NEWS

New Plus အထည်ချုပ် စက်လိုင်းကိုင် နိုင်ငံခြားသားက စက်ချုပ်လုပ်သားတဦးအား ကိုယ်ထိလက်ရောက်ပြုမူ

CoverLogo
413 Views
 
New Plus အထည်ချုပ်စက်ရုံက စက်လိုင်းကြီးကြပ်သူ နိုင်ငံခြားသား အမျိုးသမီးတဦးက စက်ချုပ်လုပ်သား တဦးကို ကိုယ်ထိလက်ရောက် ပြုမူခဲ့တယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း စက်လိုင်းကိုင်တဲ့ နိုင်ငံခြားသား အာလုံးက စက်ချုပ်လုပ်သားတွေ အပေါ် ဆိုးသွမ်းတဲ့ ဆက်ဆံမှုတွေ ရှိနေတာလို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။
 
“ လိုင်း ၁ ကနေ ၆ ထိ ကိုင်တဲ့ တရုတ်အမျိုးသမီးက အထည်နဲ့ ဖြတ်ရိုက်လိုက်တာ၊ ချုပ်နေတဲ့ အမက ရှောင်လိုက်တော့ ထိ မသွားဘူး။ လိုင်း ၁ ရှေ့မှာ မို ပတ်တန် ချုပ်တဲ့ ယောက်ျားလေးတွေ ရှေ့မှာ၊ ဝိုင်းကြည့် နေတော့ အဲ့အမက ရှက်တော့ ငိုတာပေါ့။” လို့ ပြောပါတယ်။
 
ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီခွဲ အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အထည်မနိုင်လို့ အခုလို ဖြစ်ပွားခဲ့တာလို့ ကိုယ်တိုင်တွေ့ မြင်တွေ့ခဲ့သူ အလုပ်သမားတဦးက ပြောပါတယ်။
 
လိုင်း ၁ က အထည် စံချိန် အရေအတွက် အများအပြားတောင်းတာကြောင့် စက်လိုင်းအတွင်း အလုပ်သမားတွေမှာ တဦးတည်း ပွိုင့်အများအပြား ချုပ်နေရတာလို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။
 
“အဲ့လိုင်းက ဆုကြေးလိုက်တဲ့လိုင်း၊ အထည်တောင်းတာလည်း များတယ်။ အထည်မနိုင်တာကနေ ဖြစ်တယ် ပြောတယ်။အဲ့ အမ ရဲ့ ပွိုင့်က ချုပ်ပြီးတာနဲ့ အထည်ဖြစ်ပြီ။ ဒါပေမဲ့ သူ့နောက်က ချုပ်တဲ့ သူက နှစ်ယောက်၊ အဲ့နှစ်ယောက်က ထွက်တဲ့ အထည်တွေကို ချုပ်ရတာက အဲ့ အမ ။ အထည် နိုင်ဖို့ ဘယ်လိုမှ မရှိတော့ဘူး။ ဒါကို အထည်မနိုင် လို့ လာပြောတာကနေ လက်ပါတာပါ။” လို့ ပြောပါတယ်။
 
လိုင်းကို တရုတ်အမျိုးသမီးက အထည်အရေအတွက် အများအပြားတောင်းပြီး ပဲထည်ကျလို့ဆိုပြီး အလုပ်သမား တွေကို မကြာခဏ ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနေ ၄ နာရီခွဲ အချိန်က စက်ရုံရဲ့ ခဏနားချိန် ဖြစ်နေတယ်လို့လည်း စက်ရုံအလုပ်သမားတဦး ပြောပါတယ်။
 
