NEWS

Jun Sheng အထည်ချုပ်စက်ရုံတွင်းက အချိန်ပိုအလွန်အကျွံခေါ်ယူမှု အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်နေ

CoverLogo
1K Views

ရွှေလင်ဗန်း စက်မှုဇုန်အတွင်းက Jun Sheng Garment Factory အထည်ချုပ်စက်ရုံဟာ အချိန်ပို ရက်ဆက် ခေါ် ယူနေတာကြောင့် အလုပ်သမားတွေမှာ စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်ခံစားနေရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။

 

“လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ အပ် စိုက်မိတာတို့၊ မူးလဲတာတို့ ၊ တခြား မတော်တဆမှုတွေ ဖြစ်တာ ပေါ့ ၊ အချိန်ပို ဆက်တိုက် ခေါ်တာ ကျွန်မဝင် ကတည်းကဆို ၅ လ ကျော် ရှိလာပြီ။ ကျွန်မ မရောက်ခင် ကတည်း ခေါ်နေတာ” လို့ စက်ရုံက အထည်ချုပ်အလုပ်သမား မမေသူဇော် (အမည်လွဲ) ပြောတယ်။

 

Jun Sheng အထည်ချုပ်စက်ရုံကတော့ အချိန်ပို အေားအလင်း အောနိုက် ရက်ဆက်ခေါ်ယူနေတယ်ဆိုပြီး အခုနှစ် ဖေဖော်ဝါရီလမှာ Myanmar Labour News ဖော်ပြခံထားရပါတယ်။ 

 

အဲဒီလို တိုင်ကြားခံရလို့ အလုပ်သမား ဦးစီးဌာနက အရာရှိ ဝန်တမ်းတွေလာ ရောက်စစ်ဆေးခဲ့ပေမဲ့ စက်ရုံမှူး တရုတ်နိုင်ငံသား အမျိုးသမီးကတော့ အချိန်ပို ဆက်လက် ခေါ်ယူခဲ့တာလို့ မမေသူဇော်က ပြောပါတယ်။

 

“ အောလင်းတွေ ရက်ဆက်ခေါ်တော့ အိမ်ထောင်သည် အမျိုသမီးတွေဆို သူ့တို့အမျိုးသားတွေက မယုံ ကြတော့ဘူး။ အဲမှာ အိမ် ထောင်ရေး ပဋိပက္ခတွေ ဖြစ်ကြတာ။ စက်ရုံလာလည်း တငိုငိုတရီရီနဲ့ ။ အလုပ်သမားအမျိုးသမီးတွေဆို ဖိအားတွေ မခံနိုင်‌တော့ အလုပ်က ထွက်သွားကြတာပဲ မနည်းဘူးလို့” နောက်ထပ် အလုပ်သမားတစ်ဦး ဖြစ်တဲ့ မလင်းလင်း (အမည်လွှဲ) က ပြောပါတယ်။

 

ပြီးခဲ့ ငါလအတွင်းက အများပြည်သူရုံးပိတ်တွေဖြစ်တဲ့ တောင်သူလယ်သမားနေ့ ၊ တပ်မတော်နေ့၊ သင်္ကြန်ကာလ၊ အလုပ်သမားနေ့၊ ကဆုန်လပြည့်နဲ့ အီးဒ်(အစ်)နေ့တွေ ရှိခဲ့ပေမဲ့ တောင်သူလယ်သမားနေ့နဲ့ သင်္ကြန်ကာလ ပိတ်ရက်တချို့သာ ပိတ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။  

 

“တောင်သူလယ်သမားနေ့ တရက်တည်း ပိတ်ခဲ့တာ ၊ သင်္ကြန် ပိတ်ရက်ထဲက ၃ ရက်ကို တခြား ဌာနတခုက အလုပ်ဆင်းခဲ့ရတယ် ။ ကျွန်မတို့တော့ မပါခဲ့ပါဘူး” လို့ အလုပ်သမားအမျိုးသမီး လုပ်သားတဦး ကပြောပါတယ်။ 

 

လက်ရှိ Jun Sheng စက်ရုံမှာ ပုံမှန် အလုပ်ချိန် မနက် ၈ ကနေ ညနေ ၄ ခွဲအထိ ဖြစ်ပြီး နေ့စဉ် ည ၈ နာရီ ခွဲအထိ အချိန်ပို လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။ 

 

သာမန်အလုပ်ဆင်းချိန်အပြီး အနားမပေးဘဲ ဆက်လက် လုပ်ကိုင်ရတယ်လို့လည်း ပြောပါတယ်။

 

