NEWS

Mayfair စက်ရုံအလုပ်သမားများ လုပ်အားခနှင့် အခွင့်အရေးများ ချိုးဖောက်ခံနေရ

CoverLogo
529 Views
 
Mayfair စက်ရုံအလုပ်သမားတွေမှာ လုပ်အားခနှင့် ခွဲခြားဆက်ဆံ ဆဲဆိုမှုတွေကြောင့် နစ်နာမှုတွေ ရှိနေတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှ ဒေးကြေး ကျပ် ၁၀,၀၀၀ ပေးထားပေမဲ့ အစိုးရပိတ်ရက်နဲ့ အများပြည်သူ အလုပ်ပိတ်ရက် တွေမှာ ၈,၀၀၀ ကျပ် ပဲ ပေးချေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ဒါကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ပုံမှန် Day Rate ၁၀,၀၀၀ ပေးနေတာကို အစိုးရပိတ်ရက်ကျမှ ၈,၀၀၀ ပဲပေးတာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဥပဒေကို ချိုးဖောက်နေတာပဲ" လို့ အလုပ်သမားတစ်ဦးက ၎င်းတို့၏ နစ်နာမှုကို ဖွင့်ဟပြောဆိုပါတယ်။
 
လက်ရှိ အလုပ်ပါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက် ပိတ်ရက်ပေးပြီး အဲ့ဒီ ပိတ်ရက်တွေအတွက် လုပ်အားခ လုံးဝမပေးဘဲ နောက်တစ်ပတ်မှာ ပိတ်ရက် အစား ပြန်ဆင်းခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"အခုဆို အလုပ်တွေပါးလို့ဆိုပြီး စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်တယ်။ ပိတ်ရက်ခကို ပိုက်ဆံမပေးဘူး။ နောက်တစ်ပတ် စနေနေ့ကို ပြန်ဆင်းခိုင်းပြီး အစားပြန်ဆင်းပေးရတယ်။ နားရတဲ့ရက်လည်း ပိုက်ဆံမရဘူး။ ဆင်းရတဲ့ရက်လည်း မရပါဘူး။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားကို အလုပ်မပေးနိုင်သည့်အခါ လုပ်ခပေးချေရေး ဥပဒေ၊ စက်ရုံများ အက်ဥပဒေ နဲ့ ဆက်စပ်ဥပဒေများအရ လုပ်ခလစာကို ဥပဒေနှင့်အညီ အပြည့်အဝပေးရန် သို့မဟုတ် သတ်မှတ်ထားသည့် ရာခိုင်နှုန်းအတိုင်း ပေးချေရန် တာဝန်ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။
 
၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ အက်ဥပဒေ အရလည်း အလုပ်သမားတိုင်းဟာ ပြန်တမ်းဝင် အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ လုပ်ခရရှိသော ခွင့်ရက်ကို ခံစားခွင့်ရှိပြီး၊ အကယ်၍ ထိုပိတ်ရက်များတွင် အလုပ်ဆင်းပါက သတ်မှတ်ထားသည့် အချိန်ပို လုပ်အားခကို ပေးချေရမယ်လို့ ပြဌာန်းထားပါတယ်။
 
"အထည်ချုပ်နိုင်မှုအပေါ်မူတည်ပြီ ပေးတဲ့ အထည်ကြေး (Piece Rate) ကို ခေါင်းဆောင်တွေက ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးအရ ခွဲခြားဆက်ဆံတာ၊ ၊ လျှော့ပေးဖြတ်တောက်တာတွေ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေကလည်း ပြောပါတယ်။
"ခေါင်းဆောင်တွေက သူတို့နဲ့ တည့်တဲ့သူဆို ပိုက်ဆံပိုပေးတယ်။ သူနဲ့ ရန်ဖြစ်ထားတဲ့သူဆို ပိုက်ဆံကို လျှော့ပေးတယ်၊ နည်းနည်းပဲပေးတယ်။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ခေါင်းဆောင်ဆိုသူတွေက အလုပ်သမားတွေကို အကျိုးအကြောင်းပြောပြတာကို မကြိုက်ဘဲ ဆဲဆို၊ စောင်းပြီး ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
အထူးသဖြင့် လီတာ (Leader) တဦး ပြောဆိုမှုက အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ​ေ_တွေရော၊ _ာတွေရော။ တစ်ချို့ကလေးမလေးတွေဆို လင်ကောင်မပေါ်ပဲ ဗိုက်ကြီးမှာတို့" အထိ ပြောဆိုခဲ့တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အခုလို ဆက်ဆံမှုတွေက လုပ်ငန်းခွင် ကျင့်ဝတ် (Code of Conduct) နဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ CoC ဝန်ထမ်းတဦးက Myanmar Labour News ကို ပြောပါတယ်။
 
“ အဲလို မဖွယ်မရာ ဆဲဆိုမှုတွေက အလုပ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေတယ်၊ ပြင်းထန်တဲ့ လုပ်ငန်းခွင် အနိုင်ကျင့်မှု (Workplace Bullying) ပုံစံတွေ ဖြစ်တယ်။ ဒါတွေကို အဓိက ထားထိန်းရမှာက COC ဝန်ထမ်းတွေ၊ အောစူပါ၊ မန်နေဂျာတွေ၊ အလုပ်သမားရေးအဖွဲ့တွေပါပဲ။ လုပ်ငန်းရှင်တွေလည်း ပါဝင်ရမှာပါ ။ ” လို့ ပြောပါတယ်။
အလုပ်ရှင်ဘက်က တစ်နှစ်တစ်ခါ ပေးရမည့် နှစ်ကြေးကို လုပ်သက်နှစ်ပြည့်ချိန်မှာ မပေးတဲ့ အပြင် နေ့လုပ်အားခအလိုက် တွက်ချက်ပေးရမည့်အစား ၆၈,၀၀၀ ကျပ် ပဲ ပေးတဲ့ အပြင် အလုပ်ထွက်ပါက လုံးဝမပေးတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ပုဒ်မ ၄ အရ လုပ်သက်ခွင့် (နှစ်ပတ်လည် ခွင့်) ရထိုက်သူက အလုပ်မှ နုတ်ထွက်ပါကဖြစ်စေ၊ အလုပ်ထုတ်ခံရပါကဖြစ်စေ မယူရသေးသည့် ခွင့်ရက်များအတွက် လုပ်ခလစာကို အလုပ်ရှင်က ပေးဖို့ တာဝန်ရှိတယ်။” လို့ အလုပ်သမားအရေး လှုပ်ရှားသူ အမျိုးသမီးတဦးက ပြောဆိုထားပါတယ်။
 
Mayfair (Myanmar) Industry Co.,Ltd. က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန် ၂ မှာ ရှိပြိး အလုပ်သမား ၇၅၀ ကျော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တစ်ဦး ပိုင်ဆိုင်စက်ရုံ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ် DEFACTO အမှတ်တံဆိပ် အဝတ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026