NEWS

မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်

CoverLogo
86 Views

အလုပ်သမားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးရခြင်းဟာ အလုပ်သမားထုရဲ့ အခွင့်အရေးဆုံးရှုံးရတာလို့ခံယူချက်မျိုးထားဖို့လိုအပ်သလို ကျွန်တော်တို့အလုပ်သမားခေါင်းဆောင်သခင်ဖိုးလှကြီးပြောခဲ့တဲ့  စကားတစ်ခွန်းလေး အဆွေတို့ အခုအဆွေတို့ရဲ့ဘ၀ကိုမြှင့်တင်ပေးမဲ့တိုက်ပွဲကြီးစနေပါပြီ။  ဒီတိုက်ပွဲကတစ်ဦးတစ်ယောက်တည်းရဲ့ အခွင့်အရေးတိုက်ပွဲမဟုတ်ဘူး။ အဆွေတို့ဘ၀တူအလုပ်သမားအားလုံးရဲ့တိုက်ပွဲဖြစ်တယ်လို့ဆိုသလို မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်။  

အလုပ်သမားတစ်ဦး( သမဂ္ဂအဖွဲ့ဝင်)  

၁။ (၁)၂၀၂၄ ခုနှစ်မှာကျရောက်မဲ့ ၁၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ၊ မေဒေးနေ့အထိမ်းအမှတ်တွက် အလုပ်သမားထုကို ဘယ်လို သတင်းစကားပါးချင်ပါသလဲ။

၂၀၂၄ မှာကျရောက်မဲ့ ၁၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မေဒေးနေ့ကိုကြိုဆိုပါတယ်။ ထို့အတူ အလုပ်သမားအခွင့်အရေးတွက် ခေတ်အဆက်ဆက်ကတိုက်ပွဲ၀င်ပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ ယခုလက်ရှိနွေဦးတော်လှန်ရေးမှာပါ အလုပ်သမားအခွင့်အရေးအတွက်  တိုက်ပွဲ၀င်ရင်းကျဆုံးသွားတဲ့ အလုပ်သမားခေါင်းဆောင်များနဲ့ ထောင်ထဲမှာအကျဉ်းကျခံနေရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို ဦးညွှတ်ပြီးဂါ၀ရပြုပါတယ်။ ဒီကနေ့ အလုပ်သမားနဲ့ပတ်သက်ပြီးဖြေပေးရခြင်းဟာ  ကျွန်တော့်တစ်ဦးတစ်ယောက်တည်းရဲ့အတွေးနဲ့ရှု့ထောင့်ကနေဖြေပေးရခြင်းဖြစ်ပါတယ်။ အလုပ်သမားအားလုံးကျန်းမာပါစေ။ ရင်ဆိုင်နေရတဲ့ စစ်ဘေးဆိုးတွေကပ်ဘေးဆိုးတွေကနေ  အမြန်ဆုံးလွတ်မြောက်ကြပါစေ။ဘယ်လိုအခက်အခဲပဲရင်ဆိုင်ရပါစေ  စိတ်မပျက်ကြပါနဲ့အားတင်းပြီးတောင့်ခံပေးထားပါလို့ သတင်းစကားပါးချင်ပါတယ်။ 

၂။ လက်ရှိ ပြည်တွင်းပြည်ပ မှာရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားထုအနေနဲ့ ဘာတွေရင်ဆိုင်နေရပါသလဲ။