 ဒါ့အပြင် စက်လိုင်း ၄ လိုင်း၊ Finishing နဲ့ Packing ဌာနတွေ ကတော့ နေ့စဉ် ည ၈ နာရီကနေ ၁၂ နာရီအထိ လုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ မနက် ၈ နာရီကနေ ညနေ ၄ ခွဲ လုပ်ကိုင်ရသလို တချို့ စက်လိုင်းတွေကတော့ ည ၁၂ နာရီအထိ လုပ်ကိုင်ရတယ်လို့ မလင်းလင်းက ပြောပါတယ်။ 

 

 “စက်ရုံကို အချိန်ပိုနဲ့ ပတ်သက်ပြီး အလုပ်သမားအရာရှိ ၃ ဦးက အလုပ်သမားတချို့ကို လာစစ်တယ်။ စစ်လည်း စက်ရုံက အလုပ်သမားတွေ သင်ထားတော့ အမှန်တိုင်း မဖြေရဲဘူးပေါ့ ။ ကျွန်မတို့က ခေါင်းဆောင် တွေကို ကြောက်ရတယ်။” လို့ မလင်းလင်းက ဆက်ပြောပါတယ်။ 

 

လိုင်းခေါင်းဆောင်ဆိုသူတွေဟာ အလုပ်သမားတွေ အချိန်ပိုမဆင်းပါက နောက်ရက်တွေမှာလည်း ၄ နာရီခွဲ ပြန်ဖို့ ပြောဆိုတာ၊ လုပ်ငန်းခွင်အတွင်း အော်ဟစ် ဆဲဆို ဖိနှိပ်တာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။ 

 

“ခေါင်းဆောင်တွေက ကျွန်မတို့ OT မဆင်းဘဲ ၊ ဒီနေ့ ၄ ခွဲ ပြန်လို့ရတယ်။ နောက်ရက်လည်း ၄ ခွဲပြန်လို့ ပြောတယ် ။ ဒါဆို နောက်နေ့ကစ အချိန်ပိုမဆင်းနဲ့လို့ ပြောတာပဲ။ ဒီနေ့ မဆင်းနိုင်ပေမဲ့။ ကျွန်မတို့ နောက်နေ့ ဆင်းမှာပါ။ ဒီလို အိုတီမရဘူးဆိုရင် ၄၈၀၀ တည်းနဲ့ စားလို့ ဘယ်ဖြစ်မလဲ။ နောက် စက်လိုင်း ထဲမှာ မျိုးစုံ ပညာပြတော့တာပဲ ။” လို့ မမေသူဇော်က ပြောပါတယ်။ 

 

လက်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားလွှာမှာတော့ အချိန်ပို နာရီ ၂၀ နဲ့ သာမန် အလုပ်ချိန် ၄၄ နာရီ သတ်မှတ်ထားပြီး ရက်သတ္တပတ်ကို စုစုပေါင်း ၆၄ နာရီသာ လုပ်ကိုင် ခွင့်ပြုထား ပါတယ်။ 

 

ဒါ့အပြင် အချိန်ပိုခေါ်ယူမယ်ဆိုပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒ လက်မှတ်တွေကို စက်ရုံမှူး လက်မှတ်နဲ့ အတူ အလုပ်သမားရုံးကို တင်ပြရမယ်လို့ ညွှန်ကြားထားပါတယ်။ 

 

“ စက်ရုံဘက်ကလည်း တင်ပြမှာပဲ။ ဒါပေမဲ့ တင်ပြတာက အချိန်ပိုက ၄ ခွဲကနေ ၈ခွဲအထိ တင်ပြတာ ဟုတ်ရဲ့ လား ။ နောက် တနင်္ဂနွေတွေရော ဆိုတော့ ။ ကျွန်မအထင် ၄ခွဲ- ၆ ခွဲလောက်ပဲ တင်ပြတာ ဖြစ်လိမ့် မယ်” လို့ အလုပ်သမားရေး ဆောင်ရွက်နေသူ အမျိုးသမီး တဦးဖြစ်တဲ့ မအေးအေးက ပြောပါတယ်။ 

 

Jun Sheng စက်ရုံမှာ အချိန်ပိုလုပ်ခကို လက်ငင်း မရှင်းဘဲ ၊ ၉ ရက်ကြာမှ ၇ ရက် တပတ်အတွက် ရှင်းပေး တာဖြစ်လို့ အချိန်ပို လုပ်ကိုင်နေရပေမဲ့ ပင်ပန်းမှုနဲ့ ရရှိငွေဟာ မျှတတယ်လို မခံစားရဘူးလို့ မလင်းလင်းက ပြောပါတယ်။ 

