NEWS

Kaung Kaung Aquaculture အလုပ်သမားများ အလုပ်ချိန် ၁၀ နာရီ လုပ်ကိုင်ရပြီး၊ အလုပ်ထွက် လျော်ကြေး ကျပ် သုံးသောင်းပေးရ

CoverLogo
808 Views

မြိတ်မြို့ တစ်ဘက်ကမ်း သန်ဒုတ်ကျွန်း(Than Doke) ပေါ်က Kaung Kaung Aquaculture ကုမ္ပဏီက အလုပ်သမားတွေဟာ တနေ့ ဆယ်နာရီ အလုပ် လုပ်ကိုင်နေရပြီး အလုပ်ထွက်ပါက ကျပ် သုံးသောင်း ပေးလျော် နေရတယ်လို့ သိရပါတယ်။ 

 

ပုံမှန် အလုပ်ချိန်အဖြစ် မနက် ၇ နာရီကနေ ညနေ ၆ နာရီ အထိ လုပ်ကိုင်နေရတာ ဖြစ်တယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ မစန်းစန်းထွေး (အမည်လွှဲ)က ပြောပါတယ်။ 

 

“ အလုပ်က ကဏန်းကို စောင့်ကြည့်တာ။ အလုပ်ချိန်အတွင်း အလုပ်သမားတွေက အစုလိုက် နာရီဝက် ကြည့် ၁၅ မိနစ် ၂၀ နား လုပ်ရတယ်။ အခုတော့ အဲဒီ နားချိန်မှာ သစ်သယ် သစ်တိုက်၊ ငါးစာကျွေး၊ ကြံသယ် ကြံတိုက် အဲဒါ တွေ လုပ်ရတယ်။ အရင်ကတော့ ဒီလို အလုပ်တွေကို အချိန်ပို အလုပ်လို့ သတ်မှတ်ထားတယ်။ အခုတော့ ဒီအလုပ် ကို လုပ်အားပေးဆိုပြီး ခိုင်းတာပါ “ လို့ ပြောပြပါတယ်။ 

 

Kaung Kaung Aquaculture ကုမ္ပဏီ က အလုပ်သမားတွေကို အလုပ်ခန့်ထားရာမှာလည်း “အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ( EC ) စာချုပ်” ချုပ်ဆိုတာမရှိဘူး"လို့ မစန်းစန်းထွေးက ပြောပါတယ်။ 

 

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဥပဒေ အခန်း ၃ ပုဒ်မ ၅ (က) မှာတော့ အလုပ်သမားအား အလုပ်တခုခုကို လုပ်ကိုင်ဖို့ ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း EC စာချုပ်ကို ချုပ်ဆိုရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။ 

 

EC စာချုပ် ချုပ်ဆိုဖို့ ပျက်ကွက်တဲ့ မည်သည့် အလုပ်ရှင်ကို မဆို ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် ၊ ငွေဒဏ် နဲ့ ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်ရမယ်လို့ အခန်း ၉ ပြစ်မှုပြစ်ဒဏ် များ အခန်းမှာ ပြဋ္ဌာန်းထားပါတယ် ။ 

 

Kaung Kaung Aquaculture ကုမ္ပဏီဘက်က အလုပ်ခန့်ရာမှာ ဓါတ်ပုံ ၄ ပုံနဲ့ သန်းခေါင် စာရင်းကိုပဲ တောင်းပြီး အလုပ်အမျိုးအစား၊ အလုပ်ချိန်နဲ့ အချိန်ပို ဆိုတာတွေကို ရှင်းပြတာ မရှိဘူးလို့ သိရပါ တယ်။

 

“အလုပ်က ဘာလုပ်ရမယ်၊ အလုပ်ချိန်က ဘယ်လေက်၊ အချိန်ပိုက ဘာဆိုတာမျိုး မပြောပြဘူး ။ အဲလိုဆိုတော့ လူသစ်တွေ ဝင်ရင် အဆဲခံရတာ။ သူတို့က လုပ်ငန်းလည်း မသိ၊ ကျွမ်းကျင်မှုမရှိသေးတော့ အခက်အခဲတွေ့ တွေ့တာ ၊ အလုပ်ကြပ်တို့ ခေါင်းဆောင်တွေကလည်း ဖေးမမနေဘူး ဆဲတာပဲ” လို့ မစန်းစန်းထွေးက ပြောပါတယ်။

