NEWS

KBL Garment ည ၁၁ နာရီအထိ အချိန်ပိုအတင်းအကျပ်ဆင်းခိုင်း

CoverLogo
820 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း စက်မှုဇုန် ၁ မှာဖွင့်လှစ်ထားတဲ့ KBL Garment သတို့သမီးဝတ်စုံချုပ်စက်ရုံမှာ ညဘက် ၁၁ နာရီအထိ အချိန်ပိုအတင်းအကျပ်ဆင်းခိုင်းတာကြောင့်အ ခက်အခဲကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။ ပိုင်ရှင်က တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၉၀၀ ကျော်နဲ့ DAVIDS BRIDAL, Studio, Melissa Sweet, JULES CLEO စတဲ့အမှတ်တံဆိပ် သတို့သမီးဝတ်စုံတွေချုပ်လုပ်ရတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ရဲ့ ပုံမှန်အလုပ်ချိန်ဟာ နံနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲ ဖြစ်ပြီး အချိန်ပိုကို ညနေ ၄နာရီ ခွဲကနေ ည ၉၊ ၁၁ စတဲ့အချိန်တွေထိ ဆင်းနေရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

"အရင်တုန်းက ည ၁၁ နာရီထိခေါ်လို့ တိုင်လိုက်တုန်းက အချိန်ပိုခိုင်းတာနည်းသွားတယ် အခုတခါ ထပ်ပြီး အချိန်ပိုတွေခေါ်နေတာပါ ည ၁၁ နာရီအထိဆိုတော့ စက်ရုံမှာ အိပ်ချင်တဲ့သူတွေအိပ်လို့ရပြီး ပြန်ချင်တဲ့သူ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်ရတာပါ ၊ စက်ရုံမှာ အိပ်တဲ့အလုပ်သမားတွေအတွက် နေရာထိုင်ခင်း မရှိပါဘူး၊စက်ခုံနားတွေဘေးမှာအဆင်ပြေသလိုအိပ်ရတာပါ"လို့ အလုပ်သမားကပြောပါတယ်။

အခုလိုအချိန်ပိုခေါ်ယူတာနဲ့ပတ်သက်ပြီး အချိန်ပိုလုပ်ကိုင်ခွင့်ကို အလုပ်သမားများ သိရှိစေရန်နို့တစ်ဘုတ်တွေမှာကပ်ထားပေးခြင်း အသိပေးခြင်းမရှိသလို၊ ည ၁၁နာရီ အချိန်ပို ခေါ်သည်များကို ကြိုတင်ပြောထားခြင်းမရှိပဲ လုပ်ရတော့မယ့်အချိန်ကျမှ အချိန်ပိုဆင်းသည်ကို သဘောတူကြောင်း လက်မှတ် ထိုးခိုင်းတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

"အလုပ်သမားတွေအနေနဲ့ အချိန်ပိုမဆင်းချင်ဘူး မဆင်းဘူး ပြောရင် တပတ်စာ ပုံမှန်အချိန်ပို လုပ်ခွင့်မပေးဘဲ ဖိုင်းချမယ်လို့ စက်ရုံတာဝန်ခံတွေကဖိအားပေးပါတယ်။တကယ်က အလုပ်သမားတွေအားလုံးက ည ၁၁ နာရီအထိ အချိန်ပိုမဆင်းချင်တာပါ၊ ပုံမှန် အချိန်ပို ၂ နာရီကတော့ အားလုံးကဆင်းချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ အလုပ်ချိန် ၈ နာရီစာက မိသားစု ထမင်းစားဖို့မလောက်ငှလို့ပါ စားဝတ်နေရေးအတွက် ဘယ်လိုမှ မလောက်တော့ အချိန်ပို ၂ နာရီအပါ တနေ့အလုပ်ချိန် ၁၀ လောက်လုပ်ဖို့လိုအပ်ပါတယ်။ အဲ့အချက်ကို သိတော့ ည ၁၁ နာရီအထိမဆင်းရင် တနေ့ ၂ နာရီအချိန်ပိုကိုပါ ဖြတ်မယ််ဆိုပြီး ဖိအားပေးတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့ ညနေ ၆ နာရီ ခွဲလောက်အထိသာ အချိန်ပိုဆင်းချင်ပေမယ့် ည ၁၁ အထိ မလုပ်ကိုင်ပါက  အချိန်ပိုဖြတ်တောက်မယ်လို့ ခြိမ်းခြောက်တာကြောင့် မဆင်းချင်ပေမယ့် ဆင်းနေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အချိန်ပိုမှ အပြန် ဖယ်ရီစီစဉ် ပေးခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့်ပြန်ရသလို လုံခြုံရေးအဆင်မပြေမှုတွေကြောင့် စက်ရုံမှာ အိပ်ပါကလည်း အလုပ်ထဲမှာ ဖြစ်သလိုအိပ်ရတာကြောင့် ခြင်ကိုက်တာ အိပ်ရေးမဝတာတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

"အလုပ်သမားတွေဘက်ကိုလည်း ကြည့်စေချင်တယ် အချိန်ပို နင်းကန်ခိုင်းပြီးတော့ ကျန်းမာရေးတခုခုဖြစ်ရင် ကျမတို့က လူမှုဖူလုံရေးကလွဲပြီး အပြင်မှာ ကုနိုင်တာမဟုတ်ဘူး လူမှုဖူလုံရေးခွင့်ကျတော့ ပေးချင်တဲ့သူမှပေးတာ"လို့ အထည်ချုပ်အလုပ်သမားအမျိုးသမီးတစ်ဦးက အခက်အခဲကိုရှင်းပြပါတယ်။

