NEWS

HUI YUAN အထည်ချုပ် အလုပ်ချိန် ၇ နာရီနီးပါး ဆက်တိုက်ခိုင်းစေ ၊ အောစူပါ မလိမ့်တပတ် ငွေကြေးတောင်းခံ

CoverLogo
717 Views

ဒဂုံဆိပ်ကမ်း စက်မှုဇုန်က HUI YUAN အထည်ချုပ်စက်ရုံမှာ အလုပ်ချိန် ၇ နာရီနီးပါး နားချိန်မရဘဲ ဆက်တိုက် လုပ်ကိုင်နေရတယ်လို့ အထည်ချုပ်လုပ်သားတွေက ပြောပါတယ်။ နေ့လယ်စာအတွက် နားချိန်အပြီးကနေ အချိန်ပို ည ၇ နာရီအထိ နားချိန်မရဘဲ ဆက်တိုက်လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“နေ့လယ်နားချိန်က ၁၂ ခွဲပြီးတယ်၊ အဲဒီကနေ ၇ နာရီအထိ ဆက်တိုက် ချုပ်ရတာ။ ကြားမှာ လုံးဝ နားချိန် မပေးဘူး။ ည ၈ ခွဲ ၊ ၉ ခွဲ အချိန်ပိုတွေဆိုရင်တော့ ၁၀ မိနစ်ပေးနားတယ်။ နားရတဲ့ ၁၀ မိနစ်ကလည်း ကျားက လိုက်သလိုပဲ။ အပြေးအလွှား နားရတယ်။ ၁၀ မိနစ်နားချိန် ပြည့်မပြည့်တောင် မသိရဘူး။ နောက်ကနေ အောစူပါတွေက လိုက်ဆဲ နေတာ ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အချိန်ပိုလုပ်ကိုင်ရမယ်လို့ စက်ရုံဘက်က ကြိုတင် ပြောကြားထားတာ မရှိသလို ၊ အလုပ်ဆင်းချိန်နီးမှ အချိန်ပို ဆင်း ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမား အများစုကတော့ နိုင်ငံရေးမကောင်း၊ လုံခြုံရေးမကောင်းတဲ့ အချိန်တွေမှာ အချိန်ပိုတွေ ညနက်အောင် မဆင်း လိုဘဲ နားချိန် အနည်းငယ် ပေးဖို့အပ်တယ်လို့လည်း ပြောပါတယ်။

“ကျွန်မတို့မှာ အချိန်ပိုဆို ကြိုတင်ပြင်ဆင်ရတာမျိုးမရှိဘူး ၊ အလုပ်ဆင်းချိန်ရောက်မှ ကပ်ပြောတာ။ မဆင်းဘူးလို့ ငြင်းမရဘူး။ အောစူပါတွေက လူရှိသူရှေ့ မရှောင် ပြောနေတော့တာ ။ ပြောလိုက်ရင်လည်း ရိုင်းဆိုင်းတာတွေပဲ။ အလုပ်ရှားလွန်းလို့ သာ လုပ်နေရတာ ၊ ညနက် မဆင်းချင်ဘူး ၊ ငြင်းလည်းမရဘူး ” လို့ ပြောပါတယ်။

HUI YUAN အထည်ချုပ်စက်ရုံက စက်လိုင်း ၈ လိုင်းကို အောစူပါ နှစ်ယောက်က အုပ်ချုပ်နေပြီး အဲဒီ အောစူပါ နှစ်ဦးစလုံး ရိုင်းဆိုင်းတဲ့ စကာလုံးတွေ သုံးနှုန်း ဆဲဆိုတာတွေ ပြုလုပ်ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“စက်လိုင်း ၁ က နေ ၄ ကို အောစူပါတယောက်၊ ၅ ကနေ ၈ အထိ တယောက် အဲလို ခွဲအုပ်ချုပ်တယ်။ ဆဲတာက တော့ နောက်လိုင်း ၅-၈ က အောစူပါပဲ။ ၁-၄ အုပ်ချုပ်တဲ့ အောစူပါကတော့ ရိုင်းတဲ့ စကားလုံးတွေ သုံးတယ်။ ကန်တော့နော်၊ နင့်တို --ံပြီး ရလာတာလားတို့ ဘာတို့ အဲ့လိုတွေ သုံးနှုန်း ပြောတယ်” လို့ အလုပ်သမား တဦးက ပြောပါတယ်။

မိဘမဲ့ကလေးတယောက်ကို အလှူလုပ်မယ်ဆိုပြီး အလုပ်သမားတွေဆီက ငွေတွေကို စက်လိုင်း ၁-၄ အုပ်ချုပ်တဲ့ အောစူပါက ကောက်ခံခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ အောစူပါက မိဘမဲ့ကလေး တဦးကို ကူညီမယ်၊ အလှူငွေထည့် ဆိုပြီး ပေါ့ ။ အလုပ်သမားတွေထင်တာက စက်လိုင်းထဲက အလုပ်သမား တဦးရဲ့ မိဘ တခုခု ဖြစ်လို့ ကူညီမယ်ထင်တာပါ။ သူက အဲ့လိုမဟုတ်ဘဲ တခြားဌာနက အလုပ်သမား တယောက် အကြွေးတင်တာကို အလှူငွေတွေ မလိမ့်တပတ် ကောက်ပြီး ပေးလိုက် တာပါ။” လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီလို ငွေကြေး မလိမ့်တပတ်ကောက်ခံတာဟာ တပတ်လောက်သာ ရှိသေးပြီး ၁-၄ စက်လိုင်း အလုပ်သမားတွေ အားလုံးကို meeting ခေါ်ပြီး ငွေကြေးကောက်ခံခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ် ။

“ကျွန်မတို့ အလှူဆိုလို့ ထည့်ပေးတာပါ။ အောစူပါကလည်း အလှူဆိုပြီး ပိုက်ဆံကောက်တယ်။ ပြီးတော့ လူမှုရေး ကိစ္စ ရှိတဲ့လူကို ကောက်ထားတဲ့ ပိုက်ဆံပေးတယ်ဆိုတော့ အောစူပါက မလိမ့်တပတ် ပိုက်ဆံကောက်တဲ့သူ ဖြစ်နေတယ်။ နောက် သူ့ရာထူးကို အကြောင်းပြပြီး ပိုက်ဆံကောက်တာလား” ဆိုပြီး အလုပ်သမားတွေက မေးခွန်းထုတ် ပါတယ်။

HUI YUAN အထည်ချုပ်မှာ အလုပ်သမား တထောင်ဝန်းကျင်ရှိပြီး လည်သာ၊ ဂျာကင်၊ အနွေးထည်တွေ ချုပ်လုပ်နေ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနဲ့ ပတ်သက်တဲ့ Dica အချက်အလက်တွေမှာ Huiyuan Garment Company Limited (Chinese) ဆိုပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု နဲ့ တည်ထောင် ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026