NEWS

Full Way အထည်ချုပ်စက်ရုံ မည်သည့်အကြောင်းမှမကြားဘဲပိတ်ထားလို့ အလုပ်သမား ၂၀၀ နီးပါး အခက်တွေ့နေ

CoverLogo
1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်း အမှတ် ၈၃ မှာဖွင့်လှစ်လည်ပတ်ခဲ့တဲ့ Full Way အထည်ချုပ်စက်ရုံ အလုပ်သမား ၁၉၇ ဦးဟာ လက်ရှိမှာ လုပ်ငန်းရှင်ဘက်က မည်သည့်အကြောင်းမှမကြားဘဲ စက်ရုံပိတ်ထားလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး စက်ရုံတစ်လပိတ်မယ်လို့ဆိုကာ ပိတ်ထားပြီး လုပ်ခပေးချေမှုကိုတော့ ဖေဖော်ဝါရီ ၅ ရက်မှာ အခြေခံလုပ်ခလစာနဲ့ ထောက်ပံ့ကြေးရရှိခဲ့ပေမဲ့ မည်သည့် ရက်တွင် အလုပ်ပြန်ဖွင့်မယ်ဆိုတာကို အသိပေးခြင်းမရှိဘဲ စက်ရုံလည်ပတ်မှုကို ရပ်တန့်ထားဆဲဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"ဒေးကြေး ၄၈၀၀ ထောက်ပံ့ကြေး ၁၀၀၀ ရတယ် တစ်သိန်း ၈ သောင်းကျော်ပဲရတော့ အိမ်လခတွေ ဘာတွေအဆင်မပြေဘူး အလုပ်ကိုလည်း ဘယ်နေ့ဖွင့်မယ်ဆိုတာ မပြောတော့ဘဲနဲ့ ဒီလဆို လစာဘယ်လိုထုတ်ရမယ်မသိဘူး ထုတ်ပေးမလား မထုတ်ပေးဘူးလားဆိုတာလည်းမပြောဘူး သူဌေးကလည်း ဒီမှာမရှိတော့ဘူး မြေပိုင်ရှင်ကလည်း ပိုက်ဆံမပေးလို့ဆိုပြီးစက်ရုံကို လာပြီးချိတ်ပိတ်သွားတော့ အလုပ်သမားတွေက သူဌေးမလာတော့မှာ စိုးရိမ်တာပေါ့ စက်ရုံက ပိတ်မယ်ဆို အလုပ်သမားတွေကို လျော်ကြေးပေးရမှာလေ ဖွင့်မယ်ဆိုလည်း ဖွင့်တဲ့ရက်ကိုပြောဖို့ စာတင်ထားပါတယ်။စက်တွေလာရွေ့တုန်းကတော့ သူ့သူငယ်ချင်းစက်ရုံကို ငှားဖို့ဆိုပြီးပြောတယ် ခုက မန်နေဂျာကိုလည်း စာထုတ်ပြီး အလုပ်ကရပ်စဲထားတော့ ဘယ်သူ့မှ မေးမရဘူး ခေါင်းရှောင်နေတယ်လို့ ပြောရမှာပေါ့ 
အလုပ်ရှင်ကို သိစေချင်တာက လာပြီးပြဿနာကို ဖြေရှင်းစေချင်တယ် အလုပ်ရှင်ကိုတောင်ယုံကြည်မှု မရတာ ရှေ့နေကိုဘယ်လိုယုံရမှာလဲ အလုပ်က မဖွင့်တော့ဘူးဆိုရင် တန်ရာတန်ကြေး ပေးဆပ်ထားတဲ့နှစ်တွေရဲ့ လျော်ကြေးကို ပြန်လိုချင်ပါတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။

ဇန်နဝါရီ လလုပ်ခအတွက် ဒေးကြေး ၄၈၀၀ နဲ့ ထောက်ပံ့ကြေး ၁၀၀၀ ကျပ် သာရရှိခဲ့တာလို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလို စက်ရုံလည်ပတ်တာကို ရပ်တန့်ထားပြီး လုပ်ငန်းရှင်ဘက်က မည်သည့်အကြောင်းပြန်မှုမှ မရှိတာကြောင့် WCC ကနေ တဆင့် သက်ဆိုင်ရာမြို့နယ်အလုပ်သမားရေးရာရုံးတွေကို စာပို့တိုင်ကြားထားပေမဲ့ ထူးခြားမှုမရှိဘူးလို့  အသက် ၃၁ နှစ်အရွယ် လုပ်သက် ၉ နှစ်ရှိအလုပ်သမားကပြောပါတယ်။

စက်ရုံစတင်လည်ပတ်တာဟာ ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး အလုပ်သမား ၁၉၇ ဦးလုံးဟာ လုပ်သက်ရင့်အလုပ်သမားတွေဖြစ်တာကြောင့် စက်ရုံပိတ်သိမ်းမယ်ဆိုပါက နစ်နာကြေးပေးချေစေလိုတယ်လို့ အလုပ်သမားတွေ တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲ့ဒီစက်ရုံဟာ ယခင်က ကိုယ်ပိုင်အော်ဒါနဲ့ ရပ်တည်ခဲ့ပေမဲ့ အော်ဒါမရှိလို့ အခြားရုံတွေက ယူချုပ်နေရတာ ၁ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။

