NEWS

EC စာချုပ်ပါအချက်များ ချိုးဖောက်မှု အလုပ်ရှင်များတဖက်သတ် လုပ်ဆောင်လာ

CoverLogo
996 Views

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုနဲ့ ချုပ်ဆိုထားတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) စာချုပ်တွေကို အလုပ်ရှင်တွေဘက်ကတစ်ဖက်သတ် ချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင် လာပါတယ်။

အာဏာမသိမ်းခင်ကတော့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ အလုပ်ဌာနတွေမှာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်တွေ ချုပ်ဆိုဖို့ အလုပ်သမားညွှန်ကြားရေး ဦီးစီးဌာနက အားစိုက်လုပ်ဆောင်ခဲ့ပြီး အငြင်းပွားမှုတွေကို စာချုပ်ပါသဘောတူညီချက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်တွင်  အစမ်းခန့်ကာလ၊ လုပ်ခ လစာ၊ စာချုပ်သက်တမ်း၊  အလုပ်ချိန် ၊ နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်၊ အချိန်ပိုလုပ်ကိုင်ခြင်း၊ အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ် ၊ ဆေးဝါးကုသခြင်း၊ အလုပ်ခွင်သို့ကြိုပို့ယာဉ်များ စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း၊ အလုပ်သမားများလိုက်နာရမည့်စည်းကမ်းချက်များ၊ အခြားကိစ္စရပ်များ၊ အထွေထွေ  စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လက်ရှိမှာတော့ စာချုပ်ပါအချက်တွေကို အလုပ်ရှင်ဖက်ကသာ တစ်ဖက်သတ်ပြန်လည်ပြင်ဆင်တာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“အခုက စာချုပ်တွေရှိလည်း သိပ်မထူးဘူးဖြစ်နေတယ်။ စာချုပ်ပါ အချက်တွေဖောက်ဖျက်လို့ သွားတိုင်လည်း ဌာနက ဘာမှမရှင်းပေးဘူး။ ပြောမယ်ဆို ချုပ်ထားတဲ့စာချုပ်တွေက အခုချိန်မှာ အရေးမပါတော့ဘူး။ တစ်ချို့ စက်ရုံတွေဆို ချုပ်တောင်မချုပ်တော့ဘူး”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်သမားတစ်ဦးကို အလုပ်ခန့်ထားတဲ့အချိန်ကစပြီး ရက်ပေါင်း (၃၀) အတွင်း စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသောလုပ်ငန်းခွင်စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်ရမည့်အပြင် အလုပ်သမား၏အကျိုးခံစားခွင့်များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါခံစားခွင့်များအောက် လျော့နည်းခြင်းမရှိစေရ" လို့ဖော်ပြထားပါတယ်။

“ကျွန်မလုပ်သက်ကတော့ တစ်နှစ်ရှိပြီ။ အခုထိတော့ EC စာချုပ် မချုပ်ရသေးဘူး။ စက်ရုံမှာလည်း ချိုးဖောက်မှု တွေ ရှိနေတယ်”လို့ ကိုရီးယားနိုင်ငံသားပိုင် Real Star စက်ရုံမှာ လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်ရှင်တွေရဲ့ တစ်ဖက်သတ် ချိုးဖောက်မှုတွေကို အရေးယူမှု အားနည်းနေသလို ပညာပေးရေး၊ စစ်ဆေးရေး လုပ်ငန်းရှင်တွေကို စနစ်တကျ လုပ်ဆောင်တာ မရှိတဲ့အထိ ဖြစ်နေပါတယ်။

“အခုက EC စာချုပ်ကိစ္စတွေက မထူးတော့ဘူးဆိုပြီး မပြောလို့လည်း မရဘူးလေ။ အခုဆို စာချုပ်ချုပ်ဆိုထားပြီး ဖောက်ဖျက်တာတွေလည်း များလာတယ်။ မချုပ်တော့ဘူးဆိုတဲ့ စက်ရုံတွေလည်း ရှိလာတယ်။ အခုက ဝန်ကြီးဌာနရဲ့ တာဝန်ယူမှုအခြေအနေက တော်တော်ကို ဆိုးလာတယ်”လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားဝန်ကြီးဌာနဟာ ပြဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာမှု မရှိတော့ဘဲ အလုပ်ရှင်အလိုကျ ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်လာပါတယ်။ 

အလုပ်သမားတွေရဲ့ ချိုးဖောက်ခံရမှုတွေကိုလည်း တာဝန်ယူဖြေရှင်းပေးတာ မရှိဘဲ ငွေကြေးမတက်နိုင်တဲ့ အလုပ်သမားတွေကို တရားစွဲမှုတွေ လုပ်ဆောင်ဖို့သာ ဖိအားပေးနေပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026