NEWS

J-Land Myanmar အထည်ချုပ်စက်ရုံ နေ့စားလုပ်သားအား လုပ်အားခလျှော့ပေးပြီး၊ အလှူငွေ ဖြတ်တောက် ယူထား

CoverLogo
778 Views

J-Land Myanmar အထည်ချုပ်စက်ရုံက နေ့စားအလုပ်သမားတွေကို အနည်းဆုံးအခကြေးငွေ ဥပဒေကို ဖေါက်ဖျက်ပြီး လုပ်ခလစာ လျှော့ပေးပြီး တာဝန်ရှိသူတချို့ကလည်း အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အလှူငွေ ဆိုပြီး ဖြတ် တောက်ရယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

J-Land Myanmar အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ဝါးတရာစက်မှုဇုန် ၊ အမှတ် ၄၉ မှာရှိပြီး အလုပ်သမား ၈၀၀ ဝန်းကျင်နဲ့ ကမ္ဘာကျော် အမှတ်တံဆိပ် GUESS  ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။

“ကျွန်မတို့ကို့ နေ့စားလရှင်းပုံစံနဲ့ ခန့်ထားပါတယ်။ လုပ်အားခကတော့ ၄၈၀၀ ၊ ၅၀၀၀နဲ့ စခန့်တယ်။ စနေ့နေ့ ဆို အလုပ်ချိန်က မနက်တပိုင်းပဲ ဆိုပေမဲ့ ညနေပိုင်းအလုပ်အချိန်အတွက် အိုတီမပေးပါဘူး ။ သတ်မှတ်နေ့စားခပဲ ရပါတယ် ။ အခုရက်ပိုင်းကမှ အဲဒီ နေ့စားအလုပ်သမားတွေ အမြဲတန်း အလုပ်သမား ဖြစ်သွားတာ ။ ကျန်တဲ့ သူလည်း နေ့စားအနေနဲ့ ကျန်နေသေးတယ် “ လို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။

အလုပ်သမား ဥပဒေပြဌာန်းချက်မှာတော့ နေ့စား၊ ပုတ်ပြတ်နဲ့ လခစား အလုပ်သမားဆိုပြီး ခွဲခြားသတ်မှတ်တာ မရှိပေမဲ့ J-Land Myanmar နေ့စားအလုပ်သမားတွေမှာ အမြဲတမ်းခန့် အလုပ်သမားတွေနဲ့ အလုပ်ချိန်အတူ လုပ်ကိုင်ရတဲ့အပြင် ပိတ်ရက်၊ အချိန်ပိုတွေ အတွက် လုပ်ခမရတာနဲ့ ရက်မှန်ကြေးပါ ခံစားခွင့်မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“နေ့စားအလုပ်သမားတွေ ဥပဒေမှာပါတဲအတိုင်း အခွင့်အရေး မရသလိုပဲ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်း လည်း အလုပ်သမားတွေကို 
ထောက်ပံ့ကြေး မပေးခဲ့ဘူး။ ညွှန်ကြားချက်ကို ၁၁ လပိုင်းမှာထုတ် တယ်။ အဲ့လ အတွက် ထောက်ပံ့ကြေး ၁၀၀၀ ပေးဖို့ပါတယ်။ ဒါပေမဲ့ စက်ရုံက အဲ့လအတွက် ၅၂၀၀ နဲ့ပဲ လစာကို တွက်ပေး တယ်။ အဲလိုပေးတာ အခု ဒီဇင်ဘာ အထိနော် ။ နောက် တလပိုင်းကုန်မှ ၅၈၀၀ ပေးမယ်ပြောတယ်။ အဲလို တိုးပေးမယ်ဆိုလည်း ရက်မှန်ကြေးတွေကို ထပ်လျှော့မယ် ပြောတယ်။  “ လို့ J-Land Myanmar အလုပ်သမားတဦးက ပြောပါတယ်။ 

