမှု တွေ ဖြစ်ပေါ်နေတယ်လို့ ပြည်ပထွက် အလုပ်လုပ်ရန် လုပ်ဆောင်ထားသူ တစ်ဦးကအခုလိုပြောပါတယ်။ 

 

""ညီမက ထိုင်းကို သွားဖို့စာချုပ်ချုပ်ထားတာ ၃ လ ရှိပြီ သင်တန်းတက်ဖို့နဲ့  OWIC ကတ်ရိုက်ဖို့ ပဲ ကျန်တော့တာ အခုအေဂျင်စီ ကလည်း ဝန်ကြီးဌာနဘက်က ဖွင့်တာနဲ့ တန်းရိုက်မှာ မလို့ ပြည် မှာနေတာဆိုတော့ မမီမှာစိုးလို့  ရန်ကုန်မှာ လာနေခိုင်းတာ တပတ်ရှိပြီ စားစရိတ် နေစရိတ်နဲ့ အတော်လေး ကုန်နေပြီ ထိုင်းသွားဖို့ ကိုလည်း ရွာက ခြံ ကိုပေါင်ထားရတာ တကယ်လို့ မသွားဖြစ်ခဲ့ရင် ဆိုတာ တွေးမိတာနဲ့ တင် အတော်လေးစိတ်ပင်ပန်းပါတယ်''လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် ပြည်ပကနေ အကြောင်းအမျိုးမျိုးနဲ့ ခွင့်ဖြင့် ပြန်လာသူတွေ မှာလည်း OWICကတ် ရိုက်မရတဲ့ အတွက် လုပ်ငန်းခွင်ကို အချိန်မီ ပြန်မဝင်နိုင်တာတွေ နဲ့ ငွေကြေးဆုံးရှုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

 

"မလေးကနေအမေနေမကောင်းလို့  ခွင့်နဲ့ ပြန်လာတာ လကုန်ဆိုရင် ခွင့်ကပြည့်ပြီ လေယာဉ်လက်မှတ်လည်း လာကတည်းက တခါထဲ ဖြတ်လာတာ အခုထိ OWIC ကတ် က မဖွင့်သေးဘူး သူဌေးကိုတော့ တပတ်လောက် ခွင့်ထပ်ပေးဖို့ပြောထားတယ် နောက်လ ထဲ မှ မဖွင့်ရင်တော့ ကိုယ့်ကံတရားပေါ့ ကိုယ်ပြန်လာမိတာ ကိုယ့်အမှားပဲ ပြည်ပရောက်နေသူတွေ အရေးကြီးတဲ့ အကြောင်းမဟုတ်ရင် ပြန်မလာတာ ကောင်းတယ် အသိအကိုတစ်ယောက်ဆိုရင် အသက်၃၃နှစ် မို့ ပြန်ထွက်မရတော့ဘူး "လို့ ပြည်ပမှ ခွင့်ဖြင့်ပြန်လာသူလုပ်သားတစ်ဦးကပြောပါတယ်။ 

 

လက်ရှိမှာ ပြည်ပကို လုပ်သားစေလွှတ်ရေးနဲ့ ပက်သတ်လို့ အလုပ်သမားဝန်ကြီးဌာန ဘက်မှ  မူဝါဒ ရှင်းလင်းစွာ ထုတ်ပြန်တာမျိုး မရှိတဲ့ အတွက် အေဂျင်စီတွေ အနေနဲ့ လုပ်ငန်းလုပ်ရခက်နေသလို အလုပ်သမား တွေ နဲ့ လည်း ငွေကြေးအငြင်းပွားမှု ပြသာနာ တွေ ဖြစ်လာစေတယ်လို့ သိရပါတယ်။ 


Related posts

Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026
Cover
မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထိုင်းထီပေါက်
Mar 03, 2026
Cover
ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား၁၅ဦးခန့် ဒဏ်ရာရ
Mar 02, 2026