NEWS

BOHUA FASHION အထည်ချုပ်စက်ရုံအလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
737 Views

CROPP, XC စသည့် အမှတ်တံဆိပ် ဂျင်းဘောင်းဘီတွေ ချုပ်လုပ်တင်ပို့နေတဲ့ BOHUA FASHION CO,LTD မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး တိုင်ကြားမှုပြုလုပ်တဲ့အခါမှာလည်း  ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေမရဘဲ ခွင့်ယူပါက လုပ်အားခဖြတ်တောက်ခံရတာ ၊ အထည်စံချိန်တောင်းခံရမှာ ၂ ဖက်သဘောတူညီမှုမဟုတ်ဘဲ အလုပ်ရှင်ဘက်က တဖက်သက် တောင်းခံတာ တောင်းတဲ့စံချိန်မရပါက တရုတ်နိုင်ငံသား စက်ရုံမှူးအမျိုးသမီးနှင့် စူပါ များမှ အော်ဟစ်ဆဲဆိုတာတွေ ပြုလုပ်ပြီး စနေ တနင်္ဂနွေနေ့တွေမှာအချိန်ပို အတင်းအကြပ်ဆင်းခိုင်းတာတွေ ပြုလုပ်ပြီး အချိန်ပိုကြေးရှင်းမပေးတာတွေ ကျူးလွန်လျက်ရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စက်ရုံမှာဖြစ်တဲ့ကိစ္စတွေ မကျေနပ်လို့ အလုပ်သမားတွေက တိုင်တာတို့ ဆိုရှယ်မီဒီယာတွေမှာဖော်ပြတာမျိုးတွေရှိရင် အလုပ်ရှင်က စက်ရုံအတိုင်ခံရလို့ အော်ဒါမရဘဲ စက်ရုံပိတ်ရရင် နင်တို့အလုပ်သမားတွေပဲနစ်နာမှာဆိုပြီး အစည်းအဝေးလုပ်တိုင်းပြောပါတယ် သူတို့ဘက်ကလိုအပ်ချက်ကိုတော့ ပြုပြင်ပေးတာမရှိဘဲအလုပ်သမားတွေကိုပဲ ခြိမ်းခြောက်နေပါတယ် ပြီးတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဦးသန့်ဇင်ဆိုတဲ့လူက ကြိုက်တဲ့နေရာတိုင် ဘာမှမဖြစ်ဘူး သူအကုန်လုံးနဲ့သိလို့ လိုက်ရှင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးပြောသွားသေးတယ်" လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်ကို ခံစားခွင့်မပေးခြင်း ကျန်းမာရေး ထိခိုက်ခြင်းနှင့် အခြားအရေးပေါ်အကြောင်းကိစ္စများကြောင့် ခွင့်တိုင်ပါကလည်း ခွင့်မပေးခြင်း ငွေကြေးဖြတ်တောက်ခြင်းများပြုလုပ်ပြီး တရက်ပျက်ပါက ဒေးကြေး ၅၆၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ် ၊ ၁၅ ရက်နောက်ပိုင်းတွင် ပျက်ပါက ရက်မှန်ကြေး ၃၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အထည်စံချိန်တောင်းခံရမှာ အလုပ်ရှင်အလုပ်သမားညှိနှိုင်းတောင်းခံသောစံချိန်မဟုတ်ဘဲ တနာရီလျင် ဂျင်းဘောင်းဘီ အထည် ၄၀ ( စက်လိုင်းတလိုင်းလျင် အလုပ်သမား  ၃၅ ကနေ ၄၀ ထိရှိ) တောင်းခံပြီး ပျက်ကွက်သူရှိပါကလည်း စံချိန်ကိုမနှုတ်ဘဲ ထည့်တွက်ပြီးချုပ်လုပ်ပေးနေရသလို အထည်စံချိန်အရေအတွက် ပြည့်မီခြင်းမရှိပါက စက်ရုံမှူး တရုတ်အမျိုးသမီးနှင့် စူပါများမှ အော်ဟစ်ဆဲဆို မှုများနေ့စဉ်ပြုလုပ်လျက်ရှိတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"နောက်တခုက အထည်စံချိန်တောင်းတာကို HR ကလူတွေပါ စက်လိုင်းထဲလာ စံချိန်တွေတောင်းပြီး အလုပ်သမားတွေကို ဖိအားပေးတာတွေလုပ်ပါတယ် အလုပ်ခေါ်တုန်းက ၅၆၀၀ နဲ့ခေါ်ပြီး လစာထုတ်တော့မှ ၄၈၀၀ တို့ ၅၀၀၀ တို့ ရှင်းပေးတာမျိုးတွေလည်း လုပ်ပါတယ် အလုပ်သမားတွေဆီက ခေါင်းပုံဖြတ်နေတာလို့ ခံစားရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