တရက်လုပ်ခ ၅၂၀၀ ဟာလည်း ဩဂုတ်လအတွင်း တိုးပေးခဲ့တဲ့ လုပ်ခနှုန်းထား ဖြစ်တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ လုပ်ခလစာ တိုးပေးစဉ်ကလည်း ရက်မှန်ကြေး ကျပ် ၃၀၀၀ ကနေ ၆၀၀၀ အထိ လျှော့ချ ပေးခဲ့ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက်က အလုပ်သမားတွေရဆန္ဒမပါဘဲ လုပ်ခလစာ အပေါ်   ဖြတ်တောက် တာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ပထမတကြိမ် အကြီးအကဲတွေကို ကန်တော့ဖို့ဆိုပြီး လစာထဲက ၃၀၀၀ ဖြတ်ယူတယ်။ ရုံးပေါ်က ဖြတ်တာပါ။   တန်ဆောင်တိုင်ကျတော့ ၅၀၀၀ ဖြတ်ပြန်တယ်။ လစာထဲက တခါတည်း ဖြတ်ယူလိုက်တာ။ ဒါက အလုပ်သမား တဦးရဲ့ လစာထဲကနေ အတင်းအဓမ္မ ဖြတ်ယူလိုက်တာ ။” လို့ ပြောပါတယ်။ 

J-Land Myanmar စက်ရုံအတွင်း ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေ လာရောက်စစ်ဆေးဖို့ရှိနေတာကြောင့် အရင်က မရှိတဲ့ စက်ရုံ ဆေးခန်းကို ပြန်လည်လည်ပတ်နေပြီး သူနာပြုတဦးကိုတွေ့ရတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။ 

ကျန်းမာရေးအခြေအနေကြောင့်  အချိန်ပို မဆင်းနိုင်တာ၊  ဂိတ်ပတ်ယူတာတွေကို စက်ရုံ စူပါ၊လီတာတွေ က ခွင့်မပြုဘဲ ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လူမှုဖူလုံရေး ဆေးခန်းက ခွင့်ယူဖို့ ခွင့်ပြုပေမဲ့ ခွင့်ရက် ၃၀ ကျော်လို့ ဆိုပြီး စက်ရုံရုံးပိုင်းက ပယ်ချခဲ့တယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။  

“ မီးဖွားတာ၊ ကလေးကို စောင့်ရှောက်ရတာ၊ အမေကလည်း လေဖြတ်တာ အဲလို အခြေအနေတွေကြောင့် ဖူလုံရေး ခွင့်က ရက် ၃၀ ပြည့်နေတယ် ပြောတယ်။ ဖြစ်ချင်တော့ မျက်လုံးနာတယ်။  ဖူလုံရေး ဆေးခန်းက ခွင့်ရေးပေးလိုက်တယ်။ ရုံးကတော့ အဲဒါကို ရက် ၃၀ ပြည့်လို့ ခွင့်မ ပေး’ဘူး။ မျက်လုံးနာတာက လူများနဲ့ စက်ရုံမှာ လုပ်ဖို့ မသင့်တော်ဘူး ။ “ လို့ ခွင့်မရခဲ့တဲ့ အလုပ်သမားတဦး က ပြောပါတယ်။ 

J-Land Myanmar စက်ရုံ တာဝန်ရှိသူတွေ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ စည်းကမ်းတွေ သတ်မှတ်ထားပြီး အဲဒီ စည်းကမ်းတွေနဲ့ အလုပ်ထုတ်ခဲ့တဲ့ အလုပ်သမား ၂၀ ဝန်းကျင်ရှိတယ်လို့လည်း ကူညီရေးအဖွဲ့တွေက ပြော ပါတယ်။ 

အလုပ်သမားတွေက တရက်လုပ်ခ ၅၈၀၀ ရဖို့၊ WCC ကို ပြန်လည် ဖွဲစည်းပေးဖို့၊ နေ့စား အလုပ်သမား တွေကို ခွဲခြားတာတွေ မလုပ်ဖို့၊ လုပ်ငန်းခွင် အနံ့ဆိုးတွေ ပပျောက်ဖို့ ၊ လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးဖို့ ၊ ပစ္စည်းပျောက်ရှမှုတွေကို တာဝန်ခံဖို့နဲ့ လစာတွေထဲကနေ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ ဖြတ်ယူတာမလုပ်ဖို့ J-Land Myanmar  အလုပ်သမားတွေက တောင်းဆိုထားပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026