NEWS

NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ

CoverLogo
668 Views

အရှေ့ဒဂုံစက်မှုဇုန်က NKM အထည်ချုပ်စက်ရုံမန်နေဂျာ အမျိုးသမီးဟာ အလုပ်သမားအမျိုးသမီးတွေ အပေါ် ရိုင်းဆိုင်းပြောဆိုတဲ့အပြင် ဆဲဆိုတာတွေပါ ပြုလုပ်လို့ အရှက်ရနေရတယ် အမျိုးသမီးအလုပ်သမားတွေက ပြောပါတယ်။ NKM အထည်ချုပ်စက်ရုံဟာ ဖွင့်လှစ်တာ လပိုင်းပဲ ရှိသေးပြီး စက်ရုံကိုတော့ တရုတ််နိုင်ငံသားတဦး ပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံကို တရုတ်အမျိုးသမီးတဦး ပိုင်တယ်။ ရိုင်းရိုင်းဆိုင်းဆိုင်း ပြောတယ်၊ ဆဲတယ် ဆိုတဲ့ အမျိုးသမီးက စက်ရုံ မန်နေဂျာ မြန်မာအမျိုးသမီးပါ ။” လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီအထည်ချုပ်စက်ရုံက ဖွင့်လှစ်ထားတာမကြာသေးဘဲ လုပ်သားအင်အား ၂၀၀ ဝန်းကျင် နဲ့ လုပ်ကိုင်နေတယ်လို့ ဆက်ပြောပါတယ်။ စက်ရုံသမဂ္ဂ ဖွဲ့စည်းထားတာမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းဖြေရှင်းရေး WCC ကိုလည်း ဖွဲ့စည်း ထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ ကိုယ်ပိုင် အမှတ်တံဆိပ်ချုပ် လုပ်တာမရှိဘဲ တခြားစက်ရုံတွေကနေ အထည်ယူ ချုပ်နေတယ်လို့ သိရပါတယ်။

“ အလုပ်သမားတွေ ရေသောက်တာတို၊ အပေါ့အပါးသွားတာတို့ဆို့ရင် နင်တို့ ယားတားယားတားနဲ့ ဘာလို့ သွားနေတာလဲ ဆိုပြီး ရိုင်းရိုင်းဆိုင်းဆိုင်းတွေပြောတယ်။ နင်က ဘာေ-ာက်ဆင့်ရှိလို့လဲဆိုပြီးလဲ ဆဲတယ်။ တကယ်ဆို သူလည်း ဝန်ထမ်းပဲ။ အလုပ်သမားတွေအပေါ် သေချာကို ဖိနှိပ် နှိမ်ချတာပါ ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီ အမျိုးသမီးက အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး စက်ရုံတခုလုံး ချုပ်ကိုင်ထားတာကြောင့် ဆဲဆို ရိုင်းဆိုင်း ပြောဆိုမှုတွေကို အလုပ်သမားတွေက တိုင်ကြားခွင့် မရဘူးလို့လည်း ပြောပါတယ်။ အဲလို ဆက်ဆံခံရတာ တွေကြောင့် စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်ခံစားရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“ ရိုင်းရိုင်းဆိုင်းဆိုင်းဆဲတာကလည်း စက်ရုံအလုပ်သမားတွေရှေ့မှာပဲ ပြောခံရတာ။ အဲလို နေ့ဆို ထမင်းစားချင် စိတ်တောင် မရှိတော့ဘူး။ အလုပ်လည်း မလုပ်ချင်တော့ဘူး အဲလိုကို ခံစားရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ထွက်ပါက ပိတ်ရက်အတွက် လုပ်ခလစာတွေကို ဖြတ်တောက်မယ်လို့ အဲဒီ မန်နေဂျာအမျိုးသမီးက ခြိမ်းခြောက်ထားတာကြောင့် အလုပ်သမားတွေမှာ နစ်နာမှုတွေ ဖြစ်ပေါ်နေတာလို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်ဝင်ချိန် ၇ နာရီခွဲဖြစ်ပေမဲ့ ၅ မိနစ်အလိုမှာ လုပ်ငန်းခွင် ဝင်ခိုင်းတဲ့ အပြင် နေ့လည်စာ စားဖို့ နာရီဝတ် ခွင့်ပြုထားတာကိုလည်း ၅ မိနစ်အလိုမှာ လုပ်ငန်းခွင် ဝင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အသည်းအသန် ထမင်းစားရတာပါ၊ လည်ချောင်းထဲမှာ တခါတလေ တစ်နေလို့ ရေတောင် မနည်းမြိုချရပါတယ်” လို့ အလုပ်သမားတဦးက ပြောပြပါတယ်။

စက်ရုံဘက်က ခွင့်မပေးဘဲ ရက်ပျက်ပါက ရက်မှန်ကြေး၊ ဒေးကြေး ၊ ကျွမ်းကျင်ကြေးတွေပါ ဖြတ်တောက် ခံရတဲ့ အပြင် ဂိတ်ပတ်စ်ယူပါကလည်း တရက်လုံး အတွက် လုပ်ခနဲ့ ရပိုင်ခွင့်တွေ အားလုံးဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

“ရက်ပျက်ရင် အကုန်ဖြတ်တာ။ တရက်အတွက်ဆို ၅၀၀၀၀ ကနေ ၆၀၀၀၀ လောက်အထိ အဖြတ်ခံရတယ်။ အရေးကြီးလို့ ဂိတ်ပတ်စ်ကို နေ့တဝတ်ယူရင် တရက်စာဖြတ်တယ်။ နောက် ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေပါ ဖြတ်တော့ ကျွမ်းကျင်အဆင့်ရထားတဲ့သူဆို ပိုနစ်နာတယ် ” လို့ ပြောပါတယ်။

Myanmar Labour News က ရရှိထားတဲ့ NKM Apparel Manufacturing Co.,Ltd အထည်ချုပ် စက်ရုံရဲ့ အချက်အလက်တွေထဲမှာ အလုပ်သမားတွေကို ဒေးကြေး ၆၈၀၀ အမြင့်ဆုံးပေးထားပြီး အနိမ့်ဆုံး ၆၀၀၀ ကျပ် လို့ စက်ရုံဘက်က သတ်မှတ်ထားပါတယ်။ ဒါ့အပြင်ကျွမ်းကျင်ကြေး အနေနဲ့ A+ ကို ကျပ် ၆၀၀၀၀ ကနေ C အဆင့် ကျပ် ၂၀၀၀၀ ဆိုပြီး သတ်မှတ်ထားတာကို တွေ့ရပါတယ်။

NKM Apparel Manufacturing Co.,Ltd အထည်ချုပ် စက်ရုံကတော့ အမှတ် ၁၄၉/A ၊ ကနောင်မင်းကြီးလမ်း၊ အရှေ့ဒဂုံမြို့နယ် ဦးထွန်းမြတ်မှတ်တိုင် အနီးမှာ ရှိတယ်လို့ Myanmar Labour News က သိထားပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026