ပြည်ပကိုရောက်ရှိနေတဲ့အလုပ်သမားတွေနဲ့ပတ်သက်ရင် MoUစနစ်နဲ့တရား၀င်လာကြတာနဲ့ အောက်လမ်းကနေတရားမ၀င်လာကြတာနှစ်မျိုးရှိပါတယ်။ MoUစနစ်နဲ့တရား၀င်လာကြတဲ့သူတွေဟာဆိုရင် စာချုပ်နဲ့လာကြတာဆိုပေမဲ့  အေဂျင်စီတွေရဲ့ တာ၀န်ယူမှုအားနည်းတာကြောင့် ပြည်ပကိုရောက်တဲ့အခါ စာချုပ်ထဲကအလုပ်နဲ့ လုပ်ငန်းခွင်လွဲတာကြုံရတယ်။ လုပ်ခလစာရော နေရာထိုင်ခင်းအစစအရာရာအဆင်မပြေတာတွေရှိတယ်။ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်  ပြည်ပအလုပ်ရှင်တွေကရွှေ့ပြောင်းအလုပ်သမားတွေကိုနှိမ်တယ်။ တရားမ၀င်၀င်တဲ့အလုပ်သမားတွေဆိုရင် အထောက်အထားအစုံလင်မရှိသေးလို့ အလုပ်ရှာရခက်တယ်။ အလုပ်ရှင်တွေကမလိုချင်ကြဘူး။ ပွဲစားတွေရဲ့ငွေကြေးလိမ်လည်မှုတွေခံရတယ်။ ရဲဖမ်းလို့ပြေးရတယ်။ စာအုပ်အရောင်စုံအောင်လုပ်ရတယ်။ မြန်မာနိုင်ငံကတက်လာတဲ့ အလုပ်သမားတွေဟာ လမ်းခရီးစရိတ်နဲ့စာအုပ်စရိတ်တွေကြောင့် နှစ်နှစ်လောက်က နလန်မထူနိုင်ဘဲတော်တော်ရုန်းကန်ကြရတယ်။ ဒါကြောင့် ပြည်ပအလုပ်သမားတွေဟာ  နှိုင်ငံရေးတည်ငြိမ်ခဲ့ရင်သို့မဟုတ် နှစ်နိုင်ငံဆက်ဆံရေးအဆင်ပြေခဲ့ရင်  အလုပ်သမား၀န်ကြီးဌာနက အထောက်အထားတွေ လုပ်ခလစာတွေသင့်တော်ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ 

(၃)စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံအလုပ်သမားထုရဲ့မေဒေးအခမ်းအနားကို လက်ရှိမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ဆင်နွှဲနေကြပါသလဲ။

စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံအလုပ်သမားထုရဲ့မေဒေးအခမ်းအနားကို လက်ရှိမှာတော့အရင်လိုပွဲတွေလုပ်ဖို့ အခွင့်အရေးမရတော့ဘူးပေါ့နော်။ စစ်အာဏာရှင်ကလုပ်တဲ့မေဒေးအခမ်းအနားဆိုရင်တော့ ဖော်ရှိုးပွဲတွေဖြစ်ပြီးအတုယောင်ပွဲတွေပဲဖြစ်မှာပါ။ ဒါပေမဲ့ အခြားအဖွဲ့အစည်းတွေအနေနဲ့ကတော့ သူတို့ရောက်ရှိရာနေရာကနေ နိုင်တဲ့ဘက်ကနေပုံစံအမျိူးမျိုးနဲ့ဆင်နွဲနေကြပါတယ်။ ကျွန်တော့်အနေနဲ့လည်း လိုင်းပေါ်ကနေပဲ တော်လှန်မေဒေးနေ့ကိုနှစ်စဉ်နှစ်တိုင်းဆင်နွှဲနေပါတယ်။ 

(၄)ကိုဗစ်နဲ့ အာဏာသိမ်းမှုတွေကြောင့် အလုပ်သမားထုအနေနဲ့ ဘာတွေဆုံးရှုံးသွားခဲ့ရပါသလဲ။

ကိုဗစ်ကာလတုန်းက စက်ရုံအလုပ်ရုံတွေပိတ်ကြရတယ်။ အလုပ်ရှင်တွေက အလုပ်သမားတွေကို လုပ်ခလစာတွေလျှော့ချပြီးပေးကြဆိုတော့ အလုပ်သမားတွေကအခွင့်ရေးတွေက ပိုပြီးဆုံးရှူုံးကြရတယ်။ တစ်ဖက်ကလည်း ကုန်စျေးနှုန်းတွေမြင့်တက်မှုတွေကြောင့်  အလုပ်သမားတွေကဒီထက်ပိုကြပ်တည်းကြတယ်။ အဲ့ဒီအချိန်မှာပဲ စစ်အာဏာသိမ်းလိုက်တော့ အလုပ်ရှင်တွေက စစ်အာဏာနဲ့ပေါင်းပြီးအလုပ်သမားတွေအပေါ် ပိုပြီးဂုတ်သွေးစုပ်လာတယ်။ အခွင့်အရေးတွေပိုယူလာကြတယ်။ အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေအပေါ် ဖမ်းဆီးတာတွေသတ်ဖြတ်တာတွေပါလုပ်လာကြတော့ အလုပ်သမားတွေဟာအ အလုပ်သမားအခွင့်အရေးဆုံးရှူံးတာတင်မကဘဲ  လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေပါဆုံးရှုံးလာခဲ့ကြပါတယ်။ 

