NEWS

Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်

CoverLogo
394 Views
 
Hanfex Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက ဆန္ဒမပါဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းပြီး မဆင်းတဲ့ အလုပ်သမားကို အလုပ်ထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို မဆင်းနိုင်တာကို အလုပ်သမားက ကြိုပြောထားတာကို ဖယ်ရီအထိ အင်္ကျီစွဲ လိုက်ခေါ်တယ်။ နောက် အချိန်ပိုအိုတီမဆင်းနိုင်တဲ့ အလုပ်သမားကို မလိုချင်ဘူးဆိုပြီး မန်နေဂျာကို ပြောပြီး တစ်ခါတည်း အလုပ် ထုတ်တယ်။ “ လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်ထုတ်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင်က “ညအချိန်ပိုအိုတီခေါ်တာ အရေးကြီးလို့ ခေါ်တာကို နင်သဘောနဲ့နင်ပြန်စရာ အကြောင်းမရှိဘူး” လို့ ပြောဆိုခဲ့တယ်လို့ ကိုယ်တိုင်မြင့်တွေ့ခဲ့ရတဲ့ အလုပ်သမားက ပြောပါတယ်။
 
“ စက်ရုံက အထည်စံချိန်တောင်းတယ်၊ မပြီးတော့ အချိန်ပိုတွေ ဆင်းခိုင်း၊ မပြီးပြီအောင်ချုပ်ခိုင်းတော့တာ။
ချုပ်တော့လည်း အလုပ်သမားတစ်ဦးကို နှစ်ပွိုင့်မှ သုံးပွိုင့် ချုပ်ပေးရတာ၊ ကြာတော့ ပြီးအောင် မချုပ်နိုင် တော့ဘူး.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အောနိုက်(ည ၁၂) အချိန်ပိုအိုတီဆင်းလို အထည်မပြီးဘူးတော့လည်း အောလင်း(မနက် ၄)အထိ ဆက် ဆင်းခိုင်းသလို နောက်မနက်မှာ အနားမပေးဘဲ ပုံမှန် အတိုင်း အလုပ်ပြန်ဆင်းပေးရတယ်လို့ ပြောပါတယ်။ အလုပ်သမားတဦးကို နှစ်ပွိုင့် သုံးပွိုင့် ချုပ်လုပ်ပေးနေရပေမဲ့ အထည်ကြေးကို ပွိုင့်တစ်ခုတည်းအတွက်ပဲ ရှင်းပေးတယ် အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ချုပ်လုပ်သား အလုပ်ခေါ်စဉ် ဒေးကြေး ၁၂၀၀၀ ကျပ် နှုန်းပေးမယ်လို့ ကတိပေး ပြောဆိုခဲ့ပေမဲ့ လစာထုတ်ရာမှာတော့ ဒေးကြေး ကျပ် ၈၀၀၀ နှုန်းနဲ့ ရှင်းပေး ခဲ့တယ်လို့ ပြောပါတယ်။
 
“ ဒါက အလုပ်သမားတွေဆီ က ခေါင်းပုံဖြတ်တာပါ၊ လစာ၊ တစ်ကဒ်ကြေးများ ခေါင်းပုံဖြတ်ခံနေရလို့ မန်နေဂျာ အမျိုးသမီးကို ပြောပြတော့ ဖြေရှင်းမပေးဘူး။ ပြောတဲ့ အလုပ်သမားတွေ မှတ်ထားပြီး လိုင်းခေါင်းဆောင် နဲ့ပေါင်းပြီး ဖိနှိပ်တော့တာပဲ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Hanfex Garment စက်ရုံက နှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး အောက်ထပ်မှာ ထားတဲ့ သောက်ရေကို အပေါ်ထပ်က အလုပ်သမားတွေ ဆင်းသောက်ခွင့် မပြုဘူးလို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
“ အပေါ်ထပ်ကနေ အောက်ထပ်ကို သွားသောက်လို့ မရဘူး၊ စက်လိုင်း စာရေးမ ခပ်တိုက်မှ ရေသောက်ရတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ စက်ချုပ်တဲ့နေရာမှ ဘယ်မှ မထရဘူးလို့လည်း ပြောထားတယ် “ လို့ အလုပ်သမား တဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ ဆေးပေးခန်းမရှိသလို ထိခိုက်မိတဲ့ အလုပ်သမားတဦးကို အပြင်ဆေးခန်းမှာ ပြသခဲ့ရပြီး ခွင့်ယူတာများလို့ အလုပ်က အလုပ်ထုတ်ပယ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Hanfex Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၂လမ်းမှာ ဖွင့်လှစ်ထား ပြီး အလုပ်သမားများ ၇၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Celio တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026