NEWS

Kfine အထည်ချုပ် ရေကြီး၍ စက်ရုံပိတ်ရသည့် ၃ ရက်အား အချိန်ပိုဆင်းခိုင်း ၊ ဂိတ်ပတ်စ် ယူပါက ရက်မှန်ကြေးပါ ဖြတ်တောက်မည်ဟု ကြေညာထား

CoverLogo
725 Views
 
ရေကြီးမှုဖြစ်ပွားတာကြောင့် စက်ရုံပိတ်ခဲ့ရတဲ့ ၃ ရက်အတွက် ရက်စားဆင်းပေးရမယ်ဆိုပြီး အချိန်ပို တရက် ၂ နာရီ နှုန်းနဲ့ လုပ်ကိုင်နေရတယ်လို့ ပဲခူးအခြေစိုက် Kfine (KFINE INTERNATIONAL GARMENT) အထည်ချုပ် လုပ်သားတွေက ပြောပါတယ်။ ရက်အစားအတွက် စနေနေ့မှာ ရရှိတဲ့ အချိန်ပို လေး နာရီ အပါအဝင် တနင်္လာက နေ သောကြာနေ့အထိ တရက် နှစ်နာရီ နှုန်းနဲ့ အချိန်ပို လုပ်ကိုင်ဖို့ စက်ရုံတာဝန်ရှိသူက ပြောဆိုထားတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရေကြီးလို့ ပိတ်လိုက်ရတဲ့ ၃ ရက်အတွက် အလုပ်ချိန် ၂၄ နာရီကို လစာကနေ မဖြတ်တော့ဘူး ၊ ဒါပေမဲ့ ညနေ အလုပ်ချိန်ပြီးရင် အချိန်ပို ၂ နာရီနှုန်းနဲ့ ဆက်ဆင်းပေးဆိုပြီးပြောတယ်။ စနေနေ့လည်း အချိန်ပို ၄ နာရီဆင်းထား ရတယ်။ အလုပ်သမားတွေအတွက် တအားနစ်နာတယ် ။ အချိန်ပိုဆိုတာ လုပ်ခရဲ့ ၂ ဆ လေ။ ” လို့ အလုပ်သမား တွေက ပြောပါတယ်။
 
လက်ရှိ Kfine အထည်ချုပ် စက်ရုံမှာ သာမန်အလုပ်ချိန်ရဲ့ ၈ နာရီရဲ့ တနာရီလုပ်ခဟာ ၇၀၀ ကျပ်ဖြစ်ပြီး အချိန်ပို လုပ်ခကတော့ ၁၄၀၀ ကျပ်ဖြစ်ပါတယ်။ စက်ရုံ ၃ ရက်ပိတ်ရလို့ ဖြတ်တောက်မယ် ဆိုပါကလည်း သာမန် အလုပ် ချိန် တနာရီ လုပ်ခ ၇၀၀ ကျပ်ကို ၃ ရက် အတွက် စုစုပေါင်း ၂၄ နာရီကို ၁၆၈၀၀ ကျပ်ကိုပဲ ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်အစားအတွက် အချိန်ပို ခေါ်ယူလုပ်ကိုင်ခိုင်းတာကြောင့် လုပ်ခ ၂ ဆ ရရှိရမဲ့ အလုပ်သမားတွေမှာ လုပ်ခ တဆဖြစ်တဲ့ ၁၆၈၀၀ ကျပ် မရဘဲ ရက်စားလုပ်ကိုင်နေရတာ ဖြစ်တယ်လို့ Kfine အထည်ချုပ် အလုပ်သမားတွေက ပြောပါတယ်။
 