 

အလုပ်ချိန်အတွင်း နေ့လယ်စာ စားချိန် တစ်နာရီ အနားရပေမဲ့ အလုပ်ချိန် စုစုပေါင်း ၁၀ နာရီ လုပ်ကိုင်ရတာနဲ့ အလုပ်ကြပ်၊ ခေါင်းဆောင်ဆိုသူတွေက အလုပ်သမားတွေကို ဆဲဆိုနေကြတာကို မစန်းစန်းထွေးက ပြောပြခဲ့ တာပါ။ 

 

ဒါ့အပြင် Kaung Kaung Aquaculture ကုမ္ပဏီဘက်က သတ်မှတ် ခိုင်းစေတဲ့ မနက် ၇ - ည ၆ အထိ လုပ်ကိုင် နေရတဲ့အပြင် မနက် အစောပိုင်း အလုပ်ချိန် ၁ နာရီခွဲခန့်ကိုလည်း အလုပ်လုပ် ပေးနေရတယ်လို့ မစန်းစန်းထွေးက ပြောပြပါတယ်။ 

 

“မနက် “ကန်” သန့်ရှင်းရေးဆိုပြီး မနက် ၅ ခွဲ အရောက် လာရတယ်။ ကျွန်မတို့က အဲဒီအချိန်မလာနိုင်လို့ ၆ နာရီလောက်မှ ရောက်ရင် ခေါင်းဆောင်တွေက ဆဲဆိုတယ်၊ ငေါက်တယ် ။ မနက်စောစော ဆဲဆိုခံရတော့ ဘာသာရေး အရလည်း မသင့်တော်ဘူး ၊ တချို့လည်း စိတ်ထိခိုက်တာ၊ တချို့လည်း ငိုကြတာတွေ ရှိတယ်“ လို့ ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၆၂ မှာတော့ အလုပ်သမားတွေကို တရက် အလုပ်ချိန် ၈ နာရီအထိသာ ခိုင်းစေရမယ်လို့ သတ်မှတ်ထားပြီး ပုဒ်မ ၅၉ အရ တပတ် ၄၄ နာရီထက် ပိုမို ခိုင်စေ ခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။ 

 

လက်ရှိ Kaung Kaung Aquaculture မှာတော့ အလုပ်ပိတ်ရက် မရှိသလို ၊ ခွင့် ခံစား ခွင့် ပေးတာ မျိုးလည်း မရှိဘူးလို့ အလုပ်သမား တဦးက ပြောပါတယ်။ 

 

“အလုပ် မှာတော့ ပိတ်ရက်လည်း မရှိပါဘူး ။ ခွင့်လည်း မပေးပါဘူး ။ နေမကောင်းလို့ နားမယ်ဆိုရင်တောင် လူမရှိလို့ မနားရဘူးဆိုပြီး ပြောတယ်” လို့ အလုပ်သမား တဦးက ပြောပါတယ်။ 

 

အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၆၀ မှတော့ အလုပ်သမားတွေကို တနင်္ဂနွေနေ့ကို ရက်သတ္တပတ် အလုပ်ပိတ်ရက် အဖြစ် ထားပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

 

ဒါ့အပြင် ဝန်ထမ်းအလုပ်သမား တစ်ဦးကို နားရက်မပေးပဲ တဆက် တည်း ၁၀ ရက်ထက် ကျော်လွန် လုပ်ကိုင်စေချင်း မပြုရလို့ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ ပုဒ် ၈ မှာ ပြဋ္ဌာန်းထားပါတယ်။ 

 

Kaung Kaung Aquaculture ကုမ္ပဏီ အလုပ်သမားတွေကတော့ ဥပဒေက သတ်မှတ် ထားတဲ့ အလုပ်အချိန်ထက် ပိုမိုလုပ်ကိုင်ရတာနဲ့ ခွင့် ခံစားခွင့်မရတာတွေ အပြင် ဥပဒေက သတ်မှတ် ထားတဲ့ တရက် အနည်းဆုံး လုပ်ခလစာ တရက် ကျပ် ၄၈၀၀ လည်း မရရှိဘူးလို့ အဲ့ဒီ အလုပ်သမားက ဆက်ပြော ပါတယ်။  

