ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်ရုံ ကဟိုစိမ့်မြန်မာ Hosheng Myanmarအထည်ချုပ် စက်ရုံမှာ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၆ ယောက်နဲ့ အလုပ်သမားအရေးအကူအညီပေးတဲ့ ၂ ယောက်အပါ ဖမ်းခံထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ခွင်အတွင်း ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဟုဆိုကာ စက်ရုံတာဝန်ရှိသူတွေက ဇွန်လ ၁၀ မှာအလုပ်ထုတ်ခဲ့တာဖြစ်ပြီး ၎င်းတို့ ၇ ဦးကို အလုပ်ပြန်လည်ခန့်ထားပေးရန် စက်ရုံထဲက အလုပ်သမား ၆၀၀ ကျော်က စုပေါင်းဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။
ဇွန်လ ၁၄ ရက်နေ့ မှာတော့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ စက်ရုံတာဝန်ရှိသူ တို့ ညှိနှိုင်းပေးမယ်လို့ ခေါ်ထားပြီး သွားရောက်ရာက အပြန်ထွေအုပ်ရုံးရှေ့မှာတင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးထဲမှ အတွင်းရေးမှူးဖြစ်သူ မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
လက်ရှိမှာတော့ မသူသူစံအပါအဝင် နောက်ထပ် သမဂ္ဂခေါင်းဆောင် ၅ ဦးနဲ့ အလုပ်သမားအရေးအကူအညီပေးသူ ၂ ဦးထပ်မံဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“အလုပ်သမား တွေ အဖမ်းခံနေရတာဟုတ်ပါတယ် အလုပ်သမားတွေနဲ့ အဆက်အသွယ်မရတော့ပါဘူး နောက်က လိုက်သွားတဲ့ သူတွေနဲ့ပါအဆက်အသွယ်မရတော့ဘူး စနေနေ့က လိုက်သွားတာပါ”လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောဆိုပါတယ်။
အဆိုပါ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၆ ဦးနှင့် အလုပ်သမားအရေးကူညီပေးသူ ၂ ဦးအပါ စုစုပေါင်း ၁၂ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပြီး ကျန်သူတွေကတော့ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရသေးပါဘူး။
Hosheng Myanmar အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ZARA, Inditex စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ မလိခ လမ်းမှာ ဖွင့်လှစ်ထားတဲ့ SUN APPAREL အထည်ချုပ်စက်ရုံမှာ ဒေးကြေး ၆၀၀၀ ကျပ်တောင်းဆိုရာမှာ ဦးဆောင်တယ်လို့ စွပ်စွဲကာ အလုပ်သမား ၂ ဦးဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၂ ဦးနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံမှာ ဇွန်လ ၃ ရက်နေ့က လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၄၀၀ ကျော်မှ ဒေးကြေး ၆၀၀၀ ကျပ် တိုးပေးဖို့ သောက်သုံးရေ စီစဉ်ပေးဖို့ နဲ့ အချက် ၆ ချက်ကို တောင်းဆိုခဲ့တာဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှာ အလုပ်သမားခေါင်းဆောင်မသီတာဝင်းကို အလုပ်သမားဆန္ဒပြမှုတွင် သွေးထိုးလှုံ့ဆော်သည်ဟု စွပ်စွဲကာ အမှတ် ၁ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကူတပ်ဖွဲ့ခွဲသို့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၁၅ ရက်မှာတော့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတဲ့ ကိုလှိုင်ဝင်းထက် ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးလက်ရှိလုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေဖြစ်ပေါ်နေပြီး အလုပ်ထွက်လိုသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
SUN APPAREL အထည်ချုပ်စက်ရုံဟာ ထိုင်းနိုင်ငံသားပိုင်ဖြစ်ပြီး JAKO အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
#MyanmarLabourNews