NEWS

Erdos Myanmar အလုပ်သမားများ ရက်ပျက်ပါက တနင်္ဂနွေ လုပ်ခပါ ဖြတ်တောက်ခံနေရ

CoverLogo
1.4K Views

အလုပ်ဆင်းရက် တရက်ပျက်ပါက တနင်္ဂနွေအတွက်ရရှိတဲ့ လုပ်ခလစာကိုပါ ဖြတ်တောက်ခံနေရတယ်လို့ Erdos Myanmar အလုပ်သမားတွေက ပြောပါတယ် ။ 

ဒီလို ဖြတ်တောက်မှုတွေကို  စက်ရုံမှူးဆိုသူ အမျိုးသမီး တဦးတည်း ဆုံးဖြတ်ချက်နဲ့ ပြုလုပ်နေတာလို့ Erdos Myanmar အလုပ်သမား တစ်ဦးက Myanmar Labour News ကို ပြောပြ ထားတာပါ။

“ လှိုင်သာယာ စက်ရုံတော်တော်များများမှာ တစ်ရက်ပျက်ရင် ဒေးကြေး၊ ဂရိတ်ကြေး၊ ရက်မှန်ကြေးဖြတ်ပါတယ် ။ ဒီ Erdors စက်ရုံမှာတော့ အဲ့လိုတွေအပြင် တနင်္ဂနွေနေ့အတွက်ပါ ဖြတ်ပါတယ်။” လို့ Erdors အထည်ချုပ် လုပ်သားတစ်ဦး ဖြစ်တဲ့ မကြူကြူအေး (အမည်လွှဲ) က ပြောပါတယ်။ 

စက်ရုံအတွင်း ဥပဒေပါ ခွင့်ခံစားခွင့်တွေဖြစ်တဲ့  ရှောင်တခင်ခွင့်၊ ဆေးခွင့်နဲ့ လုပ်သက်ခွင့်တွေ ခံစားခွင့်မရဘဲ ရက်ပျက်အဖြစ် သတ်မှတ်လိုက်လို့ အလုပ်သမားတွေမှာ ဝင်ငွေအတွက် နစ်နာမှုတွေ ရှိနေတာလို့ ပြောပါ တယ်။ 

“အမျိုးသမီး အလုပ်သမားတယောက် စက်ရုံလာတယ် နေ့တဝက်နီးပါး လုပ်ပြီးတော့ ၊ ကျန်းမာရေး အခြေအနေ ကြောင့် နေအိမ်ကို ပြန်သွားရတယ် ။ ဆေးခွင့်မပေးလို့ အဲ့ဒီအမျိုးသမီး လုပ်ကိုင်ထားတဲ့ အလုပ်ချိန်အတွက် အခကြေးငွေ မရတဲ့အပြင် ၊ အဲဒီ တရက်လုံးကို ပျက်ကွက် စာရင်းထဲ ထည့်လိုက်တယ်။” လို့ မကြူကြူအေး (အမည်လွှဲ) က Myanmar Labour News ကို ပြောပါတယ်။ 

အဲဒီလို ပျက်ကွက်စာရင်းထည့်တာကြောင့်  ရက်မှန်ကြေးတစ်သောင်း၊ ဂရိတ်ကြေး တစ်သောင်းနဲ အလုပ် ဆင်းခဲ့တဲ့ အချိန်တွေအတွက် နစ်နာခဲ့တဲ့အပြင် တစ်ရက်လုံးတွက် ဒေးကြေးနဲ့ တနင်္ဂနွေအတွက်ပါ ဖြတ်တောက် ခံရတာလို့ ပြောပါတယ်။  

