NEWS

Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ

CoverLogo
192 Views
 
Golden Maple Leaf Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အချိန်ပို မဆင်းတံါ အလုပ်သမားတွေကို ဥပဒေမဲ့ အရေးယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုကို နေ့စဉ် ၂ နာရီလုပ်ကိုင်ရတဲ့ အပြင် ညနက်နဲ့ တနင်္ဂနွေနားရက်တွေမှာပါ လုပ်ကိုင်ပေးနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ပြီးချိန် ည ၆ခွဲလည်း အိမ် မပြန်ရဘူး။ အချိန်ပိုကို မဆင်းမနေရ ည ၁၂နာရီ အထိ ဆင်းပေးရတယ်။ တနင်္ဂနွေနေ့ အချိန်ပို မဆင်းလို့ လခစားကနေ နေ့စား အလုပ်သမား ပြောင်းပြီး အရေးယူတယ်။ အလုပ်သမား တွေဆို ငိုလိုက်ကြတာ။ “ လို့ ပြောပါတယ်။
 
အချိန်ပို ဆင်းရတဲ့ အလုပ်သမားထဲမှာ အသက်မပြည့်တဲ့ အလုပ်သမားတွေလည်း ပါဝင်ပြီး တခြားအလုပ်သမားတွေနဲ့အတူ မိုးအလင်း အချိန်ပိုတွေကို စက်ရုံဘက်က ဆင်းခိုင်းတယ်လို့ သိရပါတယ်။
 
“အသက်မပြည့်တဲ့ အလုပ်သမားတွေကို မိုးလင်းပေါက် အချိန်ပို အမြဲတမ်းဆင်းနေရတာ၊ ကလေးတွေဆို ကျန်းမာရေး ထိခိုက်ကြတယ်။ နေမကောင်းတာကို ခေါင်းကပ်ပလာစတာကပ် ပြီး အချိန်ပို ဆင်းနေရတာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကျန်းမာရေး ထိခိုက်တဲ့အထိ အချိန်ပိုလုပ်ကိုင်ရပေမဲ့ စက်ရုံဘက်က ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေနဲ့ ခွင့်ခံစားခွင့်တွေ မပေးဘူးလို့လည်း ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း အသက် ၁၂၊၁၃၊ ၁၄ အရွယ် ယောက်ျားလေး၊ မိန်းခလေး ၅၀ကျော် လုပ်ကိုင်ခိုင်းနေပြီး စက်ရုံဘက်က အမြဲတမ်းလုပ်သားအဖြစ် လုပ်ကိုင်ခိုင်းတာ မရှိဘဲ မကြာခဏ ဥပဒေမဲ့ အလုပ်ထုတ်တယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
“ အလုပ်ရှိရင် အသက်မပြည့်တဲ့ အလုပ်သမားတွေကို ခေါ်တယ်၊ အလုပ်ပါးသွားပြီးဆိုရင် ထုတ်ပြီ၊ ၁၂လပိုင်းမှာ ထုတ်သေးတယ်၊ ၁လပိုင်းမှာ လူသစ်နေ့စားတွေ ထပ်ခေါ်ထားတယ်။ ဘယ်အချိန် ထုတ်ဦးမှာလည်း မသိဘူး။ “လို့ ပြောပါတယ်။
 
စက်ရုံဘက်က အကူ ၈ဦး၊ စက်သမား ၄၅ ဦးရှိတဲ့ စက်လိုင်းကို တစ်နာရီကို ဘောင်းဘီ အထည် ၅၀ ၊ အင်္ကျီ အထည် ၃၀ အထိ တောင်းလို့ ရေမသောက် အိမ်သာမသွားရဘဲ ချုပ်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် လုပ်ခလစာကို စက်ရုံဘက်က သုံးကြိမ် ခွဲပေးတာ၊ အလုပ်ထွက်လစာကို ထုတ်မပေးတာအပြင် လုပ်ငန်းခွင် အဆင်မပြေတာတွေကို ပြောပြတဲ့ အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
“အလုပ်သမားတွေက လစာလို လို့ပဲ ဖြစ်ဖြစ် ၊ အဆင်မပြေ ဖြစ်ဖြစ် သွားပြောရင် အလုပ်ထုတ်တယ်။ ဒီလထဲမှာကို အလုပ်သမား ၄၀ကျော် အလုပ်ထုတ်တယ်။ အလုပ်သမားလစာကို သုံး ခါ ခွဲထုတ်ပေးတယ်။ အလုပ်ထွက်လို့ သတ်မှတ် လစာထုတ်ရက်မှာ သွားထုတ်ရင်၊ ထုတ်မပေးပြန်ဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ သောက်ရေ မလုံလောက်တာ၊ ထမင်းစားဆောင် သန့်ရှင်းမှုမရှိတာ၊ ထမင်းစားဖို့ ခုံ မလုံ လောက်တာ၊ မွေးထားတဲ့ ခွေးရဲ့ အညစ်အကြေးတွေက လုပ်ငန်းခွင်မှာ ညစ်ပတ်နေတာ စတာတွေကိုလည်း အလုပ်သမားတွေ ကြုံတွေ့နေရတယ်လို့ ပြောထားပါတယ်။
 
Golden Maple Leaf Myanmar Co.,Ltd စက်ရုံက ရန်ကန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆရာစံလမ်းမှာ ဖွင့်ထားပြိး အလုပ်သမား ၂၃၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံသား ပိုင်ဆိုင်ပြီး လက်ရှိ Rolywrk,Lvcunv တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026