NEWS

Diamond Rental Myanmar ကုမ္ပဏီ တဖက်သတ် စာချုပ်ဖျက်သိမ်း အလုပ်သမားများ နစ်နာရ

CoverLogo
1K Views

ဂျပန်ကုမ္ပဏီ Diamond Rental Myanmar Co.,Ltd က အလုပ်သမား ၂၅ ယောက်ကို တဖက်သတ် စာချုပ် ဖျက်သိမ်းပြီး အလုပ်က အနားပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဩဂုတ်၂၆ ရက်မှာ အလုပ်သမား ၁၃ဦးကို ဂျပန်နိုင်ငံသားကုမ္ပဏီတာဝန်ရှိသူ နှစ်ဦးက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် အလုပ်က ရပ်နား ခဲ့တာလို့ သိရပါတယ်။

“လုပ်ငန်း ပရောချက် မရှိတော့ဘူး၊ လူလျှော့မယ်။ ၁၃ဦးကို တစ်လကြိုတင်နို့တစ်ပေး အကြောင်း ကြားတယ်ပေါ့ ။ စက်တင်ဘာ ၅ ရက်မှာ အလုပ်စာချုပ် ရက်နားမယ် ပြောတယ်။ အလုပ်ကောင်းရင် ပြန်ခေါ် ပြောပြီး၊ အချိန် ကန့်သတ်ချက်မရှိဘဲ တဖက်သတ် အလုပ်နားလိုက်တာ” လို့ အလုပ်ရပ်ခံထားရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။  

ဒီ အလုပ်ရပ်နားမှုမတိုင်မီ အလုပ်သမား ၁၀ ဦး လည်း အခုလို ပြောဆို အလုပ်စာချုပ် ရပ်နားခဲ့ တယ်လို့လည်း ဆက်ပြောပါတယ်။ ကုမ္ပဏီဘက်က ၂၀၂၃ ခုနှစ်မှာ EC စာချုပ်ကို ၆ လ တစ်ကြိမ် ချုပ်ဆိုခဲ့တယ်လို့လည်း ပြောပါတယ်။ 

“ ကျွန်တော်တို့က ၃ လပဲ လုပ်ရသေးတယ်၊ ကျန် ၃လကို ဘယ်လို စီစဉ်ပေးနိုင်မလဲဆိုပြီး HRနဲ့ ဂျပန်လူမျိုး ၂ ယောက်ကို မေးတယ်။ သူတို့က ဘာမှ မလုပ်ပေးနိုင်ဘူး၊ လစာလည်း မပေးနိုင်ဘူး ဆိုပြီး ငြင်းတယ်။”လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေး ဥပဒေ အခန်း(၃) ပုဒ်မ၅ ပုဒ်မခွဲ (ဃ) မှာတော့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်အရ အလုပ်ရှင်က အလုပ်သမားအား သတ်မှတ်ထားသော နစ်နာကြေးပေးရန် ဝန်ကြီးဌာနသည် အမိန့်ကြေငြာစာ ထုတ်ပြန်ရမည်လို့ ပြဌာန်းထား ပါတယ်။

“ကုမ္ပဏီက အလုပ်ကောင်းရင် ပြန်ခေါ်မယ်သာ ပြောတာ၊ ဘယ်ချိန်ပြန်ခေါ်မယ်ဆိုတာလဲ မသိရဘူး။ အခုချိန်မှာ အလုပ်က ရှားပါးနေတာ။ အလုပ်သမားတွေ အရမ်းနစ်နာရတယ်၊ စာချုပ်အတိုင်း ကျန် ၃ လအတွက် တာဝန် ယူစေချင်တယ်။” လို့ အလုပ်ရပ်နားခံရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ တည်ထောင်ခဲ့ပေမဲ့ WCC အဖွဲ့ကို မဲပေးရွေချယ် တင်မြောက်ထားတာ မရှိဘူးလို့ သိရပါတယ်။ အလုပ်သမားတွေ ခွင့်ယူပါက လုပ်ခလစာ ဖြတ်တောက်ပြီး လုပ်သက်ခွင့်အတွက် အခကြေးငွေ ဒါမှမဟုတ် ခွင့်ခံစားခွင် မရခဲ့ဘူးလို့လည်း သိရပါတယ်။  

“ ရှောင်တခင်ခွင့် ၆ ရက်ပေးတယ် ပြောပြီး ခွင့်ယူရင် တရက်လုပ်ခလစာ ဖြတ်တယ်။ ပြီးတော့ လုပ်သက်ခွင့် လည်းမရ ၊ အဲ့တွက် လုပ်သက်ကြေးလည်း မရဘူး။ ပြောမယ်ဆိုခံစားခွင့် အပြည့်အဝ မရဘဲ နစ်နာနေကြတယ်” လို့ အလုပ်သမားတဦးကပြောပါတယ်။

Diamond Rental Myanmar Company Limited က စက်ယန္တရားနဲ့ စက်ကိရိယာတွေ ငှားရမ်းတဲ့ ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်၊ သီလဝါ လမ်းမကြီးမှာ လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။Diamond Rental Myanmar ရဲ့ ရှယ်ယာရှင်တွေကတော့ Mitsubishi Corporation၊ Nikken Corporation တို့ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ Mitsubishi Corporation ကတော့ Japan အစိုးရရဲ့ ODA အစီအစဉ် ငွေကြေးထောက်ပံ့မှုနဲ့ လုပ်ဆောင်တဲ့ မြန်မာနိုင်ငံအတွင်းက စီမံကိန်းတချို့မှာ ပါဝင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။  

Diamond Rental Myanmar Company Limited ကို NODA CRANE က စီမံခန့်ခွဲမူပြုလုပ်နေတယ်လို့ သိထားပြီး ကုမ္ပဏီကို ဝန်ထမ်း ၁၀၀ နီးပါး လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။ ကုမ္ပဏီက မီးရထားလမ်း အဆင့်မြှင့် တင်တာ၊ သန်လျင်နဲ့ အတ္တရံ-ဇာသပြင် တံတားတည်ဆောက်ရေး ၊ ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီး လက်ရှိ ဒလ-ရန်ကုန် တံတားတည်ဆောက်တဲ့လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026