NEWS

Myanto စက်ရုံမှာ သိန်း ၂ ထောင် ပျောက်ဆုံးတယ်ဟုဆိုကာ စစ်တပ်ခေါ် စစ်ဆေးပြီး အလုပ်သမားအချို့ကို တရားစွဲဆို

CoverLogo
443 Views
 
Myanto Industrial Co.Ltd အထည်ချုပ်စက်ရုံက ငွေပျောက်တယ် ဆိုပြီး စစ်တပ်ခေါ် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်မှာ စက်ရုံ ရုံးခန်းအတွင်း မီးခံသေတ္တာထဲက မြန်မာငွေ သိန်းနှစ်ထောင် ပျောက်ဆုံးတယ်ဆိုပြီး စစ်သားတွေကို ခေါ်ယူခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စစ်သားတွေက အလုပ်သမားတွေကို တစ်ယောက်ချင်းစီ ခေါ်စစ်တယ်။ အဲဒီ ပိုက်ဆံပျောက်လို့ အလုပ်သမား အချို့ကို တရားစွဲတာတွေလည်း လုပ်ထားတယ်။” လို့ ပြောပါတယ်။
 
မီးခံသေတ္တာက စက်ရုံပိုင်ရှင် အခန်းမှာ ထားရှိထားပြီး စက်ရုံအလုပ်သမားတွေ ဝင်ရောက်ခွင့်မရှိတဲ့ အခန်းဖြစ် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီလို ငွေကြေးပျောက်ဆုံးပြီးနောက် အလုပ်သမားတွေကို အလုပ်ရှင်က စောင့်ကြည့်မှု ပြုလုပ်နေတယ်လို့ ပြောပါတယ်။
"CCTV တွေ နေရာအနှံ့ရှိနေတယ်။ သူဌေးအခန်းထဲလဲ အလုပ်သမား ဝင်ခွင့်မရှိဘူး။ အခု အလုပ်သမား တစ်ယောက်ချင်းစီကို သူခိုးလိုလို စောင့်ကြည့်နေတော့ အလုပ်သမားတွေ အလုပ်လုပ်ရတာ စိတ် အနှောက်အယှက် ဖြစ်ရတယ်" လို့ ပြောပါတယ်။
 
Myanto စက်ရုံ အလုပ်သမားတွေကို အထည်စံချိန် အများအပြားတောင်းခံပြီး မပြည့်ပါက လစာဖြတ်တာ ဆဲဆိုတာတွေပါ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"စက်လိုင်းတစ်လိုင်းကို တစ်နာရီကို ဘောင်းဘီအထည် ၅၀၀ ကျော်အထိ တောင်းတယ်။ အောစူပါ၊ စူပါတွေ တောင်းတဲ့ စံချိန်မပေးနိုင်ရင် အော်ဟစ် ဆဲတယ်။ ပွိုင့်ချိန်းပြီး နေရာပြောင်းခိုင်းတယ်။ အငြိုးအတေးထားပြီး ခိုင်းတယ်။ ဘောတွန်စူပါကဆို တောင်းတဲ့ စံချိန်မပေးနိုင်ရင် လစာထဲက ဖြတ်မယ်လို့ မီတင်မှာ ပြောတယ်” လို့ ပြောပါတယ်။
 
စက်လိုင်း ၆ နဲ့ ၇ က စူပါတွေက အော်ဟစ်ဆဲဆိုတာ ပိုဆိုးပြီး ၊ အဲ့လို အော်ဟစ်ဆဲဆိုလို့ ထမင်းစား နားချိန်မှာပဲ အလုပ်ထွက်သွားတဲ့ အလုပ်သမား အချို့ ရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက် က ရှောင်တခင် ၊ ဆေးခွင့် မပေးဘဲ ရက်ပျက်ပါ လစာဖြတ်တောက်မှုတွေ ရှိတဲ့ အပြင် လုပ်ခလစာ ခွဲခြားမှုတွေကြောင့် လုပ်ခနစ်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရက်ပျက်တာနဲ့ ငါးသောင်းကျော် အဖြတ်ခံရတယ်။ စူပါနဲ့ အဆင်ပြေရင် ကျွမ်းကျင်ကြေးထည့်ပေးတယ်။ အဆင်မပြေရင်တော့ မရဘူးပေါ့.” လို့ ပြောပါတယ်။
 
ဒါ့အပြင် အောစူပါချုပ်နဲ့ မန်နေဂျာက အလုပ်သမားတွေ အပေါ် ခွဲခြားဆက်ဆံပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြောဆိုလေ့ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အောချုပ်ကတော့ သူ ကိုယ်တိုင် ရှေ့နေ။ သူ့ အစ်ကိုနဲ့ အဖေက စကစ ဝန်ထမ်း ။ သူဌေးက သူ့ကို လုပ်ကိုင်ခွင့် ပေးထားတယ်ဆိုပြီး ခြိမ်းခြောက်တာ ။ စက်ရုံ မန်နေဂျာအသစ်ကတော့ "ငါကို ပြန်ပြောစရာမလိုဘူး။ ငါက မန်နေဂျာ၊ နင်တို့နဲ့ အဆင့်အတန်းမတူဘူး” ဆိုပြီး ပြောတယ်” လို့ ပြောပါတယ်။
 
Myanto Industrial Co.Ltd စက်ရုံက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေပြီး Springfield နှင့် LC Waikiki အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026
Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026