NEWS

Myanmar Qi Yuan အထည်ချုပ်စက်ရုံ အောစူပါ အလုပ်သမားများ၏ ဆုကြေးနှင့် လစာများအား ဖြတ်ယူနေ

CoverLogo
1.1K Views

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်  ၁၊ သံချက်ဝန် ဦးညွှန့်လမ်းက Myanmar Qi Yuan အထည်ချုပ်စက် အမှတ် ၂ က Finishing အော်စူပါ (All Super) ဆိုသူက အလုပ်သမားတွေရဲ့ လစာ အစွန်းထွက် ငွေတွေနဲ့ ဆုကြေးငွေ တွေကို ဖြတ်ယူ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“သူ ဖြတ်ယူနေတာ ၄ ခါရှိပြီ ၊ မန်နေဂျာတွေ ၊စက်ရုံပိုင်ရှင်တွေကိုလည်း တရုတ်ဆိုတော့ စကားပြန်နဲ့ ပြောရရင် တိုင်တဲ့သူကို သိမှာ။ ဒါကြောင့် အကြောင်းမကြားရဲဘူး။ ၁၀ လပိုင်းထံမှာ ဆုကြေး တယောက်ကို ၅၀၀၀ နီးပါး ရတယ်။ အဲဒါကို အလုပ်သမားတွေကို အသိမပေးဘဲ ၄၀၀၀ ပဲ ပေးပြီး တယောက်ကို  ၉၀၀ ကျော် ဖြတ်ယူထား တယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

တရုတ်နိုင်ငံသားပိုင် Myanmar Qi Yuan အထည်ချုပ်ရုံ ၂ ရဲ့ Finishing ဌာနမှာ အလုပ်သမား ၈၀ ကျော်ရှိပြီး ဌာန  ၃ ခုနဲ့ ဖွဲ့စည်းထားတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ အလုပ်သမားတွေရဲ့ ငွေကြေးကို ဖြတ်ယူ နေတဲ့ Finishing ဌာနရဲ့အောစူပါကတော့ သက်လတ်ပိုင်း အမျိုးသမီးတဦးဖြစ်ပြီး စက်ရုံလုပ်သက်  ၃ လ လောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။ 

“ ၉ လပိုင်း လအလယ်လောက်မှာ အလုပ်သမားတွေ ဆုကြေး ရတယ်။  ဌာနမှာ  ၈၀ ကျော် ဆိုတော့ ခုနှစ်သောင်း ကျော် လောက်ရှိပါတယ်။ ဒီပိုက်ဆံ အောစူပါက မပေးဘဲ ဖြတ်ထား လိုက်တယ်။ ၉ လပိုင်းလကုန်တော့ လစာ တွေထဲက အစွန်းထွက်ကို  အကုန်ဖြတ်ယူပြန်တယ်။ နောက်မှ  မီတင် (meeting) ခေါ်တယ်။  ကထိန်အတွက် ဖြတ်ထားတာဆိုပြီး ပြောပြန်တယ်။ ၁၀ လပိုင်း လစာထပ်ယူပြန်တယ်။ အလုပ်သမားတွေက ပြောမှ မီတင်ခေါ်ပြီး ၁၀ လပိုင်းကနေ သုံးလပိုင်းအထိ လစာအစွန်းထွက်ကို ဖြတ်ယူမယ် ။ အဲဒီငွေတွေက သင်္ကြန် အတွက်ဆိုပြီး ပြောလာတယ်။” လို့ အလုပ်သမားတွေက ရှင်းပြပါတယ်။ 

အထည်ချုပ်စက်ရုံတွေ လစာရှင်းရာမှာ ပထမအကြိမ် အစွန်းထွက်တွေကို ချန်ထားလေ့ရှိပြီး နောက် ၂ ရက် လောက်မှသာ အဲဒီ အစွန်းထွက်တွေကို ရှင်းလင်းပေးတာ ဖြစ်လို့ အလုပ်သမားတွေရရှိတဲ့ အစွန်းထွက်တွေကို ဖြတ်ယူနိုင်တာ ဖြစ်တယ် လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေရဲ့ ငွေကြေးတွေကို ရယူ တာနဲ့ပတ်သက်ပြီး မကျေနပ်သူရှိပါက အဲဒီ အောစူပါဆိုသူက တွေ့ဆုံပြောဆိုမယ်ဆိုပြီးလည်း ခြိမ်းခြောက် ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“သူ့ ဒီဌာနမရောက်ခင်က အလုပ်သမား တရာကျော်ရှိတယ်။ အဲလိုတွေသူက အလုပ်သမားတွေရဲ့တွေကို ဖြတ်ယူ လို့ ၊ ခြိမ်းခြောက်လို့၊ အိုတီတွေ အများကြီးခေါ်လို့ ထွက်သွားကြတာပဲ အလုပ်သမား  ၂၀ ကျော် ရှိတယ်။ ဖြတ်ယူ တာ ဌာနထဲက အလုပ်သမားတွေ အားလုံး သဘောတူမှ ယူထားလို့ရမှာ ။ အများပိုက်ဆံဆိုတာ ပွင့်ပွင့်လင်းလင်း စာရင်းဇယားနဲ့ ချပြဖို့လည်း လိုတယ်။  “ လို့ ပြောပါတယ်။ 

