NEWS

MGMA ၏ ကြေညာချက်တွင် အလုပ်သမားများ  အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားဟု ဖော်ပြ

CoverLogo
756 Views

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလအတွင်းက စက်ရုံအလုပ်ရုံတွေအနေနဲ့ Code of conduct လိုက်နာ ကြဖို့ နောက်ဆုံးထုတ်ပြန်ခဲ့ပြီးနောက် ၂ နှစ်အကျော်ကြာမှာ  မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း MGMA က ပထမဆုံး အကြိမ် ကြေညာချက် တစောင်ကို ဩဂုတ်လ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ H&M ကုန်အမှတ်တံဆိပ် မြန်မာနိုင်ငံက ထွက်ခွာမှုအတွက် စိတ်မကောင်းဖြစ်ရပြီး အလုပ်သမားတွေကို အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်းအပါအဝင် အသက်မွေးဝမ်းကြောင်းကို ထိခိုက်နိုင်တယ် လို့ ဖော်ပြထားပါတယ်။  

MGMA အဖွဲ့အစည်းဟာ အလုပ်သမားတွေအတွက် စိုးရိမ်စရာအခြေအနေလို့ ထုတ်ပြန်ထားပေမဲ့ အလုပ်သမားအရေးကိစ္စ တွေမှာ ပါဝင်ကူညီဖြေရှင်းတာတွေ မရှိခဲ့ဘူး အလုပ်သမားအရေး ဆောင်ရွက်နေသူ မနွေဦးက ပြောပါတယ်။

“အခုဆို လုပ်ခလစာကို ဖိနှိပ်ပြီးထားတယ်၊ နေ့စားအလုပ်သမားတွေအဖြစ် အများကြီးခိုင်းတယ်။ အချိန်ပို အတွက် လုပ်ခ လစာမရဘူးဆိုတာတွေလည်း အများကြီးဖြစ်နေတာပဲ ။ ဥပဒေမဲ့ အလုပ်ထုတ်ခံရတာဆို မရေ မတွက် နိုင်လောက်အောင် ဖြစ်နေတာ ။ အလုပ်သမားတွေလည်း အများကြီး အဖမ်းခံနေရတာတွေလည်း ရှိနေတာပဲ ။ ဒါတွေဖြစ်နေတာကို MGMA အဖွဲ့အစည်းက အလုပ်သမားတွေအတွက် အလုပ်ရှင် တယောက် အနေနဲ့ ဝင်ရောက် ကူညီဆောင်ရွက်တာဆို တခုမှ မရှိခဲ့ဘူး” လို့ မနွေဦးက ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်းက အလုပ်ကဏ္ဍတွေမှာ အလုပ်သမားပါဝင်မှု အများ ဆုံးကတော့ အထည်ချုပ်ကဏ္ဍဖြစ်ပြီး လက်ရှိ လုပ်သားဦးရေ ငါးသိန်းဝန်းကျင်ရှိ အထိရှိနေတယ်လို့ MGMA ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထား ပါတယ်။

MGMA မှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတဲ့  အဖွဲ့ဝင် စက်ရုံပေါင်း ၈၀၀ နီးပါးရှိပြီး ၅၅၀ လောက်က မြေပြင် မှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို့ လည်း ဆိုပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ အမျိုးသား အလုပ်သမား ဥပဒေတွေ၊ နိုင်ငံတကာ အလုပ်သမား ဆိုင်ရာ စံသတ်မှတ်ချက်တွေကို MGMA ရဲ့ အဖွဲ့ဝင် စက်ရုံတွေ လိုက်နာမှု ရှိမရှိ ဆိုတာ ဆန်းစစ် အကဲဖြတ်နေပြီး စက်ရုံပေါင်း ၂၂၀ ကျော် ဆောင်ရွက်ထားပြီး ဖြစ်သလို စက်ရုံပေါင်း ၁၀၀ ကျော်ကတော့ ဆောင်ရွက်ဆဲ ဖြစ် တယ်လို့ ဆိုပါတယ်။ 

