NEWS

FZ အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
760 Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကင်းဝန်မင်းကြီးလမ်းမှာဖွင့်လှစ်ထားတဲ့ FZ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေကို ရိုင်းစိုင်းစွာအော်ဟစ်ဆဲဆိုပြီး ခိုင်းစေတာ  လုပ်သက် ၃ လပြည့်တဲ့ အလုပ်သမားတွေကို အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ခိုင်းစေတာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ညလုံးပေါက် အချိန်ပို ကို မဆင်းမနေရ ဖိအားပေးခေါ်တာ ခြိမ်းခြောက်ခိုင်းစေတာနဲ့ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ချိုးဖောက်မှုတွေပြုလုပ်ခံနေရတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာ CMP၊ LINA စတဲ့အမှတ်တံဆိပ် အင်္ကျီ၊ မိုးကာဘောင်းဘီ၊ အနွေးထည်၊ ကုတ်အင်္ကျီတွေချုပ်လုပ်တာဖြစ်ပြီး အလုပ်သမား ၁၃၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ချိန်မှာ နံနက် ၇ နာရီ ၃၀ မှ ညနေ ၆ နာရီအထိ လုပ်ကိုင်ရတာဖြစ်ပြီး တနင်္လာမှ တနင်္ဂနွေနေ့အထိ တစ်ပတ်လုံးကို အလုပ်သမားသဘောဆန္ဒ မမေးမြန်းဘဲ မဖြစ်မနေ အောလင်း (ညလုံးပေါက်)ဆင်းခိုင်းတာဖြစ်ပြီး  နားရက်မရှိဘဲ ပင်ပန်းပြီး  မဆင်းနိုင်တော့ပါက   ခွဲခြားဆက်ဆံခြင်း၊ ဖိအားပေးပြောဆိုခြင်း၊  အလုပ်ထုတ်ပစ်ခြင်းစတာတွေ ပြုလုပ်ပြီး အချို့အလုပ်သမားတွေကို ကျွမ်းကျင်မှုမရှိတဲ့ ဌာနတွေကို ဖိအားပေးစေလွှတ်ခိုင်းစေတာတွေလည်း ပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း  စူပါ၊ အောစူပါများမှ အလုပ်သမားများကို တစ်ခုခုပြောရာတွင် ကောင်းမွန်စွာပြောဆိုခြင်းမရှိဘဲ   ဆဲဆိုခြင်း၊ ဟော်ဟစ်ရိုင်းစွာပြောဆိုပြီး ခိုင်းစေခြင်းများပြုလုပ်လျှက်ရှိတာကြောင့် ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားများမချုပ်လုပ်နိုင်သော စံချိန်များတောင်းခံတာရှိပြီး စက်လိုင်းထဲမှာ အလုပ်သမားတစ်ဦးကို တစ်နာရီလျှင် စံချိန် ၄၀ တောင်းခံခြင်း၊ snap ဌာနမှာဆိုလျှင် တစ်နာရီကို စံချိန် ၁၈၀ တောင်းခံခြင်း၊  အလုပ်ရှင်ဘက်မှ တောင်းခံသော စံချိန်မရလျှင် အော်ဟစ်ဆဲဆိုနေ‌ခြင်း၊ ရိုင်းစိုင်းစွာ မခံနိုင်အောင်ပြောခြင်း၊  အလုပ်ရှင်ဘက်ကတစ်ဖက်သတ် သတ်မှတ်ထားသောစံချိန်မရလျှင် အချိန်ပိုအိုတီကို အခမဲ့ဆင်းပေးရတာဖြစ်တယ်လို့ အလုပ်သမားထံက သိရပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား ၃၀၀ ကျော်ခန့်ထားပြီး လုပ်သက် ၃ လကျော် သော်လည်း အတည်ပြုဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမရှိတာကြောင့် အလုပ်ပိတ်ရက်ခံစားခွင့် မရရှိဘဲ အလုပ် အနည်းအများပေါ်မူတည်ပြီး မကြာခဏ အလုပ်ထုတ်ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။

"နေ့စားသမားတွေကို အချိန်ပိုအိုတီခေါ်လို့ အလုပ်မဆင်းရင် နောက်နေ့အလုပ်မလာနဲ့တော့ဆိုပြီးအလုပ်ထုတ်လိုက်တယ် အမြဲတမ်းဝန်ထမ်းတွေ အချိန်ပိုမဆင်းဘူးဆိုရင်တော့ အလုပ်ထွက်အောင် ဖိအားအမျိုးမျိုးပေးပြီး ကိုယ့်ဘာသာထွက်အောင်လုပ်တာပါ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာရှောင်တခင်ခွင့် ဆေးခွင့်စတာတွေခံစားခွင့်မရဘူးလို့ သိရပါတယ်။

အလုပ်သမားတွေကို အလုပ်ခေါ်စဉ်က ဒေးကြေး ၆၀၀၀ ကျပ်ပေးမယ်လို့ မက်လုံးပေးခေါ်ပေမယ့် အလုပ်ထုတ်ခံရတဲ့အလုပ်သမား သို့မဟုတ် အလုပ်ထွက်တဲ့အလုပ်သမားကို ၄၈၀၀ နှုန်းနဲ့သာပေးချေကာ ခေါင်းပုံဖြတ်တာတွေ ခံစားနေရတယ်လို့ လည်း အလုပ်သမားကဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အိမ်သာသန့်ရှင်းမှုမရှိဘဲ အနံ့ဆိုးများထွက်ပေါ်နေခြင်းကိုလည်း ဖြေရှင်းပေးခြင်းမရှိတာကြောင့် အခက်တွေ့နေရတယ်လို့လည်း အလုပ်သမားကဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့  စံချိန်တောင်းရာတွင် ဆဲဆိုခြင်းမပြုလုပ်ရန်နှင့် အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော စံချိန်ကို တောင်းခံရန်၊ ၃လပြည့်ပြီးသော နေ့စားသမားများကို အတည်ပြုဝန်ခန့်အပ်ပေးရန်၊ စူပါ၊ အောစူပါများမှ အလုပ်သမားများကို ခိုင်းစေရာတွင် ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ အလုပ်ထုတ်ခြင်း မပြုလုပ်ရန်၊ အောလင်း အချိန်ပိုအိုတီခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒမေးမြန်းပြီးခေါ်ဆိုရန်နှင့် မဆင်းပါက ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်၊ အိမ်သာများသန့်ရှင်စင်ကြယ်စွာ ဆောင်ရွက်ပေးရန် စတာတွေ ဖြေရှင်းဆောင်ရွက်ပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026