စက်ရုံအလုပ်ချိန်မှာ နံနက် ၇ နာရီ ၃၀ မှ ညနေ ၄ နာရီအထိ ပုံမှန်အလုပ်ချိန်ဖြစ်ပြီး ည ၈ နာရီအထိ အချိန်ပိုဆင်းပေးရခြင်း အလုပ်သမားကို ကြိုတင်အသိပေးခြင်းမရှိဘဲ ခိုင်းစေခြင်း အော်ဒါအရေးကြီးရက်များတွင် စနေ တနင်္ဂနွေ နေ့များမှာပါ အချိန်ပိုဆင်းရပြီး အချိန်ပိုအိုတီကြေးများကို မရှင်းပေးဘဲ ရက်စားပြန်ပေးမယ် ဟုဆိုကာ ရက်စားလည်း မပေးဘဲ အလုပ်ဆင်းခိုင်းခြင်း များကျူးလွန်ကာ လုပ်အားခေါင်းပုံဖြတ်ကာ လုပ်အားခတွေညှစ်ယူနေတယ်လို့ ဆိုပါတယ်။

"အလုပ်ရှင်က စနေ တနင်္ဂနွေကို အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုအိုတီကြေးမရှင်းပေးပါဘူး နောက်ရက်မှာရက်စားပြန်ပေးမယ်လို့ ပြောတယ် အဲ့ရက်စားပေးတယ်ဆိုတဲ့ရက်မှာအလုပ်မဆင်းရင် အဲ့ရက်အတွက်ပါ ဒေးကြေး ရက်မှန်ကြေးဖြတ်တောက်တာပါ အော်ဒါတွေကိုလည်း တခြားစက်ရုံက ယူချုပ်နေတာ လုပ်ချင်တိုင်းလုပ်နေတာဖြစ်ပါတယ်အီးစီ စာချုပ်တစ်စောင်ကိုလည်း အလုပ်သမားတွေကို ပေးမထားဘဲ အလုပ်ရှင်ဘက်ကပဲ သိမ်းထားတယ် "လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ပြေလည်မှုမရှိသည့်အချက်များကို အလုပ်သမားတွေက နည်းလမ်းအမျိုးမျိုးဖြင့် တိုင်ကြားလျက်ရှိပြီး လုပ်ငန်းခွင်ထဲ စစ်ဆေးရေးများလာရောက်စစ်ဆေးပါကလည်း ကြိုတင်သင်ကြားထားသော အလုပ်သမားများကို လိမ်လည်ဖြေကြားခိုင်းကာ ဖြေရှင်းလေ့ရှိတယ်လို့ အလုပ်သမားကထပ်ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းရာတွင် အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ် ၃ ဦး အလုပ်သမားဘက်မှ ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ရမှာဖြစ်သော်လည်း အလုပ်သမုား ကိုယ်စားလှယ် ၃ ဦးကို အလုပ်သမားများမှ ရွေးချယ်ခွင့်မရဘဲ အလုပ်ရှင်ဘက်ကသာရွေးချယ်ပြီး ဖိအားပေးလက်မှတ်ထိုးခိုင်းတာကြောင့် အလုပ်သမားတွေအတွက် နစ်နာမှုရှိနေပြီး ပြန်လည် ရွေးချယ်စေလိုတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ဆေးပေးခန်းနှင့်သူနာပြုထားရှိပေးရန် နိုင်ငံခြားသားမှ တိုက်ရိုက်အုပ်ချုပ် ခြင်းမပြုလုပ်ရန် စနေ တနင်္ဂနွေ နေ့တွေမှာဆင်းထားတဲ့ အချိန်ပိုကြေးတွေကို ရှင်းပေးရန်  ဒေးကြေးနှင့်အချိန်ပိုကြေးများကိုမှန်မှန်ကန်ကန်ရှင်းပေးရန် ၊ အထည်စံချိန်တောင်းခံရာမှာ လုပ်ငန်းနှင့်မသက်ဆိုင်သူများလာရောက်ဖိအားပေး တောင်းခံခြင်းမပြုရန် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ အလုပ်သမားကိုယ်စားလှယ်အား အလုပ်သမားတွေကိုယ်တိုင် လွတ်လပ်စွာရွေးချယ်ခွင့်ပြုရန် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များခံစားခွင့်ပြုရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောဆိုပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံက တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၃၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026