New Zhong Hui အထည်ချုပ် စက်ရုံက အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ် နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေ့စားအလုပ်သမားအနေနဲ့ လုပ်ကိုင်နေစဥ်အတွင်း အလုပ်ပျက်လို့ မရဘဲ ပျက်ပါက အလုပ်က ချက်ချင်း ထုတ်ပယ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံမှာ အလုပ်ခန့်ပြီဆို နေ့စားပဲ၊ ခေါင်းဆောင်တွေနဲ့ အဆင်ပြေမှ အတည်ပြု အလုပ်သမား ဖြစ်တာ။ အချိန်ပိုကို ညဘက် ၁၀နာရီထိခေါ်လဲ မဆင်းမနေရ ဆင်းပေးရတယ်။ မဆင်းတဲ့ အလုပ်သမားကို ဂရိတ်ကြေးလျော့တယ်၊ အငြိုးထားပြီး အလုပ်ပါထုတ်တာ။ အချိန်ပိုတွေက အောလင်း အောနိုက် နဲ့ တနင်္ဂနွေနေ့တွေပါ မဆင်းချင်ဘဲ ဆင်းနေရတော့တယ်။” လို့ ပြောပါတယ်။
အချိန်ပိုတွေ ဆင်းခိုင်းနေပေမဲ့ စက်ရုံဘက်က ဥပဒေပါ ခွင့်တွေ မပေးဘဲ လုပ်ခလစာ ဖြတ်တောက်သလို လူမှုဖူလုံရေးခွင့်ယူတာကိုပါ ခွင့်မပြုဘူးလို့လည်းလည်း အလုပ်သမားတွေက ပြောပါတယ်။
“ တာဝန်ရှိသူကို ဖုန်းဆက်ပြီး ရှောင်တခင်ခွင့်တိုင်လဲ မရဘူး။ ခွင့်တိုင်ပေမဲ့ ဒေးကြေး ၁၁၀၀၀နဲ့ ရက်မှန်ကြေး၂၀၀၀၀ အဖြတ်ခံရတယ်။ လူမှုဖူလုံရေး ကြေးကို လတိုင်းဖြတ်ယူနေတာလည်း ဆေးခွင့်ယူရင် စက်ရုံဘက်က လုံးဝ မကြိုက်ဘူး” လို့ ပြောပါတယ်။
စက်ရုံဘက်က အလုပ်သမား ၄၀ ဝန်းကျင် စက်လိုင်းကို တစ်နာရီ ဂွတ်ထည် ၄၀ အထိ ထောင်းခံပြီး အဲ့ဒီ အထည်စံချိန်မရပါက စူပါတွေက ဆဲဆို ရိုင်းစိုင်စွာပြောဆိုနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင် အပေါ့အပါးသွားတာ၊ ရေသောက်တာကစပြီး ဖိအားတွေနဲ့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
“လုပ်ငန်းခွင်မှာ တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်နေတယ်။ အိမ်သာသွား၊ ရေသောက်တာ အဆုံး ကြာတယ်ပြောပြီး ဝမ်တိန်ထိုးခိုင်းတယ်။ အိမ်သာသွားဖို့ဆို သွားချိန်နဲ့ ပြန်ချိန်လက်မှတ်ထိုးရတယ်။ အရှေ့မှာ တစ်ယောက်သွားနေရင် နောက်လူက ထွက်ကျနေလဲ သွားခွင့်ဘူး။ စည်းကမ်းကို ထုတ်ထားတယ်။ အိမ်သာကလဲ ညစ်ပတ်ပြီး အနံ့ထွက်နေတာ၊ နောက်အိမ်သာက မလုံလောက်ဘူး၊ တခြားဌာနက အလုပ်သမားတွေ ရှိနေရင် စောင့်ရလို့ ကြာတာတွေရှိရင် HR က စစ်ဆေးတာ နဲ့ ကြုံလို့ကတာ့ ပြောဆိုတာခံရတယ်၊ ဝမ်တိန်ပါ ထိုးခိုင်းတာ။” လို့ ပြောပါတယ်။
စက်ရုံရဲ့ လုပ်ငန်းခွင်ချိုးဖောက်တဲ့ သတင်းတွေ လူမှုကွန်ရက်မှု ဖော်ပြခံရပါက HR ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေ က စက်ရုံမှာ ဘာမှ မဖြစ်သလို့ အကုန်ကောင်းတယ်ဆိုပြီး မှတ်ချက် ရေးသားကြတယ်လို့လည်း အလုပ်သမားတွေ က ပြောထားပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင် စစ်ဆေးမှုတွေကို ဖြေဆိုဖို့ စက်ရုံဘက်က အလုပ်သမား ရွေးချယ် ပေးတယ်လို့လည်း ပြောပါတယ်။
“HRတွေကတော့ အခွင့်ရေးရရင်ပြီးရော တကယ် နစ်နာတွေက အလုပ်သမား ပဲ၊ လုပ်ငန်းခွင်ထဲ စစ်ဆေးရေးလာတော့ လူရွေးထားပြီး ဖြေခိုင်းတယ်၊ စစ်ဆေးရေး စစ်တာပဲ ရှိတာ အပြောင်းအလဲမရှိဘူး၊ ထိရောက်မှုမရှိဘူး” လို့ ပြောပါတယ်။
လုပ်ငန်းခွင်အတွင်းက WCC ဆိုတာလည်း အလုပ်ရှင် စိတ်ကြိုက် လုပ်ကိုင်နေပြီး အလုပ်သမားအရေးအရာတွေ လုပ်ဆောင် ပေးတာမရှိဘူးလို့ ပြောပါတယ်။
“ကျန်တာမပြောတော့ဘူး အိမ်သာလို ကိစ္စတွေ သူတို့လည်း သုံးနေတာ၊ ဒါတောင် မပြေဘူးလေ။ “ လို့ ပြောပါတယ်။
လက်ရှိ WCC အဖွဲ့ကို အလုပ်သမားများတွေက ရွေးချယ်ခဲံတာမဟုတ်ဘံ အလုပ်ရှင်ဘက်ရွေးချယ်ထားလို့ အလုပ်သမားအခွင့်အရေးတွေ ပိုပြီး နစ်နာနေရတာလို့ ပြောထားပါတယ်။
New Zhong Hui Co.,Ltd စက်ရုံ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။ အလုပ်သမား ၈၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး Sinsay အမှတ်တံဆိပ် အထည်တွေချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။









