Myanmar Handsome အထည်ချုပ်စက်ရုံ က အချိန်ပိုတွေကို ညနက် တွေနဲ့ နားရက်တွေမှာပါ အတင်းကျပ်ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
" စက်ရုံ စူပါတွေက ည ၉ နာရီထိကို အတင်းကျပ်ဆင်းခိုင်းတယ်။ ပြန်ချိန်နောက်ကျတော့ ဖယ်ရီကားတွေကလည်း လမ်းထိပ်တွေမှာပဲ ချပေးတော့ လုံခြုံမှု မရှိဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရ အချိန်ပို ခိုင်းစေရာမှာ အလုပ်သမားရဲ့ သဘောဆန္ဒရှိမှ ခိုင်းစေခွင့်ရှိပြီး ၊ တပတ် အချိန်ပို နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေခွင့် မပြုထားပါဘူး။
" အခုလိုမျိုးတွေကြုံတွေ့နေရလို WCC ကိုအကူညီတောင်းချင်တယ်။ ဒါပေမဲ့ WCC အဖွဲဝင်တွေ ဘယ်သူဆို တောင် ကျွန်မတို့တောင် မသိရဘူး" လို့လည်း အလုပ်သမားတွေ ပြောထားပါတယ်။
လုပ်ငန်းခွင်က “WCC ကို စက်ရုံဘက်က တဘက်သတ် ဖွဲစည်းထားတာလိုလည်း အလုပ်သမားတွေက ပြောထားပါတယ်။ ဒါ့အပြင့် အလုပ်ရှင် အလုပ်သမား သဘောတူညီချက်စာချုပ် EC ကိုချုပ်ထားပေမဲ့ ဥပဒေပြဌာန်းချက်အတိုင်း မလိုက်နာဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“ EC ချုပ်တယ်ဆိုပေမဲ့ ပေးမဖတ်ဘူး။ စာချုပ်လည်း ပေးမထားဘူး။ “ လို အလုပ်သမားတွေက ပြောပါတယ်။
EC စာချုပ်က အလုပ်သမားကို ပေးဖတ်ဖိုလိုအပ်ပြီး မိတ္တူတစုံကိုပါ အလုပ်သမားတွေပေးထားဖို့ လိုအပ်တယ်လို့ အလုပ်သမားလှုပ်ရှားသူတဦးက အခုလို ပြောပါတယ်။
“ ဥပဒေအရ စာချုပ်က အလုပ်သမားအတွက် တစ်စုံ၊ အလုပ်ရှင် တစုံ၊ အလုပ်ရှင် ၊ အလုပ်သမား ညွှန့်ကြားရေးမှူး ( အ.လ.ည ) မှာ တစ်စုံ ပေးထားရမှာ။ ပြီးတော့ အလုပ်သမားကိုလည်း ပေးဖတ်ရမယ်” လို့ ပြောပါတယ်။
Myanmar Handsome စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး တောင်ဒဂုံမြိုနယ်၊ ရွာသာကြီးစက်မူဇုန်၊ ဆရာစံလမ်းမှာ ရှိပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြိး LCW တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။









