NEWS

Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို

CoverLogo
158 Views

အလုပ်သမား ၉၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ Dongxin Garment Co, Ltd မှာ တရက်လုပ်ခ ၁၅၀၀၀ ပေးဖို့ ရက်မှန်ကြေးတိုးပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းတွေကို တင်းတင်းကြပ်ကြပ်အရေးယူပေးဖို့ စတဲ့အချက်တွေတောင်းဆိုဆန္ဒပြမှုကို  မေ ၂၉ မှာ ဒုတိယအကြိမ် ထပ်မံစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၂၅၊ ၂၆၊ ၂၇ မှာ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းစုပေါင်းတောင်းဆိုဆန္ဒပြခဲ့တာပါ။ 

အဲ့ဒီတောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်က တာဝန်ရှိသူတွေညှိနှိုင်းတာကြောင့် ဆန္ဒပြမှုကို ရပ်တန့်ခဲ့ပေမယ့် တကယ်တမ်း စာချုပ်ချုပ်ရာမှာတော့ တောင်းဆိုချက်တွေမရတဲ့အပြင် ဖိအားပေးမှုတွေရှိနေတာလို့ အလုပ်သမားတွေကပြောပါတယ်။

မြို့နယ်အလုပ်သမားရုံးမှာ အလုပ်သမား ၅၉၂ ဦး သဘောတူလက်ခံသည်ဟုဆိုကာ အလုပ်ရှင် အလုပ်သမား သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပေမယ့်  ကျေနပ်မှုမရှိတာကြောင့်  အလုပ်သမား ၂၉၄ ဦး ထပ်မံတောင်းဆိုရာကနေ ဒုတိယအကြိမ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

"အလုပ်သမား ၃၀၀ ကျော်ကတောင်းဆိုတဲ့ ၄ ရက်ကိုဒေးကြေးဖြတ်တောက်ပြီးစာချုပ်ချုပ်ခဲ့ တယ် နောက်ပြီး ဥပဒေဆိုင်ရာအခွင့်အရေးများကိုလည်း တပတ်အတွင်းပြီးစီးအောင်ဆောင်ရွက်ပေးပါမယ်ဆိုပြီး ကတိကဝတ်ပြုထားတယ်" လို့ အလုပ်သမားကပြောပါတယ်။ 

ဒုတိယအကြိမ် စာချုပ်ချုပ်ဆိုရာမှာလည်း အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်တဲ့ မေ ၂၅၊ ၂၆၊ ၂၇၊ ၂၉ ရက်တွေအတွက် ဒေးကြေး ဖြတ်တောက်မှာဖြစ်ပြီး ရက်မှန်ကြေး မဖြတ်တောက်ဘူးလို့ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ 

ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ တောင်းဆိုချက် အချို့ပြေလည်ကာ လုပ်ခ အနည်းငယ်တိုးမြှင့်ခဲ့ပါတယ်။ 

Dongxin Garment အလုပ်သမားတွေဟာ ၂၆ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့ မှာ  လုပ်ခလစာအပါအဝင် အလုပ်သမားအခွင့်အရေးများပါ (၉) အချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

တောင်းဆိုချက်တွေကတော့ 
၁။ ဒေးကြေး ယခင် ၉,၀၀၀ ကျပ်အစား ၁၅,၀၀၀ ကျပ်တိုးပေးရန်နှင့် ရက်မှန်ကြေး ယခင် ၄၀,၀၀၀ ကျပ်အစား ၆၀,၀၀၀ ကျပ်၊ အချိန်ပိုကြေးကို ဒေးကြေးနှင့် အညီ တွက်ချက်ပေးရန်။ 
၂။ အချိန်ပိုမဆင်းချင်သူများကို အော်စူပါ၊ စူပါများမှ ရိုင်းစိုင်းစွာပြောဆိုခေါ်ယူခြင်းနှင့် ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်။ 
၃။ ထမင်းစားအတွင်း ခွေးချေးများနှင့် မသန့်မရှင်းဖြစ်နေသည်များကို သန့်ရှင်းအောင်ပြုလုပ်ပေးရန်။
၄။ စက်ရုံအတွင်း အပူရှိန်လျော့နည်းအောင်စီမံဆောင်ရွက်ပေးရန်။
၅။ လူဦးရေနှင့် အညီသောက်ရေလုံလောက်အောင်စီစဉ်ပေးရန်။
၆။ စက်ရုံဆေးပေးခန်းအတွင်း ဆေးလုံလောက်စွာထားပေးရန်နှင့် အမျိုးသမီးသုံးလစဉ်ထုတ်များကို ငွေကြေးဖြင့် ရောင်းချခြင်းမဟုတ်ပဲ လိုအပ်လျှင် အသုံးပြုနိုင်ရန် စီစဉ်ထားပေးရန်။
၇။ စက်ရုံဆေးပေးခန်းတွင် ခန့်ထားသည့် နက်စ်များသည် ဂိမ်းဆော့၍ အလုပ်သမားများကျန်းမာရေးကို စီစစ်ခြင်းမပြုရန်နှင့် နက်စ်မ ပြောင်းလဲခန့်အပ်ပေးရန်။ 
၈။ EC စာချုပ်ပါ နောက်ဆက်တွဲ (ခ) (၂၁) အရ လုပ်ငန်းခွင်းအတွင်းလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အကြောင်းအားလုပ်ငန်းရှင်အပါအဝင်၊ မန်နေဂျာ၊ အော်စူပါ၊ စူပါတို့မှ တိတိကျကျလိုက်နာဆောင်ရွက် ပေးရန်။ 
၉။ အိမ်သာများ ပျက်ဆီးနေသည်များကို ပြုပြင်ပေးရန်နှင့် မိုးတွင်းအခါ အိမ်သာလျှောက်လမ်းအတွင်း ရေညှိများကို သန့်ရှင်းရေးလုပ်ပေးရန်နှင့် မိုးတွင်း အိမ်သာများပြည့်တက်လာသည်များကို မပြည့်တက်လာအောင်စီစဉ်ပေးရန်တို့ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃၊ နဝဒေးလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး PONTAPES, GUESS, TIGORR, COEN စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာပါ။ 
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂမရှိဘဲ ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီသာရှိတယ်လို့ ဆိုပါတယ်။အလုပ်ချိန်က မနက် ၇ နာရီ ၃၀ မှ ည ၈း၀၀ နာရီ၊ ၁၂ နာရီ ၊ မိုးလင်းထိဆင်းရတာရှိတယ်လို့ သိရပါတယ်။ 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026