“ရေကြီးလို့ စက်ရုံပိတ်တာ။ ကျွန်မတို့က ရက်ပျက်တာလည်း မဟုတ်ဘူး။ အဲဒီအတွက်ဖြတ်မယ်ဆိုလည်း ၁၆၈၀၀ ပဲ။ အခုတော့ အလုပ်ချိန်ပြိးလို့ အိပ်မပြန်ရဘူး။ ရက်အစားအတွက် အချိန်ပို ဆင်းခိုင်းတယ်။ ဒါဆို ကျွန်မတို့က လုပ်ခ တဆ ၁၆၈၀၀ မရတော့ဘူး ။ တကယ်တော့ အလုပ်သမားတွေက နစ်နာနေတာ။ စက်ရုံကတော့ သဘော ကောင်းသလို ပြောနေတာ။ အခုလည်း ဂိတ်ပတ်စ် အတွက် ရက်မှန်ကြေး ဖြတ်ဦးမယ် ပြောတယ် ” လို့ အထည်ချုပ် အလုပ်သမားတဦး ကပြောပါတယ်။
Kfine စက်ရုံက တာဝန်ရှိသူတွေက အောက်တိုဘာ ၁၈ ရက်က အလုပ်သမားအားလုံးကို အစည်းအဝေးခေါ်ယူပြီး ဂိတ်ပတ်စ် ယူတာတွေကို နာရီအလိုက် ဒေကြေးအပြင် ရက်မှန်ကြေးထဲက ကျပ် ၅၀၀၀ ကို ဖြတ်တောက်မယ် ဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လတွေက ဂိတ်ပတ်စ်ယူပါ တနာရီ ကို ကျပ် ၁၄၀၀ နှုန်းနဲ့ ဖြတ်တောက် နေတာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ ရက်မှန်ကြေးပါ ဖြတ်တောက်မဲ့ အစီအစဉ်ကို ပြုလုပ်လာတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရက်ပျက်လို့ ရက်မှန်ကြေးဖြတ်တယ်ဆိုတာ လက်ခံလို့ရတယ်။ ဂိတ်ပတ်စ် ယူတာက ရက်ပျက်တာလည်း မဟုတ်ဘူး။ ရက်မှန်ကြေးဖြတ်တယ်ဆိုတာ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာပဲ ။ အလုပ်သမားတွေက မလိုအပ်ပဲ ဂိတ်ပတ်စ် မယူကြဘူး၊ ဂိတ်ပတ်စ် ရဖို့လည်း အဆင့်ဆင့်ပြောရတာက HR အထိပဲ။ မိသားစု သေရေးရှင်ရေး ကိစ္စ ၊ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေနဲ့ အပြင်ထွက် ကြတာပါ။ ဘယ်လိုထွက်ထွက် ဖြတ်တောက်တာဆိုတော့ တော်ရုံ မထွက်ကြပါဘူး ။ အခုတော့ ဒေးကြေးထဲက ၇၀၀ နဲ့ ရက်မှန်ကြေး ၅၀၀၀ ဖြတ်မယ်။ ဒါက တနာရီ အတွက် ။ တလအတွင်း ဂရိတ်ပတ်စ်ယူတာ ၅ နာရီရှိရင် ၁၀၀၀၀ ၊ ၈ နာရီဆိုရင်တော့ ရက်မှန်ကြေး အဲလ အတွက် မရတော့ဘူးလို့ ပြောသွားတယ် “ လို့ အလုပ်သမား တဦးက Myanmar Labour News ကို ပြောပါတယ်။
 
Kfine စက်ရုံက အောစူပါတွေက ရက်မှန်ကြေးဖြတ်တောက်မဲ့ အစီအစဉ် အလုပ်သမားတွေလက်ခံတယ်တဲ့ လက်မှတ်ကို အတင်း ဖိအားပေးထိုးခိုင်းခဲ့တယ်လို့ အလုပ်တွေက ပြောဆိုပါတယ်။ ဒါ့အပြင် စက်ရုံထဲက အောစူပါ တချို့နဲ့ စူပါတချို့ဟာ လက်အောက်ခံ စက်လိုင်းတွေက အလုပ်သမားတွေကို ရိုင်းဆိုင်းစွာ ဆဲဆိုနေတယ်လို့ Kfine အလုပ်သမားတဦးက ရှင်းပြပါတယ်။
 
“ လိုင်း ၈ က စူပါ (super)ဆိုရင် အလုပ်သမားတွေ ပယ်ထည်ကျရင် သူ့ဟာနဲ့ နှိုင်းနှိုင်းပြီး ‘ဟဲ့နင့်တို့ စောက်ထည် ကို ကြည့်စမ်း’ ဆိုပြီး ပြောတာ။ ဆဲရင် သူ့ ပေါင်ကြားထဲကဟာနေ မထွက်ပါဘူး ။ အဲလိုတွေ ဆဲဆိုတာ၊” အလုပ်သမား တဦးက ပြောပါတယ် ။
 
Kfine အထည်ချုပ်စက်ရုံအတွင်းက စူပါနဲ့ အောစူပါ တချို ရိုင်းဆိုင်းစွာ ဆဲဆို ပြောဆိုတာတွေ ရှိနေတယ် လို့ Myanmar Labour News ကို မကြာခဏ တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။
 