“ ဖြစ်တဲ့ အချိန်က ၄ နာရီခွဲဆိုတော့ အချိန်ပိုအတွက် နားချိန်ပဲ။ အဲ့စက်လိုင်းက နားချိန်မပေးလို့ ၊ ဆက်ချုပ် နေလို့ ဖြစ်မယ်။ စက်ရုံကလည်း နားချိန်ပေးတယ် ပြောနေတာ၊ မီးစက်က မပိတ်ဘူး။ မီးစက်မပိတ်တော့ အထည်လိုက်တဲ့ လိုင်းက အလုပ်သမားတွေ နားခွင့်မရတော့ဘူး။ ဆက်ချုပ်ရတော့တယ်။” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက လိုင်း ၁ က အမျိုးသား စက်ချုပ် အလုပ်သမားကို ရက်ပျက်များလို့ ဆိုပြီး အဲဒီ တရုတ်အမျိုးသမီးက အလုပ်က ထုတ်ပယ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အဲ့မောင်လေးက အဖိတ်နေ့ (ဇူလိုင် ၈) က ညနေ ၄ခွဲမှာ နေမကောင်းလို့ ဂိတ်ပတ်စ်နဲ့ ပြန်သွားတယ်။ နောက်နေ့က လပြည့်နေ့။ လပြည့်ကျော် ၁ ရက်နေ့မှာ အလုပ် မလာနိုင်ဘူး။ နောက်ရက် သောကြာ နဲ့ စနေနေ့ အလုပ်လာတယ်။ တနင်္ဂနွေက အလုပ်ပိတ်ပြီး။ တနင်္လာနေ့ အလုပ်ဆင်းလာတော့ မလာနဲ့ဆိုပြီး တရုတ် အမျိုးသမီး က လုပ်ထုတ်လိုက်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လိုင်းအတွင်း ယောကျာ်းလေး စက်ချုပ်သားတွေ ရှိနေပြီး တရုတ်အမျိုးသမီးနဲ့ လိုင်းစူပါက ရက်ပျက်များလို့ အလွယ်တကူ အလုပ်ထုတ်တာတွေ ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“စက်ရုံ အလုပ်သမားတွေကို စူပါတွေ၊ တရုတ်တွေက သူ့တို သဘောနဲ့ အလုပ်ထုတ်ကြတယ်။ ဥပဒေအရ ထုတ်ရင် လုပ်သက် လျှော်ကြေးတွေ၊ နှစ်ကြေးတွေ ပေးရမှာ။ ဒါမျိုးတွေ မပေးဘဲနဲ့ကို အလုပ်ကို အလွယ်တကူ ထုတ်နေတာပါ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာ အလုပ်သမား ဥပဒေတွေ အရ အလုပ်သမားတဦးကို အလုပ်က ရပ်စဲနိုင်ဖို့ အချက် လေး ချက်ရှိဖို့ လိုအပ်ပြီး အဲဒီ အချက်တွေကတော့ အစမ်းခန့်ကာလ၊ ပြစ်ချက်ရှိ မရှိနဲ့ လုပ်ငန်းရပ်စဲခြင်းတွေ ဖြစ်ပါတယ်။
 
“အဲဒီထဲက ပြစ်ချက်ကြောင့်ဆိုရင် ကြိုတင် သတိပေးဖို့လိုတယ်။ စာနဲ့ နှစ်ကြိမ် သတိပေး၊ ထပ်ပြီးချိုးဖောက်ရင် ဝန်ခံကတိလက်မှတ်ထိုးခိုင်းပြီး ၁၂ လအတွင်း ထပ် ဖြစ်ရင်တော့ လျှော်ကြေးမပေးဘဲ အလုပ်ထုတ်နိုင်တယ်။ ၁၂ လအတွင်း ထပ်မဖြစ်ရင်တော့ အလုပ်ထုတ်မရတော့ဘူး။ အဲ့လိုပဲ ပြစ်ချက်မရှိဘဲ အလုပ်ထုတ်ရင် နစ်နာကြေး ပေးပြီး အလုပ်ရပ်စဲရမယ်။ နစ်နာကြေးက လုပ်သက်အလိုက် ပေးရမှာပါ.” လို့ အလုပ်သမားအရေး လှုပ်ရှားသူက ပြောပါတယ်။
 
New Plus အထည်ချုပ်စက်ရုံက ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ရှိပြီး လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026