NEWS

GNS (Bago) Healthcare စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
889 Views

ခွဲစိတ်ခန်းသုံးဝတ်စုံတွေချုပ်လုပ်တဲ့ GNS (Bago) Healthcare Co,Ltd  စက်ရုံလုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေကို ခွင့်ခံစားခွင့်တွေမပေးတာ ရိုင်းစိုင်းစွာဆဲဆိုတာ ခြိမ်းခြောက်ခိုင်းစေတာတွေ ပြုလုပ်ခံနေရပြီး ခွဲခြားဆက်ဆံမှုတွေပါ ဖြစ်ပေါ်နေလို့ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့ အဝိုင်းကျေးရွာအုပ်စု အဝိုင်းရွာမကွင်းမှာ အလုပ်သမား ၄၀၀ ကျော်နဲ့ဖွင့်လှစ်ထားတဲ့ GNS (Bago) Healthcare Co,Ltd  ဟာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ကို နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ ဆင်းရပြီး အလုပ်ချိန်တွေကို မကြာခဏအပြောင်းအလဲပြုလုပ်တာ အလုပ်သမားချုပ်လုပ်နိုင်တာထက် စံချိန်အဆမတန်တိုးတောင်းတာ ကြီးကြပ်ရေးလုပ်သားများဖြစ်သည့် စူပါများမှ စံချိန်တောင်းရာတွင် ဆဲဆိုတောင်းခံတာ ဖိအားပေးတာနဲ့ အလုပ်မှ ထုတ်ပယ်မည်ဟု ခြိမ်းခြောက် ခိုင်းစေနေတာတွေ ပြုလုပ်နေလို့ အလုပ်သမားတွေအခက်တွေ့နေရတယ်လို့ ပြောပါတယ်။

"စံချိန်တောင်းရင် မရနိုင်တဲ့ပမာဏကို ဖိအားပေးပြီးတောင်းတာ ပြီးရင်လဲ စူပါတွေက အော်ဟစ်ဆဲဆိုပြီး အိမ်ကမိဘပါမချန်ဘူးဆဲတာက နေတိုင်းဖြစ်နေတာ စံချိန်မပေးနိုင်ရင် နောက်နေ့အလုပ်မလာနဲ့အလုပ်ထုတ်လိုက်ပြီဆိုပြီးလည်း အပြောခံရတယ် တရုတ်ကလည်း မှာထားတယ်တဲ့ တောင်းတဲ့စံချိန်မပေးနိုင်ရင် နာမည်နဲ့ ကတ်နံပတ်လာပေး အလုပ်ထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဒေးကြေး ၄၈၀၀ ကျပ်ပဲပေးတော့မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ စူပါတွေရဲ့ ပြောဆိုမှုကို ပြန်လည်တုန့်ပြန်တာတွေကို လက်မခံတာကြောင့် ငြိမ်ခံနေရတယ်လို့ ဆိုပါတယ်?

"အထက်ကမှားနေလည်း ငြိမ်ခံနေရတယ် အလုပ်ပြုတ်မှာစိုးလို့ ပြောသမျှကို ခေါင်းငုံ့ခံနေရတာ စံချိန်တွေသာမတရားဖိနှိပ်ပြီးတောင်းတာ နှစ်ယောက်ချုပ်ရမဲ့နေရာကို တစ်ယောက်ထဲနဲ့ချုပ်ခိုင်းတယ် လူတော့အပြည့်မထားပေးဘဲ လျှော့ထားသေးတယ် စံချိန်ကျတော့ မတရားလိုချင်နေတာ အလုပ်ထွက်သွားတဲ့လူတွေလည်း မနည်းဘူးပဲ"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဒေးကြေး ၅၆၀၀ သတ်မှတ်ထားပေမဲ့ ခွဲခြားပေးတာဖြစ်ပြီး အလုပ်သမားအားလုံးတန်းတူပေးချေတာမရှိဘူးလို့ ဆိုပါတယ်။

အလားတူ ကျွမ်းကျင်ကြေး ဂရိတ် A,B,Cပေးရာတွင်လည်း စက်ချုပ်သမားအားလုံးကို ခွဲပေးထားခြင်းမဟုတ်ဘဲ ၊ စက်လိုင်းရွေးပြီးပေးချင်တဲ့ စက်လိုင်းကိုပေးခြင်း၊ စက်လိုင်းထဲမှာမှနှစ်ယောက်၊ သုံးယောက်သာ လူရွေးပြီးပေးခြင်း၊ လူရွေးပေးရာတွင်လည်း စူပါနှင့်အဆင်ပြေသူ များကိုသာ ကျွမ်းကျင်ကြေးပေးခြင်း၊ တကယ်ချုပ်လုပ်နေသော အလုပ်သမားများက ကျွမ်းကျင်ကြေးကိုမရှိတာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ထပ်မံပြီး အလုပ်သမားများကိုလည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲ ဝမ်တိန်ထိုးခိုင်းခြင်း၊ ဝမ်တိန်ထိုးခိုင်းရာတွင်လည်း အဆင့်ဆင့်ပြုလုပ်ချင်းမဟုတ်ပဲ နောက်ဆုံးဝမ်တိန်ထိုးခိုင်းခြင်းများ ပြုလုပ်သည့်ပြင် ဝမ်တိန်ထိုးခိုင်းပြီးလျှင်လည်း အရှက်ရစေရန် အများမြင်သာသောနေရာ ကြေငြာဘုတ်တွင်ကပ်ထားတာအထိပါ လုပ်ဆောင်တာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ အထည်ချုပ်လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ခွင့်ရက်များရရှိခြင်းမရှိဘဲ ရက်ပျက်ပါကခွဲခြားဆက်ဆံတာ ဒေးကြေး ၅၆၀၀ ကျပ် ရက်မှန်ကြေး ၇၅၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိသော ဥပဒေပါခံစားခွင့်တွေပေးရန် အကြောင်းပြချက် ရေရေရာရာမရှိဘဲ ဝမ်တိမ်လက်မှတ်ထိုးခိုင်းခြင်း မလုပ်ရန် အပြစ်အလိုက်အဆင့်ဆင့်သာ ဝမ်တိမ်ပေးရန်  ၊ A,B,C,D အဆင့်များ သတ်မှတ်ရာတွင် ကျွမ်းကျင်မှုပေါ်မှုတည်ပြီး ပွင့်လင်းမြင်သာမှုဖြင့် လုပ်ဆောင်ပေးရန် ၊  စူပါ၊ အောစူပါများမှ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆို ဆက်ဆံခြင်း၊ မိဘဖြင့်ခိုင်းနှိုင်းပြီးဆဲဆိုမပြုရန်တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026