 

“ တရက်ကို လုပ်ခ က ၄၆၄၅ ကျပ် ပေးတယ်။ နောက် အချိန်ပိုတွေ နှစ်ပိုင်းခွဲထားတာရှိတယ်။ အချိန်ပို ညဦးပိုင်း ၇-၁၂ အတွက်ကို ၃၁၅၀ ပေးတယ်၊ ည ၁ နာရီက မနက် ၆ နာရီအထိကို ၃၈၅၀ ပေးပါတယ်။ အဲဒီ အချိန်ပိုခ တွေက တနာရီအတွက်မဟုတ်ဘူး ။ အချိန်ပို တပိုင်းလုံးအတွက်ပါ။ အဲလိုထက် ကျွန်မတို့မှာ ပိတ်ရက် လုံးဝမရှိတာပါ” လို့ ပြောပါတယ်။ 

 

မြန်မာနိုင်ငံရဲ့ အနည်းဆုံး အခကြေးငွေ ဥပဒေအရ အလုပ်သမားတွေရရှိရမဲ့ တရက် အနည်းဆုံး လုပ်ခလစာ က တော့ ၄၈၀၀ ကျပ် ဖြစ်ပါ တယ် ။ 

 

အဲဒီ လုပ်ခလစာဟာ ပုံမှန် အလုပ် လုပ်ချိန် ၈ နာရီ အတွက် ဖြစ်တယ်လို့ သတ်မှတ် ထားပါတယ်။

 

စက်ရုံ အလုပ်ရုံက အလုပ်သမားတဦးကို တနင်္လာနေ့က စနေနေ့အထိ ပုံမှန် ၄၄ နာရီ လုပ်ကိုင်နိုင်ပြီး အချိန်ပိုအနေနဲ့တော့ နာရီ ၂၀ သာ လုပ်ကိုင်ဖို့ကို အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားလွှာ ထုတ်ပြန်ထားပါတယ်။ 

 

Kaung Kaung Aquaculture က တချို့အလုပ်သမားတွေဟာ နားရက်မရတာ၊ ခွင့်မရတာနဲ့ ဆဲဆိုမှုတွေကို သည်းမခံနိုင်ပေမဲ့ အလုပ်ထွက်ပါက ကျပ် သုံးသောင်းဖြတ်တောက်မှုတွေရှိလို့ ကြိတ်မှိတ် လုပ်ကိုင်နေ ရတယ်လို့ လည်း မစန်းစန်းထွေးက ပြောပါတယ်။ 

 

“ ကျပ် သုံးသောင်း လျှော်ကြေးဆိုက ဘာအတွက်မှန်းကို မသိတာ ၊ တချို့လည်း အိမ်ကပြန်တောင်းကြရတယ်၊ တချို့လည်း လုပ်ခထဲက အဖြတ်ခံပြီး ထွက်ကြတာပေါ့ ။ တကယ်ဆို ဘာအတွက်ဆိုတာမျိုး အလုပ်မဝင်မီ ကတည်းက ပြောပြသင့်တယ်။ ရုံးခန်းထဲ အလုပ်ဝင်တဲ့ အချိန်တုန်းက ဘာဆို ဘာမှ မပြောခဲ့ဘူး” လို့ ပြောပါတယ်။ 

 

လက်ရှိ သန်ဒုတ်ကျွန်းပေါ်က Kaung Kaung Aquaculture ကုမ္ပဏီကို ထိုင်းလူမျိုးတဦး အုပ်ချုပ်နေပြီး လုပ်သား ၅၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

Myanmar Labour News က ရှာဖွေထား အချက်အလက်တွေအရတော့ Kaung Kaung Aquaculture Co.Ltd ရဲ့ MD ဟာ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ကဏန်းအပါအဝင် အေးခဲရေထွက်ပစ္စည်းတွေ ထုတ်လုပ်နေပြီး အမေရိကန်နိုင်ငံနဲ့ ကမ္ဘာနိုင်ငံတွေကို တင်ပို့နေတယ်လို့ သိထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026