 အလုပ်ရှင်ဘက်က လူကိုယ်တိုင်လာရောက်မှုမရှိပေမဲ့ ရှေ့နေကတဆင့် အလုပ်သမားရုံးတွေကို လာရောက်ပေမဲ့ ရုံးချိန်း ၄ ချိန်းရှိနေပြီး အလုပ်သမားတွေလိုချင်တဲ့အ ဖြေကို မရရှိသေးတာဖြစ်တယ်လို့ဆိုပါတယ်။

"ရုံးချိန်းဆို သူဌေးဘက်က ရှေ့နေပဲလာတယ် ညှိတာ ၄ ကြိမ်ရှိသွားပြီ 
ပေးထားတဲ့ ဒေးကြေးက ဆန်တအိတ်ဖိုးစာပဲရှိတယ် ကုန်ဈေးနှုန်းက အတက်ပဲရှိတယ် လုံးဝအဆင်မပြေဘူး လုပ်သက်ကြီးသူတွေ ပေးဆပ်ထားတဲ့ဟာတွေကို သူဌေးတစ်ယောက်အနေနဲ့ လုပ်ပေးစေချင်တယ် သူဌေးက မြန်မာနိုင်ငံဥပဒေကိုမချိုးဖောက်ဖူးလို့ပြောတယ် နှစ်တွေအများကြီးဖူလုံရေး ကြေးတွေထည့်ထားတယ် အီးစီစာချုပ်တွေ လည်းချုပ်ထားတယ် တာဝန်ရှိသူတွေအနေနဲ့လည်းလုပ်ပေးသင့်တယ်လို့ထင်တယ် အလုပ်သမားတွေကို ခိုင်းတုန်းကခိုင်းပြီးတော့ အခုလိုမျိုးဖြစ်တာကို တာဝန်ယူပြီးလာဖြေရှင်းပေးစေချင်ပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမား ၁၉၇ ဦးထဲမှာ ၁၅၀ ကျော်ဟာအမျိုးသမီးလုပ်သားတွေဖြစ်ပါတယ် ။ အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေ အိမ်ထောင်ရှင်အမျိုးသမီးတွေ အများဆုံးဖြစ်ပြီး ကျွေးမွေးစောင့်ရှောက်ရမဲ့ ကလေးငယ်တွေလည်းရှိနေလို့ ၁၀ နှစ်ကျော်ကြာအလုပ်လုပ်ကိုင်ထားတဲ့ နှစ်တွေအတွက် ဖြေရှင်းပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ဥပဒေနဲ့အညီလျော်ကြေးပေးရင်တော့ တခြားအလုပ်ရှာပြီး လျှောက်လို့ရတာပေါ့ ခုကျတော့ လျော်ကြေးလဲ ဘာမှမပြောဘူး ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာလည်းဘာမှမပြောဘူး စောင့်ဆိုင်းနေရတဲ့အခါကျတော့ သူပေးတဲ့လစာက ရမှန်းမသိ ဖြစ်နေတာ ဒုက္ခတော်တော်ရောက်နေတာ အမျိုးသမီးက ၁၅၀ ကျော်လောက်ရှိမယ် 
ကိုယ်ဝန်ဆောင်သည်တွေ ကလေးအမေတွေ အပျိုတွေပါတယ် လက်ရှိကတော့ စက်ရုံတွေက အလုပ်ခေါ်ပြီဆို ၃၀ ကျော်ရင်အလုပ်ကမခေါ်ချင်ကြတော့ဘူး အခုလုပ်ထားတာ ၉ နှစ် ၁၀ နှစ်ပေးဆပ်ခဲ့ပြီးပြီး ထပ်ရှာဖို့ကမလွယ်ဘူး "

အဆိုပါ စက်ရုံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို လာရောက်ရှာဖွေတာတွေရှိခဲ့ပြီး အလုပ်သမားသမဂ္ဂရပ်တည်ရန် မလွယ်ကူတော့တာကြောင့် အလုပ်သမားသမဂ္ဂအနေနဲ့ လုပ်ဆောင်နိုင်တာတွေမရှိတော့ဘူးလို့ သိရပါတယ်။

အခုလို ဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်သမားရုံးတွေကလည်း အလုပ်သမားတွေအတွက် တိကျတဲ့ အဖြေတစုံတရာရအောင် လုပ်ပေးနိုင်တာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမားတွေက ဘယ်လိုက်လို့လိုက်ရမှန်းမသိဘူး အလုပ်သမားရုံးတွေက ဥပဒေအတိုင်းမလုပ်ဘူးလို့ထင်တယ် ဥပဒေမချိုးဖောက်ဖူးဆိုပြီးပြောတယ် အခုကျတော့ ရုံးတွေသွားရှင်းရင် အလုပ်သမားဘက်က မရှိဘူး မေးရင် ရေရေရာရာဘာမှမသိရဘူး ညီမတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေကို မချိုးဖောက်ဖူး အလုပ်ရှင်ဘက်က ချိုးဖောက်ရင်ရော ဘာလုပ်ပေးမလဲမေးချင်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026