NEWS

Diamond Rental Myanmar ကုမ္ပဏီ နစ်နာကြေးမပေးဘဲ လုပ်သားလျှော့ချ

CoverLogo
428 Views

Diamond Rental Myanmar Co.,Ltd က စာချုပ်ဝန်ထမ်းတွေကို နစ်နာကြေး မပေးဘဲ လုပ်သားလျှော့ချ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စာချုပ်သက်တမ်းပြည့်တဲ့ အလုပ်သမားတွေကို ၆ ရက်အနားပေး  ပြီးမှ စာချုပ် ပြန်လည်ချုပ်ဆိုမယ်လို့ ပြောဆိုပြီးနောက် လျှော့ချတာ ဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

 

“စာချုပ်သမားတွေကို လျှော့တာ အခုဆိုရင် ၄  ကြိမ်မြောက် ။ Mitsubishi Corporation စီမံတဲ့ အချိန်က လုပ်သက်နှစ်တွေကို Noda ကုမ္ပဏီက လွှဲတော့ အဲ့ဒီ လုပ်သက်တွေ အကျုံးမဝင်ဘူးပြောတယ်။ ဒါကို အလုပ်သမားတွေက လက်မခံဘူး။ ကုမ္ပဏီ ဘာမှ နစ်နာကြေးမပေးဘူး၊ စာချုပ်လည်း ဆက်မချုပ်တော့ဘူး။” လို့ ပြောပါတယ်။ 

 

Diamond Rental Myanmar Co.,Ltd က ဂျပန် ကုမ္ပဏီဖြစ်ပြီး လက်ရှိ Noda ကုမ္ပဏီက စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။ ကုမ္ပဏီမှာ ဝန်ထမ်းလျှော့ချလို့ မူလ အလုပ်သမား ၁၀၀ ဝန်းကျင်ကနေ ၅၀  ဝန်းကျင်လောက်ပဲ ရှိတော့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။၂၀၂၃ ခုနှစ်မှာ Diamond Rental Myanmar Co.Ltd ကို Noda ကုမ္ပဏီက လွှဲယူခဲ့ပြီးနောက် နစ်နာကြေး မပေးဘဲ အလုပ်သမားတွေကို စာချုပ်ဖျက်သိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

 

“ကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်း နဲ့ စာချုပ်ဝန်ထမ်းကြား ခွဲခြားဆက်ဆံတယ်။ လစာတွေ၊ အခွင့်အရေးတွေလည်း ခွဲခြား ပေးထားတယ်။စာချုပ်ဝန်ထမ်းထဲမှာ အမြဲတမ်းဝန်ထမ်းဖြစ်သွားတာရှိတယ်။ ဒီတော့ အလုပ်သမားတွေ ကြိုးစား ကြတာပေါ့။ စာချုပ်ဝန်ထမ်းတွေက ပါမစ်ဝန်ထမ်း ဖြစ်ဖို့ နှစ်ရှည်လုပ်ခဲ့တာ။ ဝန်ထမ်း လျှော့တော့ ဒီ စာချုပ်ဝန်ထမ်းတွေကို  လျှော့တယ်။ လုပ်သက်နစ်နာကြေး မပေးဘူး။ လုပ်သက် ဆက်မပေးချင်တော့ အဲဒါတွေ ကို ထည့်မစဉ်းတော့ဘူး။ ဘာမှ လုပ်မပေးဘူးပဲ ပြောတာ” လို့   စာချုပ် အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

Mitsubishi Corporation  စီမံခန့်ခွဲစဉ်ကာလမှာ ဝန်ထမ်း လျှော့ချတာတွေရှိခဲ့ပေမဲ့ လုပ်သက်နှစ်ကြီး ဝန်ထမ်း တွေ မပါဝင်ခဲ့သလို စာချုပ်ဝန်ထမ်းတွေနဲ့လည်း ပြသနာ ဖြစ်ပွားတာမရှိဘဲ နစ်နာကြေး အပြည့်အဝပေး စာချုပ် ရပ်စဲခဲ့တယ်လို့  ပြောပါတယ်။

 

“လုပ်သက်အတွက် နစ်နာကြေးမရဘူး၊ နှစ်ရှည် လုပ်ကိုင်ခဲ့ရတော့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးရတယ်။ မြို့နယ် အလုပ်သမားဦးစီးမှူးတွေဆီ တိုင်တာပဲ။ အခုထိ ထိထိရောက် မရှိဘူး။ အလုပ်သမားတွေက နစ်နာနေပြီ။ Mitsubishi Corporation မှာလည်း တာဝန်ရှိတယ်။ ဘာလို့ဆို ကျနော်တို့ကို သူတို့ကုမ္ပဏီက ခန့်ထားတာ၊ ကုမ္ပဏီ ရှယ်ယာထွက်တော့ အလုပ်သမားတွေက မသိရဘူး။ အခုလည်း Mitsubishi Corporation က ၂၀ ရာခိုင်နှုန်း ပါသေးလို့ ကြားထားတယ်။” လို့ စာချုပ် အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိ Diamond Rental Myanmar Co.,Ltd မှာ စာချုပ် အလုပ်သမား မရှိဘဲ နေ့စားအဖြစ် ခေါ်ယူ ခိုင်းစေ နေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

 

Diamond Rental Myanmar Co.,Ltd က စက်ယန္တရား ငှားရမ်းတဲ့ ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန် မှာ လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေထဲမှာ Mitsubishi Corporation နဲ့ Nikken Corporation တို့ ပါဝင်တယ်လို့ ကုမ္ပဏီဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။  Mitsubishi Corporation ကတော့ Japan အစိုးရရဲ့ ODA အစီအစဉ် ငွေကြေးထောက်ပံ့မှုနဲ့ လုပ်ဆောင်တဲ့ မြန်မာနိုင်ငံက စီမံကိန်းတချို့မှာ ပါဝင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

 

လက်ရှိ ဖြစ်စဉ်ကို ဂျပန်အစိုးရ နဲ့ JICA ကို သံရုံးကတဆင့် အကြောင်းကြားထားပြီး  Mitsubishi Corporation ကို ဆက်သွယ် လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောဆိုထားပါတယ်။  


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026