 

“အချိန်ပို လုပ်ခတွေကို သာရေး၊ နာရေးတို့ ၊ ကျန်းမာရေးတို့၊ မိသားစုနဲ့ အစားအသောက်အတွက်တို့ သုံးချင် တာပေါ့ ။ တခြားစက်ရုံတွေက လက်ငင်းရှင်းတယ်။ ကျွန်မတို့ စက်ရုံကပဲ ၉ ရက်မြောက်မှ ရှင်းတယ်။ ငွေလည်း ရရရော အကြွေးဆပ်ရော၊ အတိုးတောင် အဖက်တင်တယ်။” လို့ မလင်းလင်းက ပြောပြပါတယ်။

 

စက်ရုံမှူးအဖြစ် တရုတ်နိုင်ငံသား အမျိုးသမီးလုပ်ကိုင်နေပြီး နည်ပညာပိုင်းကျွမ်းကျင်သူ ၄ ဦးကလည်း တရုတ် နိုင်ငံသားတွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

ငွေကိုင်ဌာနကလည်း အလုပ်ထွက်တဲ့ စက်ရုံအလုပ်သမားတွေကို မောက်မာစွာ ဆက်ဆံတဲ့ အပြင် စက်မှူးဖြစ်သူကလည်း ထင်ရာစိုင်း လုပ်ကိုင်နေ တယ်လို့ ပြောဆိုပါတယ်။ 

 

“စက်ရုံမှူးအမျိုးသမီးက သူကြိုက်ရင် ချက်ချင်းခန့်တာပဲ ၊ မကြိုက်ဘူးဆိုလည်း ချက်ချင်း ထုတ်ပါလေရော ၊ အဲလို ထုတ်လို့ လစာယူဖို့ ရက်ကို အထုတ်ခံရတဲ့ အလုပ်သမားက အကြောင်းကြောင့် လာမထုတ်ဖြစ်ခဲ့ရင် သူတို့ချိန်းတဲ့ရက် ပြန်စောင့်ပဲ။ မောက်မောက်မာမာနဲ့ကို ပြောတာ ။ အဲလိုပါပဲ အချိန်ပိုလုပ်ခလည်း မထုတ် ဖြစ်ရင် နောက်ရက် စောင့်ရတာ။” လို့ မမေသူဇော်က ပြောပါတယ်။ 

 

စက်ရုံဘက်က ရှောင်တခင်ခွင့်၊ ဆေးခွင်နဲ့ လုပ်သက်ခွင့်တို့ကို ခွင့်ပြုထားပေမဲ့ လုပ်သက်ခွင့်ကို အလုပ်သမား တွေရဲ့ဆန္ဒကို မေးမြန်းတာမရှိဘဲ ငွေကြေးနဲ့ရှင်းပေးတယ်လို့ လုပ်သက် နှစ်ကျော်ပြီဖြစ်တဲ့ မဝင်းမိုး (အမည်လွှဲ) ကပြောပါတယ်။ 

 

“လုပ်သက်ခွင့်ကတော့ ငွေပေးပါတယ်။ ဒါပေမဲ့ ရှောင်တခွင့်တို့ ဆေးခွင့်တို့ ပေးတယ်ဆိုတာက အဲဒီ ခွင့်ရက် တွေ အတွက် ရက်မှန်ကြေးကို ဖြတ်တယ် ၊ နောက် ဂရိတ်အဆင့်တွေ ချလိုက်တယ်။ ဒါတွေက သိပ်နစ်နာ တာပါ ။ အချိန်ပိုကိုလည်း တရက် အလုပ်ချိန်ရဲ့ တဝတ်ကို နေ့တိုင်း ဆင်းထားရတာ ၊ ခွင့်ယူချင်ကြတာပေါ့ ” လို့ မဝင်းမိုးက ပြောပါတယ်။ 

 

စက်ရုံအတွင်း ထမင်းစားနေရာနဲ့ ခုံတွေဟာ လုံလောက်မှုမရှိဘဲ အလုပ်သမားအများစုကတော့ ဖြစ်သလို အောက်မှာပဲ ထိုင်စားကြရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

 

Jun Sheng Garment Factory ဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဝက်မစွတ် ဝန်ထောက်လမ်းမှာ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုနဲ့ အတည်ချုပ်လုပ်ငန်းကို လုပ်ကိုင်တာလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

 

စက်ရုံကို အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့ လည်ပတ်နေပြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ MOHITO ကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026