လစဉ် လုပ်ခလစာ ဖြတ်တောက်မှုတွေဟာ ရှင်းလင်းမှု မရှိသလို အာဝါလီ (Hourly) တောင်းဆိုမှုတွေဟာလည်း ပုံမှန်ထက် များပြား နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအတွင်း ငွေစာရင်းကိုင် ခန့်ထားတာ မရှိဘဲ အလုပ်သမား၊ ဝန်ထမ်းတွေအတွက် လစာ၊ ခံစားခွင့်ကို စက်ရုံမှူး အမျိုးသမီး ကိုယ်တိုင် တွက်ချက်ပေး နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“စက်ရုံမှူးဆိုတဲ့အမျိုးသမီးက လစာပေးတယ်။ စာရင်းကိုင်လဲ မထား ။ အလုပ်သမားတွေထဲက သူမကျေနပ် ရင်ဖြတ်တာပဲ။ ဘာဖြစ်ဖြစ်  ဖြတ်တယ်။ ဝမ်တိန်လဲ မရှိပါဘူး။ လစာပဲဖြတ်ပါတယ် ။ လစာဖြတ်ဆိုတာ  ဒေးကြေးဆို ၄၈၀၀ နဲ့ OT ကြေးလည်း ၁၂၀၀ နဲ့ပဲ တွက်ပေးတာမျိုး။   ရက်မှန်ကြေး၊ ဂရိတ်ကြေးတွေ မပေး တော့ဘူး။ စက်ရုံအစည်းဝေး မီတင် (Meeting)မှာလည်း စက်ရုံက အော်ဒါပါးနေတယ်။ ဘယ်သူက လစာ ဘယ်လောက်ရ တယ်၊ ဘယ်သူကများတယ်၊ နည်းတယ်လာ မပြောနဲ့တဲ့ ။ လစာက အတိုးမရှိဘူး ။ အဖြတ်ပဲ ရှိတယ်လို့ ပြောတယ် ” လို့ မကြူကြူအေးက ဆက်ပြောပါတယ်။

Erdos Myanmar အထည်ချုပ် စက်ရုံမှာ နေ့စဉ်လိုလို အချိန်ပို ၄ နာရီ လုပ်ကိုင်နေရပြီး တပတ်အချိန်ပို အလုပ်ချိန် နာရီ ၂၀ ကျော်ရှိနေတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် စက်ရုံအတွင်းက အဆောင်မှာ နေထိုင်ရသူ  အလုပ်သမားတွေ ဟာလည်း  ည ၁၂ နာရီအထိ လုပ်ကိုင်နေရတယ်လို့ အထည်ချုပ်အလုပ်သမား တဦးဖြစ်တဲ့ မခင်ဆွေ (အမည်လွှဲ) က ပြောပါတယ်။ 

“ စက်ရုံမှာ အဆောင်တွေပေးပြီ ည ၁၂ အထိ ချုပ်ခိုင်းတယ်။ တချို့ဆို အချိန်ပို OT ကို တလ နာရီ  ၂၀၀ နီးပါး ၊ ၂၀၀ ကျော် ရတဲ့ သူတွေတောင် ရှိတယ် ။” လို့ မခင်ဆွေက ပြောပါတယ်။ 

အချိန်ပိုခေါ်ယူတာနဲ့ လစာဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး စက်ရုံဘက် ရှင်းရှင်းလင်းလင်း ပြောပြထားတာ မရှိသလို ၊ လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းနေပေမဲ့ ကတ်ထုတ်ပေးတာ၊ ခွင့် ခံစားရတာမျိုးလည်း မရှိဘူးလို့  Erdos Myanmar အလုပ်သမားတွေက ပြောပါတယ်။

“Erdos Myanmar စက်ရုံက အချိန်ပိုကို အဆိုင်းပုံနဲ့ အလုပ်သမားရုံးကို တင်ပြပြီး လုပ်နေတယ်လို့ ကြားတယ်။ ဒါကို အတည်ပြု ထားနိုင်တော့ မရှိဘူး။ ဒါက အချိန်ပိုအများအပြားခေါ်တာကို ဖုံးကွယ်ချင်လို့ ဥပဒေကို လက် တလုံးခြား လုပ်တာလို့တော့ မြင်တယ် ။” အလုပ်သမားရေးကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနရဲ့ ညွှန်ကြားလွှာမှာတော့ အဆိုင်းစနစ်ကို အဆက်ပြတ်လို့မရတဲ့ လုပ်ငန်းတွေမှာ အသုံးပြု နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲ့ဒီလို အဆိုင်းစနစ်ကို အသုံးပြုမယ်ဆိုပါကလည်း အလုပ်သမား တွေရဲ့ သဘောတူညီမှု လိုအပ်တယ်လို့လည်း အလုပ်သမားရေးကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

အလုပ်အကိုင်ခန့်ထားခြင်းဆိုင်ရာစာချုပ် EC လည်း ချုပ်ဆိုထားတာမရှိသလို လက်မှတ်ထိုးရတာမျိုးလည်း မရှိဘူးလို့ စက်ရုံအလုပ်သမားတွေက တညီတညွတ်တည်း ပြောဆိုထားပါတယ်။ 

Erdos Myanmar စက်ရုံဟာ Erdos (Myanmar) Knitwear Company Limited အမည်နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတာလို့ သိရပါတယ်။ 

စက်ရုံဟာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းမှာ ရှိပြီး SNI ကုန်အမှတ်တံဆိပ် သိုးမွှေးထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ 

Photo - ပုံဟောင်း (စက်ရုံ)


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026