New Zhoung Hui Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက နေ့စားလုပ်သားအဖြစ် ခန့်အပ်ပြီး ပိတ်ရက်နဲ့ စနေနေ့ အချိန်ပို ၄ နာရီအတွက်ကို လုပ်ခမပေးဘူးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။
“နေ့စားအလုပ်သမားတွေကို ဒေးကြေး ၁၂၀၀၀ နဲ့ ခေါ်ခိုင်းတယ်။ ပိတ်ရက်တွေလည်း ဒေးကြေးမပေးဘူး။ စနေနေ့ဆိုလည်း အချိန်ပို ၄ နာရီအတွက်မပေးဘူး။ ၁၂၀၀၀ နဲ့ပဲ ရှင်းပေးတာ၊ ခေါင်းပုံဖြတ်နေတာ ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ကျင့်သုံးနေဆဲ ၁၉၅၁ ခုနှစ် စက်ရုံများအက်ဥပဒေ အရ အလုပ်သမားတွေရဲ့ တပတ် အလုပ်ချိန်က ၄၄ နာရီဖြစ်ပြီး အဲ့ဒီထက်ကျော်လွန်ပါက အချိန်ပိုလုပ်ငန်း လုပ်ခ အဖြစ် သတ်မှတ်ထား တယ်လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
အလုပ်သမားတွေကို ဆေးခွင့်အပါအဝင် ခွင့်ရက်နဲ့ ခံစားခွင့်မပေးဘဲ ရက်ပျက်ပါက ဒေးကြေး၊ ရက်မှန်ကြေး တွေ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အရေးပေါ်ကိစ္စရှိလို့ ခွင့်တိုင်လည်း ခွင့်မပေးဘူး။ အလုပ်တစ်ရက်ပျက်တာနဲ့ လျှင် ဒေးကြေး ၁၂၀၀၀ ၊ ရက်မှန်ကြေး ၂၅၀၀၀ ဖြတ်တယ်။ ဆေးခွင့်ယူတော့ မဆဲရုံတမယ် မခံနိုင်အောင်ပြောဆိုတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
လက်ရှိ ၆ခွဲအထိ အချိန်ပိုတွေ လုပ်ကိုင်နေရပြီး လိုအပ်လို့ ဆိုပြီး အောလင်း၊အောနိုက်ဆင်းပေးရတဲ့ အပြင် တခါတရံ မဆင်းနိုင်ပါက ဂရိတ်ကြေး ချတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း အလုပ်သမားတွေမှာ အိမ်သာကို ကဒ်နဲ့သွားနေရတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
“တစ်ယောက်သွားနေတဲ့ အချိန်၊ နောက်တစ်ယောက်မသွားရဆိုပြီး စည်းကမ်းထဲထုတ်ထားတယ်။ မဖြစ်မနေ သွားဖို့လိုတဲ့ အချိန်တောင် လိုက်ကြည့်ပြီး ပြောဆိုနေတာလို့ သိထားပါတယ်။
လုပ်ငန်းခွင်ထဲတွင် HR မန်နေဂျာ မရှိသလို WCC အဖွဲ့ဝင်ဘယ်သူဘယ်ဝါ မသိရတဲ့ အခြေအနေကြောင့် လုပ်ငန်းခွင် အခြေအနေတွေကို တင်ပြဖို့ ခက်ခဲနေတယ်လို့လည်း အလုပ်သမားတွေ က ပြောထားပါတယ်။
New Zhoung Hui Co.,Ltd စက်ရုံမှာ အလုပ်သမား ၇၀၀ကျော် လုပ်ကိုင်ပြီး တရုတ်နိုင်ငံသား ပိုင် အထည်ချုပ် စက်ရုံဖြစ်ပါတယ်။ လက်ရှိ ဒေါ်ဖွားရှင်လမ်း၊ ရွှေလင်းဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်မှာ Sinsay တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။