Myanmar Qi Yuan အထည်ချုပ်ရုံ ၂ Finishing ဌာနရဲ့အောစူပါဟာ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်း တာတွေ မရှိဘဲ အချိန်ပို ညနက် ၁၂ အထိ ခေါ်ယူတဲ့အပြင် အနားမပေးဘဲ နောက်တနေ့ ဆက်တိုက် ဆင်းခိုင်း တာတွေ ပြုလုပ်ခဲ့တဲ့အပြင် “ဒီည နိုက်မဆင်းရင် နောက်နေ့ တယောက်မှ မလာနဲ့” ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဌာနက အမတယောက်က နေလည်းမကောင်းဘူး ။ ဆေးခန်းသွားချင်လို့ ။ ညနေ ၆ ခွဲ ပြန်ပါစေလို့ ပြောတဲ့ အလုပ်သမားကို အောစူပါက “နင်တိုးဆင်းနိုင်ရင် ဆက်လုပ် ၊ မဆင်းနိုင်ရင် အလုပ်ထွက်” လို့ ပြောခဲ့တယ်။ အဲ့အမက နေမကောင်းနေတဲ့ အချိန်မှာပဲ အလုပ်ထွက်သွားရတယ်။” လို့  ပြောတယ်။ 

အချိန်ပိုလုပ်ကိုင်ဖို့ အလုပ်သမားတွေရဲ့ ဆန္ဒက အရေးပါပေမဲ့ အောစူပါရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မဖြစ်မနေ ဆင်းခဲ့ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ကြီးကြပ်ရေးမှူး(အောစူပါ)တွေကြောင့် လုပ်ငန်းခွင် သာယာမှုမရှိဘဲ စက်ရုံနဲ့ အလုပ်သမား နှစ်ဖက်စလုံး ကောင်းမွန်းတဲ့ အလားလာမရှိဘူးလို့ အလုပ်သမားတွေ ဆက်ပြောပါတယ်။

“အချိန်ပိုမဆင်းတော့ ခြိမ်းခြောက်တယ်။ အလုပ်သမားတွေရဲ့ ငွေကြေးကိုဖြတ်တယ်ဆိုတာနဲ့ အလုပ်သမား တွေ က ဒီလို စက်ရုံကို မလုပ်ချင်တော့ဘူး။ ထွက်ကြတာပဲ။ အလုပ်သမားက အလုပ်အကိုင် ဆုံးရှုံးတယ်။ စက်ရုံက ကျွမ်းကျင်သူတွေဆုံးရှုံးတယ်။  ဒီလို ကြီးကြပ်ရေးမှူးကို ခိုင်းနေတယ်ဆိုတာနဲ့ စက်ရုံကို ဘယ်သူ့မှ မယုံ တော့ဘူး  ။ နာမည်လည်း ပျက်သွားပြီ။ စက်ရုံနာမည် ပျက်တာနဲ့ ပိုင်ရှင်လည်း နစ်နာတာပဲ။ လက်ရှိ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့  အောစူပါကိုလည်း သေချာ ထိန်းကျောင်းစေချင်တာပါပဲ ” လို့ စက်ရုံ အလုပ်သမား တဦးက ပြောပါတယ်။ 

Myanmar Qi Yuan အထည်ချုပ်ရုံမှာ ရုံခွဲ နှစ်ရုံရှိပြီး သံချက်ဝန် ဦးညွှန့်လမ်းက စက်ရုံ ကတော့ ရုံအမှတ် ၂ ဖြစ်ကာ အလုပ်သမား ၅၀၀ နီးပါးလုပ်ကိုင်နေတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026