NEWS

MOU သမားတွေ နေရပ်ပြန်ပြီး ဗီဇာ သက်တမ်းတိုးခိုင်းခြင်းအစား ထိုင်းနိုင်ငံအတွင်း၌သာ သက်တမ်းတိုး ပြုလုပ်ရန် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူတွေတောင်းဆို

CoverLogo
339 Views

MOU အလုပ်သမားတွေရဲ့ ဗီဇာကြေးကို ဘတ် ၁၅၀၀ ခန့်အထိ လျှော့ချနိုင်ဖို့ နဲ့ မိခင်နိုင်ငံသို့ သွားရောက်ပြီး သက်တမ်း ပြန်တိုးကြမယ့် MOU သမား‌ တွေ ကို ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရ မယ့်အချိန်အား လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း ထိုင်းသတင်းစာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖော်ပြချက်တွေ အရ သိရပါတယ်။ 

 

ဗီဇာကြေးက ဘတ် ၂၀၀၀ ပေး‌ရမယ့်အစား ဘတ် ၅၀၀ သာ ပေးသွင်းနိုင်ရန် (ဘတ် ၁၅၀၀ လျှော့ချပေးနိုင်ဖို့)နဲ့ သက်တမ်း ၄ နှစ်ရှိ ပြီး အလုပ်သမားများ မိခင်နိုင်ငံသို့ပြန်ပြီး သက်တမ်းတိုးနိုင်ဖို့ နဲ့အတူ ရက်ပေါင်း ၃၀ နေထိုင်ရန် မလိုဘဲ ထိုင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုရန် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

 

ဗီဇာကြေး လျှော့ချဖို့ ယခင်ကတည်းက ဆွေးနွေးနေကြခြင်း ဖြစ်တဲ့အပြင် ယခုအခါ ထပ်မံ ဆွေးနွေးခဲ့ကြခြင်းဖြစ် ကြောင်း နှင့် အလုပ်သမားတွေ အနေနဲ့ ဗီဇာကြေး သက်သာ သွား သော်လည်း အေဂျင်စီများနဲ့ အခြား ကုန်ကျစရိတ်တွေ လျော့ နည်းမသွားကြောင်းကိုလည်း အလုပ်သမား ရေး ဆောင်ရွက်နေသူ တစ်ဦးက တင်ပြထားတာ တွေ့ရပါတယ်။ 

 

“အဲဒီ amount လောက်ပဲ လျော့သွားတာပါ။ ၅၀၀ ကို လျှော့ပေးလိုက်တယ်ဆိုရင် ဘတ် ၁၀၀၀၊ ၁၅၀၀ သက်သာသွားတဲ့ ဟာ။ ကျန်တဲ့ Process တွေက အတူတူပဲ။ ဘတ် ၁၀၀၀၊၁၅၀၀ ပဲ သက်သာတာပေါ့လေ။ ဒါပေမယ့် နည်းတော့လည်း မနည်းပါဘူး ဒီလောက်ကြတော့လည်း။ တကယ့်တကယ်က တစ်ယောက်ချင်း ကြည့်ရင်တော့လည်း ဘာမှမဟုတ်ဘူးဆိုပေမယ့် အများနဲ့ ဆိုရင်တော့လည်း တော်တော်လေးကို လျော့သွားတာပဲ" လို့ ပြောပါတယ်။ 

 

ဒါ့အပြင် ယခုလက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင် ရွှေ့ပြောင်းအလုပ်သမား မြန်မာတွေဟာ ၁.၉ သန်း ဝန်းကျင်ရှိပါတယ်။ 

 

"ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဗီဇာခကို ဗီဇာနှုန်းကို တွက်ကြည့်လိုက်ပေါ့။ ကိုဗစ်ကြောင့် ပြဿနာ တက် သွားတာလေ။ ဒီဘက်ကို ကူးလာပြီးကတည်းက MOU အလုပ်သမားတွေကို သူတို့ Camp သွင်းပြီးတော့ ရောဂါ စစ် ဆေးတာတို့ ဘာတို့လုပ်ရတယ် ကွာရန်တင်း ကာလတွေ အဲဒါတွေပါတဲ့ အခါကြတော့ ဘယ်လိုမှ တစ်လနဲ့က မဖြစ်နိုင်ဘူး။ ပြီးတော့ စက်ရုံကိုရောက်ပြီး ၁၅ ရက်အတွင်းမှာ Work Permit တွေဘာညာ လုပ်တဲ့ကိစ္စတွေပေါ့။ လုပ်ငန်းနဲ့ ပတ်သက်တာ တွေကို သင်ကြားမယ်။ ပြီးတဲ့အခါကြမှ အဲဒီကြား ကာလမှာ ပါမစ်တွေကို လုပ်တဲ့ကိစ္စဆိုတော့ အဲဒီမှာ အချိန်က ပေးရတာ ပေါ့။ အခုကြတော့ ဒီဟာတွေ ကဏ္ဍတွေကို အတတ်နိုင်ဆုံး ချုံ့ပြီးတော့ တစ်လ အတောအတွင်း ဖြစ်အောင် လုပ်ပေးမယ်ဆို တော့ ဒါ ဟာ ကိုဗစ်ကာလ မတိုင်ခင်ကလို ပုံမှန်ပြန်ဖြစ်တာပေါ့” လို့ ၎င်းက ဆက်ပြောပါတယ်။ 

 

ထိုင်းနိုင်ငံရှိ အလုပ်ရှင်နှင့် အလုပ်သမား အလုပ်ခန့်ထားရေး နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုပြီးသော်လည်း အလုပ်သမားများ အား အလုပ်နေရာသို့ ခေါ်ဆောင်နိုင်ခြင်း မရှိတဲ့ အလုပ်ရှင်‌ေတွကို ထိရောက်တဲ့ အရေးယူမှု‌ေတွ လုပ်ဆောင်ဖို့ နဲ့ အလုပ်ခန့်ထားရေး စာချုပ်များကိုလည်း သက်တမ်းတိုးခြင်းနှင့် အတူ လုပ်ငန်းခွင်များကို MOU စနစ်အတိုင်း ပြုလုပ်ရန် ဆွေးနွေးခဲ့ကြ ကြောင်း လည်းသိရပါတယ်။ 

 

ကိုဗစ် ကာလပြီးနောက် မြန်မာ MOU လုပ်သားများအား စတင်စေလွှတ်ရာမှာ စာချုပ်ပါအတိုင်း လုပ်ငန်းခွင်ဝင်ရောက်ခွင့်တွေ မရရှိလို့ မြန်မာလုပ်သားများ အခက်အခဲ ဒုက္ခရောက် ခဲ့ရသလို အခုလို အချက်အလက်တွေကို နှစ်နိုင်ငံ ဆွေးနွေးခဲ့တာဖြစ် ပြီးတော့ ပိုမို ကောင်းမွန်တဲ့ ရလာဒ်တွေကို ဖော်ဆောင်နိုင်ဖို့ ဖြစ်လာမယ်လို့လည်း ရွေ့ပြောင်းအလုပ်သမား ကူညီဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။ 

 

အခုလို ဆွေးနွေးခဲ့ကြတဲ့ အချက်များကိုတော့ သက်ဆိုင်ရာများအ နေနဲ့ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်းနဲ့ အမြန်ဆုံး အတည်ပြု ထုတ်ပြန်စေလိုကြောင်းကိုလည်း ဆက်ပြောပါတယ်။ 

 

လက်ရှိမှာ MOU သက်တမ်း ပြည့်သူများအား နေရပ်သို့ပြန်ပြီး သက်တမ်းတိုးခြင်း ပြုလုပ်နိုင်ရန်အတွက် ဇူလိုင်လကုန်အထိ ယာယီနေထိုင်ခွင့် ပြုထားခြင်း ဖြစ်သော်လည်း အချို့လုပ်ထုံး လုပ်နည်းများကြောင့် သက်တမ်းပြည့် MOU သမား အများစု သည် နေရပ်ပြန်၍ သက်တမ်းတိုးရန်မှာ အဆင်မပြေကြကြောင်း သိရပါတယ်။ 

 