(၅)ဖူလုံသောလုပ်ခ သင့်တင့်သောလုပ်ခလစာ  ကောင်းမွန်သောလုပ်ငန်းခွင်ဆိုတဲ့ ရည်မှန်းချက်တွေက မြန်မာလုပ်သားထုအတွက် အလှမ်းဝေးနေသေးတယ်လို့ ထင်မြင်ပါသလား။ 

ဖူလုံသောလုပ်ခ သင့်တင့်သောလုပ်ခလစာဆိုတာ ကျွန်တော်တို့နိုင်ငံက အာဏာမသိမ်းခင်ကတည်းက ပြဌာန်းထားတဲ့ ကောင်းမွန်သောလုပ်ငန်းခွင်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ဥပဒေတွေကလည်း မူလ ကတည်းကရှိတာပါ။ ချမှတ်ထားတဲ့မူနဲ့ဥပဒေတွေကကောင်းပေမဲ့  လူတွေကမကောင်းခဲ့တော့ အလှမ်းဝေနေသေးပါတယ်။ 

(၆)။ လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မြန်မာလုပ်သားထုအနေနဲ့ ဘယ်လို စိန်ခေါ်မှုနဲ့ အခက်အခဲတွေရင်ဆိုင်နေရပါသလဲ။

လက်ရှိမြန်မာအလုပ်သမားထုအနေနဲ့ အလုပ်ရှင်တွေကအလုပ်သမားတွေအပေါ် ပေးရမဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ကြုံတွေ့နေရတာတွေရှိသလို အဲ့ဒီကြုံတွေ့နေရတာတွေအပေါ် တရားမျှတစွာဖြေရှင်းပေးနိုင်မဲ့ အစိုးရယန္တရားရှိမနေဘူး။  လက်ရှိစစ်အာဏာရှင်က အလုပ်သမားဘက်မှာမရှိပါဘူး။အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့အလုပ်သမားအခွင့်အရေးဆူံးရှုံးမှုတွေအပေါ်မှာ အကူညီတောင်းခံရမဲ့ အလုပ်သမားအဖွဲ့အစည်းတွေကလည်း ရှိမနေနိုင်တာကြောင့်  အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက်ကြောင့်သာ အလုပ်လုပ်နေရတာဖြစ်တာကြောင့် အလုပ်သမားတွေက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပါတယ်။ 

၇။ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အလုပ်သမားထုအနေနဲ့ ဘယ်လို ခံယူချက်မျိုးနဲ့ တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါသလဲ။

ကျွန်တော်တို့အလုပ်သမားတွေက ကိုယ်ပိုင်အလုပ်ကိုမလုပ်နိုင်သရွှေ့ သူများဆီမှာလုပ်နေရသမျှ အလုပ်ရှင်အလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြဿနာတွေက  အကြောင်းအမျိုးမျိုးကြောင့်နဲ့ကြုံတွေ့ကြရမှာပါ။ အဲ့ဒီလိုကြုံတွေ့လာခဲ့ရင် ရှောင်မပြေးဘဲ သတ္တိရှိရှိနဲ့ရိုးသားစွာနဲ့ အဖြေရတဲ့အထိ  ရင်ဆိုင်ရဲပြီးဖြေရှင်းနိုင်ဖို့လိုပါတယ်။ အလုပ်သမားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးရခြင်းဟာ အလုပ်သမားထုရဲ့ အခွင့်အရေးဆုံးရှုံးရတာလို့ခံယူချက်မျိုးထားဖို့လိုအပ်သလို ကျွန်တော်တို့အလုပ်သမားခေါင်းဆောင်သခင်ဖိုးလှကြီးပြောခဲ့တဲ့  စကားတစ်ခွန်းလေး အဆွေတို့ အခုအဆွေတို့ရဲ့ဘ၀ကိုမြှင့်တင်ပေးမဲ့တိုက်ပွဲကြီးစနေပါပြီ။  ဒီတိုက်ပွဲကတစ်ဦးတစ်ယောက်တည်းရဲ့ အခွင့်အရေးတိုက်ပွဲမဟုတ်ဘူး။ အဆွေတို့ဘ၀တူအလုပ်သမားအားလုံးရဲ့တိုက်ပွဲဖြစ်တယ်လို့ဆိုသလို မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်။  

