NEWS

Cherry Apparel (Myanmar) အထည်ချုပ် စက်ရုံ ဥပဒေဖောက်ဖျက်သည့် သတင်းဖော်ပြခံရပြီးနောက် အလုပ်သမားများအား လက်မှတ်ထိုးခိုင်း

CoverLogo
741 Views
 
Cherry Apparel (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံက အလုပ်ရုံများ အက်ဥပဒေကို ချိုးဖောက် နေတယ်လို့ Myanmar Labour News မှာ သတင်းဖော်ပြပြီးနောက် စက်ရုံက အလုပ်သမားတွေကို လက်မှတ်ထိုး ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လက်မှတ်ထိုးခိုင်းတာကတော့ သတင်းဖော်ပြထားတာတွေ့တယ်ဆိုပြီး ( နိုဝင်ဘာ ၁၃) ညနေ ၄ နာရီ လောက်မှာ အလုပ်သမားတွေကို လက်မှတ်ထိုးဖို့ စက်ရုံ ရုံးပိုင်းက စာရိုက်ပြီး ချ ပေးလိုက်တာ။ အဲ့မှာ လက်မှတ်ထိုး ခဲ့ရတာပါ “ လို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
စက်ရုံဘက်က လက်မှတ်ထိုးဖို့ ဖော်ပြထားရာမှာ “ အလုပ်ဆင်းချိန်နဲ့ အချိန်ပို (အိုတီ) ကြားမှာ နားချိန် မယူဘဲ ၆ နာရီခွဲအထိ ဆက်တိုက် လုပ်ကိုင်မယ် “ ဆိုတဲ့သဘောမျိုးရေးသားထားတာကို လက်မှတ် ထိုးပေးလိုက်ရတာ ဖြစ်တယ်လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ် ။
 
“စာထဲမှာတော့ နားချိန်မယူဘဲ ဆက်လုပ်ပြီး ၆ နာရီခွဲပြန်ရတာကို ကျေနပ်လက်ခံတယ်ဆိုတဲ့ သဘောမျိုး ရေးထားတာ။ တကယ်လို့ လက်မှတ်မထိုးတဲ့ သူဆို ၇ နာရီ အထိ အလုပ်လုပ်ရမယ်ဆိုပြီး ပြောတယ်” လို့ နောက်ထပ် စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
Cherry Apparel (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံဟာ အလုပ်ရုံများ အက်ဥပဒေကို ကျော်လွန်ပြီး အလုပ်ချိန် ၆ နာရီဆက် လုပ်ကိုင်ခိုင်းနေတာကြောင့် Myanmar Labour News က နိုဝင်ဘာ ၁၃ ရက်မှာ သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
စက်ရုံဘက်က ဥပဒေရဲ့ အပြစ်ဒဏ်တွေကို ရှောင်လွဲလိုတာကြောင့် အလုပ်သမားတွေကို အခုလို လက်မှတ်ထိုး ခိုင်းတာဖြစ်မယ်လို့ အလုပ်သမားရေး လိုက်လံ ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။
 
“ ဒီလို ၆ နာရီ ဆက် အလုပ်သမားက လုပ်နိုင်တယ်ဆိုရင်တောင် ဥပဒေမှာက အဲလို ဆက်တိုက် မခိုင်းစေရ ဘူးလို့ ပြဌာန်းထားတယ်။ လက်မှတ်ထိုး ခိုင်းတာကတော့ အရေးယူမှုတွေကို ရှောင်ချင်တာကြောင့်ပေါ့။ တကယ် အရေးယူမယ်ဆိုရင်တော့ ရှောင်လို့မရတော့ဘူး" လို့ အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုအောင်သူက ပြောပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံ ကျင့်သုံးနေတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၆၃ မှာတော့ “ အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်း အခြားများကို သတ်မှတ်ရာ၌၊ မည်သည့်ကာလအပိုင်းအခြားမျှ ငါးနာရီထက်မပိုစေရ၊ ထို့ပြင် မည်သည့်အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားနေရန် အားလပ်ချိန် မရသေးမီ ငါးနာရီထက်ပို၍ တဆက်တည်းအလုပ် မလုပ်စေရ။” ဆိုပြီး ပြဌာန်းထား ပါတယ်။
 
လက်ရှိ Cherry Apparel (Myanmar) စက်ရုံရဲ့ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၄ ခွဲအထိ ဖြစ်ပြီး နေ့စဉ် အချိန်ပို ၂ နာရီ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
ဒါ့ကြောင့် နေ့လယ် ၁၂ နာရီခွဲ ကနေ ညနေ ၆နာရီခွဲအထိ နားချိန်မရှိ အလုပ်ချိန် ၆ နာရီဆက်ကို အလုပ်သမားတွေက နေ့စဉ် လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ထိုးပေးရမဲ့ အလုပ်သမား‌တွေ ကတော့ နားချိန်မရဘဲ ဆက်တိုက်လုပ်ကိုင်နေရတာနဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး ပြောဆိုကြ ပါတယ်။
 
“တခြားစက်ရုံတွေမှာ ၁၅ မိနစ် အနည်းဆုံး အနားပေးတယ်။ နောက် ၆ ခွဲပြန်လွတ်တယ် ။ အိုတီကို ၂ နာရီပဲ တွက်ပေးတယ်။ ကျွန်မတို့က အနားရချင်တာ။ ငွေ ရချင်လို့ ပြောတာမဟုတ်ဘူး။ စက်ရုံက ထမင်းစားနား ချိန်မှာလည်း အပြည့်အဝ ပေးနားတာမဟုတ်ဘူး ။ ၁၅ မိနစ်လောက်နဲ့ ထမင်းစားပြီး လုပ်ငန်းခွင်ဝင်ဖို့ မောင်းထုတ် ခံရတယ်။မျှတ သလားဆိုတာကို စဉ်းစားကြည့် ။ လက်မှတ် ထိုးတာကတော့ ကြောက်တာ လည်းပါတယ်။ မထိုးရင် ၇ နာရီမှ ပြန်ဆိုပြီး ခြိမ်းခြောက်တာလည်း ပါတယ်။ ဖယ်ရီမပေးဘူးဆိုရင် ဘယ်နဲ့ လုပ်မလဲ ။ ကြောက်ကြတာပေါ့ ။” လို့ အလုပ်သမား တဦးက လက်မှတ်ထိုးရတဲ့ အခြေအနေကို ရှင်းပြ ပါတယ်။
 
Cherry Apparel (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံကို တရုတ်လူမျိုးတဦးပိုင်ဆိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွင့်လှစ်ထားတာလို့ သိရပါတယ်။ စက်ရုံကတော့ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်မှာရှိပြီး အလုပ်သမား ၈၀၀ နီးပါး လုပ်ကိုင်နေကာ FieldCore ဂျင်းထည်တွေ ချုပ်လုပ် နေတယ်လို့ အလုပ်သမားတွေ ပြောကြားထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026