“တကယ်တမ်း တွက်ကြည့်မယ် ဆိုရင်တော့ ဗီဇာ ကြေးတွေ ဟိုကြေး ဒီကြေးတွေ လျှော့ချတာကတော့ ကျနော်တို့ အနေနဲ့ လက်ခံပါတယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေ မှာ တချို့ဟာတွေက ပြောစရာတွေ ဖြစ်လာတယ်။ ဘာလို့လဲဆိုရင် ဥပမာ နံပါတ်တစ် သူတို့မှာ အထောက်အထား မရှိဘူး။ အထောက်အထားတွေက သေနေတယ်။ သေတဲ့အခါကြတော့ နယ်စပ်ကို ဘယ်လိုသွားမလဲ။ နယ်စပ်ကို သွားတဲ့အခါ ကိုယ် လာတဲ့ အေဂျင်စီကနေ လာမခေါ်ဘူးလား ကိုယ့်ဘာသာ သွားရမှာလား။ အဲဒီသွားတဲ့ အခါမှာလည်း သက်တမ်းက သေနေတဲ့ အခါကြတော့ သံရုံးထောက်ခံချက်ကို အလုပ်သမားတွေ ကိုယ်တိုင်က သွားယူရမလား၊ အေဂျင်စီက ယူရမှာလား။ အဲဒီ တစ်ခု ချင်း တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကို ကြည့်တဲ့အခါကြတော့ ပွဲစားကို ဗဟိုပြုတာ တွေ့ရတယ်။ တချို့ လုပ်ဆောင်ချက် တွေကို ပြန်ကြည့်ဖို့ လိုတယ်။ တတ်နိုင်ရင်တော့ အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ သံရုံးကနေ တစ်ခါတည်း လုပ်ပေးလိုက်လို့ရတဲ့ ကိစ္စတွေကို။ သံရုံးကနေ တိုက်ရိုက်မလုပ်ဘဲ မြန်မာပြည် ပြန်ခိုင်းတဲ့ ကိစ္စတွေက တချို့ဟာတွေက သွားလို့ ရတယ်ဆိုပေမယ့် တချို့ဟာတွေက ငွေကြေးဆိုင်ရာ အခက်အခဲကြောင့်။ ကျနော့်အထင် သွားမယ့်အုပ်စုတွေက ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်မယ်မထင်ဘူး” ရခိုင်အလုပ်သမား အဖွဲ့မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောပါတယ်။ 

 

ထိုင်းနိုင်ငံရှိ MOU သက်တမ်းပြည့် မြန်မာနိုင်ငံသားများသာမက ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက် ပေးနေကြတဲ့ အဖွဲ့အစည်းများ အနေနဲ့လည်း နေရပ်သို့ပြန်ပြီး သက်တမ်းတိုးခိုင်းခြင်းအစား ထိုင်းနိုင်ငံအတွင်း၌သာ သက်တမ်းတိုး ပြုလုပ်ရန် ထုတ်ပြန်စေလိုကြောင်း နှင့် MOU သက်တမ်းပြည့်သူများအပြင် ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ လုပ်သားများနှင့်ပတ်သက်၍လည်း တစ်စုံတစ်ရာ ထူးခြားလာနိုင်ဖွယ်ရှိကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ထားပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
အမျိုးသား​တွေကို ပြည်ပအလုပ်လုပ်ခွင့် ကန့်သတ်ပြီး​နောက်ပိုင်း အွန်လိုင်းမှ တရားမ၀င်လုပ်သား​​ခေါ်ယူမှု မြင့်တက်​နေ
May 20, 2024
Cover
တရုတ်ဇနီးမယားအဖြစ်ဝယ်ယူမှုတွေ တရုတ်-မြန်မာနယ်စပ်မှာပေါ်ပေါ်ထင်ထင်ပြုလုပ်လာ
May 19, 2024
Cover
မူဆယ်ကတဆင့် တရုတ်ပြည်ကို  တပတ်ကတ်နှင့် ဝင်ရောက်ပြီး ပြန်ထွက်သူနည်းသည့်အတွက် တရုတ်ဘက်မှ အဖမ်းဆီးနေ့စဉ်ပြုလုပ်
May 16, 2024
Cover
တရက်လုပ်ခလစာ ၄၀၀ ဘတ် တိုးပေးမယ်လို့ ထိုင်းအစိုးရကသတ်မှတ်တဲ့အပေါ်လုပ်ငန်းရှင်တွေကန့်ကွက်
May 11, 2024
Cover
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံနှစ်ရုံမှ တရားမဝင်မြန်မာလုပ်သား ၃၆ဦး အဖမ်းခံရ
May 10, 2024
Cover
လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု
May 07, 2024
Cover
အသက်၂၃နှစ်အောက်နှင့် ၃၁နှစ်အထက် အမျိုးသား လုပ်သား များ ကိုသာ​အေဂျင်စီဖြင့် စာချုပ်ချုပ် ခွင့်ပြုမည်ဟုဝန်ကြီးဌာန ညွှန်ကြား
May 07, 2024
Cover
မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်သော်လည်း MOU လုပ်သားများ စေလွှတ်နိုင်ခြင်း မရှိသေး
May 06, 2024