၈။ ဆက်လက်ကိုင်ဆွဲထားရမဲ့ မေဒေးတောင်းဆိုမှုတွေက ဘယ်အချက်တွေဖြစ်မလဲ။

ဆက်လက်ကိုင်ဆွဲရမဲ့ မေဒေးတောင်းဆိုမှုတွေက  ၁။ဖူလုံသောလုပ်ခ သင့်တင့်သောလုပ်ခလစာကို ပြည်ပနိုင်ငံများနဲ့အညီပေးရန်။ ၂။အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရန်။ ၃။ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်။  စစ်အာဏာရှင်စနစ်အမြန်ကျဆုံးမှသာလျှင် စစ်မှန်သောတရားဥပဒေစိုးမိုးရေးကိုရရှိပြီး အလုပ်သမားတို့ရဲ့တောင်းဆိုမှုတွေ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်  ဒီတော်လှန်ရေးပြီးဆုံးတဲ့အထိ အလုပ်သမားတွေရော ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရော နိုင်ငံသားတိုင်းအားလုံးက ဝိုင်း၀န်းကြိုးစားကြဖို့လိုအပ်ပါတယ်။ 

(၉)။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

နောက်ဆုံးဖြည့်စွက်ပြောရရင် ဒီနွေဦးတော်လှန်ရေးနဲ့ အာဏာရှင်စနစ်ဆိုးကိုအမြစ်ပါချိုးဖို့ အားလုံးကပုံစံအမျိုးမျိုးနဲ့ကြိုးစားနေကြတာပါ။ ပြောင်းလဲလာမဲ့အစိုးရသစ်နဲ့အနာဂတ်သစ်ကို ကျွှန်တော်တို့အလုပ်သမားထုက ကြိုဆိုကြမှာပါ။ လူလည်းကောင်းရမယ် မူလည်းကောင်းရမဲ့အစိုးရသစ်ကို ကျွန်တော်တို့လိုချင်ပါတယ်။ အလုပ်သမားတွေက စီးပွားရေးသမားတွေနဲ့တစ်ကိုယ်စာလုပ်စားနေတဲ့  နိုင်ငံရေးသမားတွေအတွက် ချနင်းရမဲ့မြေစာပင်တွေမဟုတ်ဘူးဆိုတာ သိထားပေးကြပါ။ ဒါကြောင့် နိုင်ငံသစ်ပြန်လည်တည်ထောင်တဲ့အခါ တော်တတ်မှန်ကန်တဲ့သူတွေကိုသာနေရာပေးပြီး  လက်တွေ့ကျကျအကောင်ထည်ဖော်ဆောင်ရွက်ပေးပါလို့ အလုပ်သမားထုကိုယ်စား ကျွန်တော်တောင်းဆိုချင်ပါတယ်။


Related posts

Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့်အလမ်းဆိုင်ရာအချက်၃ချက်​တောင်းဆို
May 03, 2024
Cover
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"
May 01, 2024
Cover
မေဒေးနေ့မှာ အဓိကတောင်းဆိုချင်တာက အ​နည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ရယ် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိဖို့အတွက် တောင်းဆိုချင်ပါတယ်
May 01, 2024
Cover
အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်
May 01, 2024
Cover
သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ
May 01, 2023
Cover
အသက်အရွယ်က လုပ်ငန်းခွင်ကိုထိခိုက်နိုင်လား။
May 01, 2023
Cover
ဒီနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့တောင်းဆိုချက်တွေမျှော်မှန်းချက်တွေမရရှိသေးဘူး။
May 03, 2022