“ လိုင်း ၅၊ ၆၊၇၊ ၈ ကို အုပ်ချုပ်တဲ့ အောစူပါဆိုရင် မိန်းကလေးတစ်ယောက်ကို ဆဲခဲ့တာဆို တော်တော် ဆိုးဆိုးပဲ ။ အဲ့မိန်းကလေးက ရှက်လွန်းလို့ ဂိတ်ပတ်စ်ယူပြီး ပြန်ပါ့မယ် ပြောတာတောင် မရဘူး။ ထိုင်ခိုင်းပြီး ပြီးတဲ့ အထိကို ဆဲခဲ့တာ။ ဆဲတာတွေက ဘေးက လူတွေတောင် ရှက်လို့ နားပိတ်ထားမတတ်ပဲ။ မကြားဝံမနာသာတွေ ပြောဆို ဆဲတာ။ သူက တော့ စက်ရုံထဲမှာ အဆဲဆုံးပါပဲ ။ ” လို့ ကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ အလုပ်သမားတဦးက ပြောပါ တယ်။
အမျိုးသမီး အလုပ်သမားတွေမှာ အလုပ်အကိုင် အခက်အခဲကြောင့် ဆဲဆိုမှုတွေကို မတုန့်ပြန်နိုင်ဘဲ ငိုကြွေးခဲ့ကြ ရတယ် လို့ ပြောပါတယ်။
 
“အလုပ်ရှားတဲ့ ခေတ်လည်းဖြစ်နေတာနဲ့ ရိုင်းရိုင်းဆိုင်းဆိုင်းဆဲလည်း ငုံခံနေရတာမျိုးပါ ။ လူအများရှေ့ အဆဲခံရ တာ မရှက်ဘူးဆိုတာမျိုး မဟုတ်ပါဘူး။ တအား ရှက်ကြမှာ ။ ကိုယ်ချင်းလည်းစာတယ် ကိုယ်တိုင်ဆို ဘယ်လို တုန့်ပြန်မိ မလဲ မသိဘူး ။ ဒီကြားထဲ အောစူပါတွေက တရုတ်ကြီးကြပ်ရေးတွေနဲ့ ပေါင်းပြီး စံချိန်က တိုးတောင်း သေးတယ်။ ” စက်ရုံအလုပ်သမား တဦးက ပြောပါတယ်။
 
Kfine စက်ရုံက အောစူပါတချို့ဟာ တရုတ်လူမျိုးကြီးကြပ်ရေးမှူးတွေရဲ့ သဘောအတိုင်း စံချိန် တိုးတောင်း တာတွေ ပြုလုပ်ပြီး အလုပ်သမား တချို့ကို အလုပ်ထုတ်တာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။
 
“ အလုပ်သမားတချို့က နေထိုင်မကောင်းတာနဲ့ တခြားအကြောင်းကြောင်းကြောင့် စံချိန်ကျတာတွေရှိတယ်။ အဲလိုတွေဖြစ်နေရင် အောစူပါတချို့က ဘေးက ဆဲဆို ပြောနေတာ။ စံချိန်မရတာနဲ့ တရုတ်ကြီးကြပ်ရေးမှူးတွေကို ပြောပြီး ဝမ်တိန်တွေထိုးခိုင်းတယ်၊ ခွဲခြားဆက်ဆံတယ်။ အလုပ်သမားတွေ ၃ ကြိမ်ဝမ်တိန်ဆို အလုပ်က ထုတ် လိုက်တာ၊ သူတို့လက်ထဲမှာ အလုပ်ပြုတ်ဖို့ တအားလွယ်နေတာ ။ တိုင်လည်း မရနဲ့ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း ချိုးဖောက်မှုတွေရှိနေလို့ အလုပ်သမားရုံးက တာဝန်ရှိ လာရောက်စစ်ဆေးတာတွေရှိပေမဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်ပြီး စက်ရုံဘက်က ဟန်ပြလုပ်ဆောင်မှုတွေ ရှိတယ်လို့ အလုပ်သမား တဦးက သူမြင်တွေ့ခဲ့ရတာကို အခုလို ပြောပြပါတယ်။
 
“အလုပ်သမားရုံးက လာစစ်တယ်။ လာစစ်ရင် ရုံးပေါ်တက်သွားတယ်။ HR မှာ စာရွက်စာတမ်းတွေတောင်းမယ်။ လူတွေကို ခေါ်စစ်တယ်။ ပြီးရင် စားသောက်ပြီး လက်ခါပြီး ထပြန်သွားတယ်။ စက်ရုံဘက်ကလည်း လာစစ်မယ် လို့ ကြိုသိတော့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေအတွက် ရုံးခန်းက ခုံထုတ်လာပြီး ထိုင်ခိုင်းတယ်။ သက်တောင့် သက်သာ လုပ်နေရသလို ဟန်ပြလုပ် ခိုင်းထားတယ်။ လာစစ်တဲ့သူတွေ ထွက်လည်းသွားရော ကိုယ်ဝန်သည် ထိုင် နေတဲ့ ခုံကို ချက်ချင်းလာသိမ်းပြီး နဂိုအတိုင်း စံချိန်ပြည့်အောင် ပြန်ချုပ်ရတယ်။” လို့ ပြောပြပါတယ်။
 
