Casico Garment စက်ရုံက အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းပေမဲ့ နှစ်လုံးရောင်းချသူ အလုပ်သမားရဲ့ဖုန်းကိုတော့ သိမ်းဆည်းတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံဘက်က ဖုန်း မပေးတဲ့ အလုပ်သမားကို ဝမ်တိန်ထိုးရမဲ့ စည်းကမ်းချက် ထုတ်ထားပေမဲ့ မန်နေဂျာတွေ ကိုယ်တိုင်က ခွဲခြားဆက်ဆံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ဖုန်းတွေကို စက်ရုံက သိမ်းတယ်။ အားလုံးဆီက ဖုန်းတွေသိမ်းတယ်။ ဒါပေမဲ့ လောင်းကစား နှစ်လုံး ရောင်းတဲ့ အလုပ်သမားဖုန်းကိုတော့ မသိမ်းဘူး။ အလုပ်လည်း မထုတ်ဘူး” လို့ ပြောပါတယ်။
စွမ်းလိုင်း မန်နေဂျာကိုယ်တိုင်က အဲဒီ အလုပ်သမား နှစ်လုံးရောင်းချတာကို သိနေပေမဲ့ တားမြစ်တာ မရှိသလို အရေးလည်း မယူဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“နှစ်လုံးရောင်းတဲ့ အလုပ်သမားက ခေါင်းဆောင်တွေ အကြီးအကဲတွေ ကျွေးမွေးထားတာ၊ အပိုင်ပေါင်းထားတော့ ၊ သူတယောက်တည်း ဖုန်းကိုင်လို့ရနေတာ။ ညီမတို့က ဘယ်လောက် အရေးပေါ် ဖြစ်ဖြစ် ဖုန်းမကိုင်ရတော့ ဘာမှ မသိရတော့ဘူး” လို့ ပြောပါတယ်။
စက်ရုံမှာ HR မန်နေဂျာနဲ့ နီးစပ်သူ သူ အမျိုးသမီးတဦးကို လုံခြုံရေးဝန်ထမ်းအနေနဲ့ ခန့်ထားပြီး အဲ့လုံခြုံရေးဝန်ထမ်း ကလည်း နှစ်လုံး သုံးလုံးရောင်းချသူကို ကာကွယ်ပေးကာ ကျန်အလုပ်သမားတွေကိုတော့ အပေါ့အပါးသွားလာတာက အစ ဖိနှိပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ လုံခြုံရေးအမျိုးသမီးက ရုံးပေါ်က မန်နေဂျာရဲ့ အမျိုး။ အလုပ်သမားတွေ အိမ်သာအဝင်အထွက် စကားပြောမိတာနဲ့ ဝမ်တိန်ထိုးခိုင်းတယ်။ သူကိုယ်တိုင်ကတော နှစ်လုံထီထိုးတယ်။ နှစ်လုံးရောင်းသူကိုလဲ ကာကွယ်ပေးတယ်။ “ လို့ ပြောပါတယ်။
စက်ရုံဘက်က တဘက်သတ်မှတ်တဲ့ အထည်စံချိန်ကို စွမ်းလိုင်းမန်နေဂျာက တောင်းခံရမှာ ဆဲဆို တောင်းလို့ အလုပ်သမားတွေမှာ အရှက်ရကြရတယ်လို့လည်း ပြောပါတယ်။
"စွမ်းလိုင်းမန်နေဂျာက ေ-ာက်နဲ့ ခိုင်းနှိုင်း စံချိန်တောင်းတာ။ သူဟာနဲ့လည်း ခိုင်းနှိုင်းပြောပြီးကို အထည်တောင်းနေတာ၊ အလုပ်သမားတွေရှေ့မှာကို ပြောတောင်းတာ” လို့ ပြောပါတယ်။
လိုင်းချိန်းပြီစမှာ အထည်စံချိန်ကို အလုပ်ရှင်က ချက်ချင်းတောင်းခံပြီး စက်လိုင်းထဲ အလုပ်သမား အနည်းအများပေါ် မကြည့်ဘဲ သတ်မှတ်စံချိန် ပြည့်ဖို့ ဖိအားပေး ချုပ်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်လိုင်းမှာ စက်ချုပ်၊စာရေးမ၊ ဟက်ပါ အပါအဝင် ၃၅ဦး ဝန်းကျင် ပု့မှန် ရှိတယ်။ လူ ၂၀ ပဲ ရှိလို့ စံချိန်လျှော့ပေးတာမျိုး မရှိဘူး၊ လူပြည့်လည်း ဒီအရေအတွက်ပဲ။ မပြည့်လည်း ဒီလောက်ပြီးအောင် ချုပ်ခိုင်းတယ်” လို့ ပြောပါတယ်။
လက်ရှိ လုပ်ငန်းခွင်မှာ ဝယ်လွန်ခေါင်းစွပ် ဂျာကင်တွေ ချုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ WCC တွေကို အလုပ်သမားတွေက ရွေးချယ်ထားပေမဲ့ လုပ်ငန်းခွင် အခက်ခဲတွေကို အဖွဲ့ဝင်တွေက ဖြေရှင်းပေးတာ မရှိဘူးလို့ ပြောပါတယ်။
“ အလုပ်ရှင်ကို ဘက်လိုက်ပြီး wccက ဂရိတ်ချမယ်ဆိုပြီး လာပြောတယ်။ နောက်တခုက ဂိတ်ပတ်စ်ဆို အတော်နေမကောင်းဖြစ်မှပေးတာ။ တခုခုဆို ကုသဖို့ ဆေးလည်းမရှိဘူး။ အော်ဒါမရှိဘူးဆိုရင် အလုပ်ပါဖြုတ်တယ်၊ ပုတ်ပြတ်အလုပ်သမားတွေကို ခန့်ပြီး ခိုင်းတော့တယ်” လို့ အလုပ်သမားတွေက ပြောထား ပါတယ်။
Casico Garment စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လှိုင်သာစက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။ လက်ရှိ အလုပ်သမားများ ၂၀၀ကျော်က Defacto တံဆိပ် ဘဲမွှေးထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။