“အထည်ချုပ်အသင်းရဲ့ ဆန်းစစ်မှုတွေက အလုပ်သမားတွေအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ ပြောရမှာပဲ ။ ဘာလို့ဆို ဒီ ၃ နှစ်တာ ကာလအတွင်း အလုပ်သမားတွေဟာ အခွင့်အရေးနဲ့ စားဝတ်နေရေးပိုင်းမှာ တိုးတက်မှု ဆိုတာ ဝေးရော။  ဥပဒေအရ ရပိုင်ခွင့်တွေကိုတောင် ဆုံးရှုံးနေရတဲ့ အခြေအနေပါ ။ အလုပ်သမား အခွင့်အရေး တောင်းဆိုရာမှာလဲ အလုပ်ရှင်တွေက ပူးပေါင်းပါဝင်မှုမရှိတော့ဘူး။ မင်းတို့ ဒါ လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး ။ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင် ဆိုပြီးတော့ကို ဖြစ်လာတဲ့ အခြေအနေတွေကို တွေ့လာရတယ်။” လို့ အလုပ်သမားရေး ဆောင်ရွက်နေသူက မအေးအေးသူက ပြောပါတယ်။ 

Myanmar Labour News ရဲ့ ၂၀၂၂ ခုနှစ် အနှစ်ချုပ် စာတမ်းမှာ အလုပ်သမားတွေအပေါ် ချိုးဖောက်ခဲ့တဲ့ စက်ရုံ ပေါင်း ၁၃၀ နီးပါးရှိပြီး အဲဒီစက်ရုံတွေထဲမှာ MGMA အဖွဲ့ဝင် စက်ရုံတွေပါဝင်ပါတယ်။ 

အဲဒီထဲက တချို့ စက်ရုံတွေ ရဲ့ ပိုင်ရှင်တွေဟာ အသင်းရဲ့ ထိပ်ပိုင်း တာဝန်ယူထားသူတွေ ဖြစ်တာကို Myanmar Labour News က တွေ့ရှိ ထားပါတယ်။ 

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း MGMA က အလုပ်သမားတွေရဲ့ အလုပ်အကိုင်နဲ့ စားဝတ်နေရေး ဆိုင်ရာကိစ္စရပ်တွေကို အထည်ချုပ်ကဏ္ဍနဲ့ သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဖို့ ဆွေးနွေးနေတယ်ဆို ဖော်ပြထား ပါတယ်။ 

ဒါပေမဲ့ ဇွန်လထဲမှာ ခေတ်ကာလနဲ့ ညီတဲ့ လုပ်ခလစာကို တောင်းဆိုတဲ့ အလုပ်သမားနဲ့ ကူညီရေး အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီ ဖမ်းဆီးခဲ့စဉ်က MGMA နဲ့ အဖွဲ့ဝင်တွေက မှတ်ချက်ပေး ထုတ်ပြန်တာ မရှိခဲ့ပါဘူး ။ 

“ MGMA က အဖွဲ့ဝင် စက်ရုံတွေကို ဆန်းစစ်တာတွေလုပ်နေတယ်လို့ ကြေညာထားတော့  တကယ်ဆိုတော့ စက်ရုံတွေကို ထိန်းချုပ်နိုင်တာမရှိသလို အလုပ်သမားတွေအတွက်လည်း ကူညီဆောင်ရွက်နိုင်တာ မရှိပါဘူး ။ အလုပ်သမားတချို့ကို ပြန်ပေးဆွဲထားသလို လုပ်ထားတွေ ရှိနေတာပဲ” လို့ မနွေဦးက ပြောပါတယ်။ 

MGMA ရဲ့ ကြေညာချက်ထဲမှာ ငယ်ရွယ်တဲ့ အမျိုးသမီး အလုပ်သမားတွေရဲ့ ဘဝအခြေအနေတိုးတက်ဖို့ စဉ်ဆက် မပြတ်ကြိုးစားနေတယ်လို့ ဖော်ပြထားပေမဲ့လည်း ဇွန်လကတည်းက ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၇ ဦးဟာ လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်လာတာ မရှိပါဘူး ။ 

အချိန်ပိုလုပ်ခ မရတာ၊ အချိန်ပိုကို ကာလရှည် ကြာ လုပ်ကိုင်ရတာ၊ အလုပ်အကိုင်နဲ့ လုံခြုံမှုကို  ခြိမ်းခြောက်တာ၊ ယာယိန္ဒြေပျက်တဲ့ အထိ ဆဲဆို ပြောဆိုမှု ရှိတာနဲ့ ခေတ်နဲ့ကိုက်ညီတဲ့ လုပ်ခလစာမပေးတာတွေ ဆက်ရှိနေတာကို  Myanmar Labour News ဆီ အလုပ်သမားတွေပေးပို့တဲ့ နေစဉ်တိုင်ကြားချက်တွေမှာ တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။

#MyanmarLabourNews 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026