Kfine စက်ရုံဟာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတဲ့ စက်ရုံဖြစ်ပေမဲ့ စက်ရုံအတွင်း သောက်ရေနဲ့ ရေအိမ် သုံးစွဲရမှာ ခက်ခဲမှုတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း အိမ်ယာ ၂၀ ကျော်ရှိနေပေမဲ့ ပျက်စီးတဲ့ အခန်းတွေရှိလို့ လုံခြုံမှု မရှိဘူးလို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
“ အလုပ်သမားတွေအတွက် သောက်ရေခွက်က မရှိဘူး ။ ရေကိုတော့ ရေသန့်စက်နဲ့ ထားပေးထားတယ်။ ရေခွက်ကို အိမ်ကပဲ သယ်လာကြတယ်။ နောက် အိမ်သာတွေက မလုံခြုံဘူး။ အမျိုးသားနဲ့ အမျိုးသမီးက သီးသန့်ဆိုပေမဲ့ တဆက်တည်း ဖြစ်နေတယ်။ တချို့ အိမ်သာခန်းတွေ ပျက်နေတာနဲ့ အမျိုးသားတွေဘက် အနံအသက်တွေက အမျိုးသမီးတွေ ဘက်ရောက်တာတွေ ရှိတယ်။ တဆက်တည်းဆိုတော့ လုံခြုံတယ်လို့ မခံစားရဘူး “ လို့ အလုပ်သမားအမျိုးသမီးတဦးက ပြောပါတယ်။
 
လက်ရှိ သုံးရေအတွက် အဆင်ပြေပေမဲ့ ပြီးခဲ့လပိုင်းကတော့ အဆင်ပြေမှုမရှိခဲ့ဘူးလို့ အလုပ်သမားတဦးက အခုလို ရှင့်းပြပါတယ်။
 
“အရင်ကတော့ သုံးရေကို အချိန်ပြည့်နီးပါး ဖြတ်ထားတယ်။ အရင် EP တုန်းကဆိုရင် ညနေပိုင်း ၇ ခွဲ အထိ အလုပ်ဆင်းရတိုင်း ၇ နာရီလောက်ဆို လုံးဝ ရေဖြတ်ထားလိုက်တယ်။ အထည်ချုပ်အမျိုးသမီးက အဲအချိန် လောက်ဆို အပေါ့အပါး သွားကြတော့ အခက်အခဲတွေ ဖြစ်တယ်။ မနက်မိုးလင်းဆိုလည်း ၈ နာရီခွဲလောက်ဆို ရေက မရတော့ဘူး။ ရည်ရွယ်ချက် ရှိရှိလုပ်တယ်လို့တောင် မြင်ပါတယ်” လို့ Myanmar Labour News ကို ပြောပါတယ်။
 
Kfine စက်ရုံအတွင်း ဆေးပေးခန်းကို ပြီးခဲ့တဲ့ လပိုင်းလောက်က ဖွင့်ပေးခဲ့ပေမဲ့ လက်ရှိ အသုံးပြုဖို့ ဆေးမရှိဘဲ ဆေးဝယ်ဖို့ တင်ပြထားတယ်လို့သာ ဖြေကြားနေတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။
 
“ဆေးသွားတောင်းရင် ဆေးမရဘဲ အဝယ်တင်ထားတယ်လို့ ပဲ ပြောလွှတ်လိုက်တာ။ စက်လိုင်းတိုင်းနဲ့ ဌာန အလိုက် ဆေးအိပ်လေးတွေတော့ ပေးထားတယ်။ ဆေးတွေကတော့ မရှိပါဘူး ။ အပြင်က လာစစ်ရင်တော့ ဆေးအိပ်တွေကို ဆေးတွေဖြည့်ပေးတယ်။ လာစစ်တဲ့သူ ပြန်သွားရင်တော့ အဲ့ဆေးတွေကို လာပြန်သိမ်းသွား တာပဲ။ အဲလိုတွေရှိတော့ အလုပ်သမားတွေက လစာအစွန်းထွက်ကို စုပြီး ကိုယ်တိုင်ပဲ ဝယ်ထားလိုက်တော့တာ ။ ” လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပြပါတယ်။
 
KFINE INTERNATIONAL GARMENT အထည်ချုပ် စက်ရုံကို လက်ရှိ တရုတ်လူမျိုးတဦး အုပ်ချုပ်နေပြီး အလုပ်သမား ၂၀၀၀ ဝန်းကျင်က Only၊ Zara၊ Balala စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026