နောက်ထပ်အခက်အခဲအနေနဲ့ လစာထုတ်ရက်မှာ ညနေ ၄နာရီခွဲ ပြန်လွှတ်ပေမယ့် ပြီးခဲ့တဲ့လမှာတော့ ၆ နာရီခွဲမှာ ပြန်လွှတ်တာကြောင့် အခက်အခဲဖြစ်ပေါ်နေရတယ်လို့ ပြောပါတယ်။ 

" ၄နာရီခွဲ လွှတ်ပေးဖို့ ပြောတဲ့အလုပ်သမားတွေကို ပြန်ချင်ရင် ပြန်လို့ရတယ် လစာကို တနင်္လာနေ့မှထုတ်ပေးမယ် အချိန်ပို တပတ်ဖိုင်းချမယ် ဆိုပြီး တာဝန်ရှိသူတွေကပြောတာပါ လစာထုတ်တာ စနေနေ့ ၊ တနင်္ဂနွေနေ့ကျတော့လည်း မပိတ်ဘူး အချိန်ပိုဆင်းပေးရတယ် လစာထုတ်ပြီး နောက်ရက် တနင်္ဂနွေပိတ်ရက် တွေကိုလည်း ပိတ်ပေးစေချင်းတယ်။ ပိုက်ဆံရတဲ့နေ့ အကြွေးဆပ်ရတာနဲ့ ၊ ကိုယ့်အိမ်အတွက် ငွေလွှဲရတာနဲ့ တစ်လလုံးအတွက် အနားယူချင်ကြတယ်။ အခုက ပိတ်ရက်တွေကမရှိသလောက်ဖြစ်တဲ့ အပြင် အချိန်ပို တွေကလည်း ည ၁၁ နာရီထိဆင်းရတယ်။ အခုက ည ၁၁ နာရီဆိုပေမဲ့ စက်ရုံထဲ ခြင်ကိုက်လို့ အိပ်မပျော်တာနဲ့ ဆို မိုးလင်းထိပဲ လူတွေက မခံစားနိုင်ကြတော့ဘူး။ ပြန်ပြောရင်လည်း အမျိုးမျိုး ခြိမ်းခြောက်ကြတယ်။ စက်ရုံထဲ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီရှိတယ်ဆိုပေမဲ့လည်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ဘာမှ ပြောမရဘူး၊ အချိန်ပိုခိုင်းဖို့ဆို လက်မှတ်လာထိုးခိုင်းဖို့ပဲ သူတို့ကရတယ်။ အလုပ်သမားဘက် ကို တစ်ချက်မှ ကူညီဖြေရှင်းပေးတာမရှိပါဘူး။"ဘူးလို့ အလုပ်သမားကပြောပါတယ်။

လက်ရှိကာလအနေအထားများအရ အလုပ်သမားများအနေဖြင့် တိုင်းကြားမှုတွေရှိပေမယ့် လည်း သက်ဆိုင်ရာဌာနတွေကလာရောက် စစ်ဆေးပေမယ့် စစ်ဆေးရေးမလာခင် အလုပ်ရှင်က ကြိုတင်သိရှိပြီး လိမ်လည်ဖြေဆိုဖို့ ကြိုတင်သင်ကြားပေးပြီး ဖြေရှင်းတာကြောင့် ချိုးဖောက်မှုတွေ ပေါ်ပေါက်ခြင်းမရှိဘူးလို့ သိရပါတယ်။

"အလုပ်သမားရုံးကလာစစ်တဲ့အချိန် အမှန်အတိုင်းပြောလိုက်ရင်လည်း စစ်ဆေးရေးက အလုပ်ရှင်ကို ပြောပြလိုက်ရင် အလုပ်သမားက အလုပ်ထုတ်ခံရမယ် သက်ဆိုင်ရာအလုပ်သမားရုံးတွေက လာတဲ့  လူကြီးတွေလည်း ဒီကာလထဲ  မယုံကြည်ရဘူး  အလုပ်သမားတွေကို ကာကွယ်မှု မပေးနိုင်ပါဘူး။ ဒါကြောင့် ကျမတို့ အလုပ်သမားတွေရဲ့ အခက်အခဲကို အခုလို အမည်မဖော်ဘဲ ထုတ်ဖော်ပြောဆိုရတာပါ"လို့ အလုပ်သမားက ပြောပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့  

၁။ အချိန်ပိုများကို ည ၉နာရီ၊ ၁၁ နာရီထိ မပြုလုပ်ရန်။ ပြုလုပ်ပါကလည်း သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့်လုပ်ဆောင်ရန်နှင့်  ဆင်းလိုသည့် အလုပ်သမားများကို သာဆင်းခွင့်ပေးရန်နှင့် အိမ်ပြန်အတွက် ဖယ်ရီကားစီစဥ်ပေးရန်။ 


၂။ လစာထုတ်ရက်များတွင် ညနေ ၄ နာရီ ၃၀ မီနစ် နောက်ဆုံးထားပေးရန်။ ရုံးပိတ်ရက်များအတိုင်း အလုပ်ပိတ်ပေးရန် စတာတွေကို လုပ်ငန်းခွင် ကောင်းမွန်ရေး ရှေ့ရှုပြီး ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
                                                                                     

 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026