NEWS

BOHUA FASHION လုပ်အားအမြတ်ထုတ်ပြီး ရက်ပျက်ပါက ကျပ် ၆၀၀၀၀ ဝန်းကျင်ဖြတ်တောက်

CoverLogo
856 Views
 
ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အတွင်းဝန်လမ်းက BOHUA FASHION စက်ရုံမှာ ချုပ်ထည် စံချိန် ၂ ဆ တိုးတောင်းပြီး သာမန်အလုပ်ချိန် ၈ နာရီအတွင်း အလုပ်သမားတွေကို အပြီးချုပ်ခိုင်းကာ လုပ်အားအမြတ် ထုတ်နေတယ်လို့ သိရပါတယ်။ အဲဒီလို လုပ်ကိုင်ခိုင်းနေတာ ၃ လကျော် ရှိနေပြီ လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက အထည်တွေကို တဆင့်ခံချုပ်တာ ။ အရေးကြီးအော်ဒါတွေကို ယူချုပ်တယ်။ စက်ရုံက အလုပ်သမားတွေကိုတော့ စံချိန်ကို ၂ ဆကျော် တိုးတောင်းတယ်။ ဘောင်းဘီကို ပုံမှန် ၉၀ လောက်တောင်းတာကနေ ၁၅၀ / ၁၆၀ လောက်တောင်းတာ ၊ အဲဒီအထည်တွေကို အချိန်ပိုမခေါ်ဘဲ အပြီးချုပ်ခိုင်းတာ။ ညနေ ၄ နာရီဆို အပြီးပေး ။ လုပ်အား အမြတ်ထုတ်တာတွေပေါ့။ အော်ဒါတွေကလည်း ဆက်နေတာ ၊ အော်ဒါတခု ထုတ်ပြီးတာနဲ့ နောက်တခု သွင်းတော့တာပဲ။ ကြာလာတော့ အလုပ်သမားတွေက ပင်ပန်းပြီး မလုပ်နိုင်တော့ဘူး။ “ အလုပ်သမားတဦးက ပြောပါတယ်။
 
သာမန်အလုပ်ချိန်အတွင်း အပြီးချုပ်ခိုင်းတာကြောင့် အလုပ်သမားတွေမှာ စိတ်ဖိစီး ပင်ပန်းဒဏ် ခံစားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားတွေအတွက် ဝင်ငွေလျော့နည်းပြီး အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့လည်း ပြောပါတယ်။
 
“ချွေးစီးပြန်တာတို့၊ ရေခဏခဏ သောက်ချင်တာတို့ ဖြစ်တယ်။ အလုပ်ကို မြန်မြန်ပြီးချင်တယ်။ လုပ်ငန်းခွင်က ထွက်ပြေးချင်လောက်အောင်ဖြစ်တယ်။ ဝင်ငွေနည်းတာတော့ မပြောပါနဲ့။ အိုတီမရှိတာဆို ၃ လ လောက်ရှိနေပြီ။ တနင်္ဂနွေနေ့တော့ နှစ်ကြိမ်ခေါ်ဖူးတယ်။ အဲဒါပဲရှိတယ်။ မိဘတွေပြန်ထောက်ဖို့ဝေး။ ကိုယ်တိုင်တောင် မနည်းရပ်တည်နေရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
တနင်္ဂနွေနေ့တိုင်း အချိန်ပို ခေါ်ယူပြီး ဆန္ဒရှိသူတွေ အလုပ်ဆင်းနိုင်ပေမဲ့ မဖြစ်မနေ ဆင်းခိုင်းတာ နှစ်ကြိမ်ရှိခဲ့ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စနေနေ့ နေတပိုင်းအတွက် အချိန်ပို ဆင်းရပါက နောက်တပတ်မှာ မဆင်းရပဲ နှစ်ရက် နားခိုင်းတာတွေလည်း ရှိပြီး ဖယ်ရီမပေးလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရတဲ့ ရက်တွေ ရှိတယ်လို့ ပြောပါတယ် ။
 
“ပြီးခဲ့ ၁၂ ပိုင်းနဲ့ အခု ၁ လပိုင်းမှာ တနင်္ဂနွေနေ့တွေ မဖြစ်မနေဆင်းခိုင်းထားတယ်။ စနေနေ့အတွက် နေ့တပိုင်း အချိန်ပိုဆင်းထားတာကို နောက်တပတ် စနေ့နေ့မှာ စက်ရုံပိတ်လိုက်ပြီး အိုတီခလျှော့ ပေးတဲ့ ပုံစံတွေလည်း လုပ်တယ်။ အချိန်ပိုဆင်းတဲ့ဌာန ရှိရင် အရင်ပြန်ရတဲ့ အလုပ်သမားတွေကို ဖယ်ရီမရတော့ဘူး၊ ကားခ ပေးမယ် ဆိုပြီး အခုအထိကို မပေးတာ။ အဲလို မပေးတာ သုံးလေးငါး ခါ လောက်ရှိနေပြီ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ခွင့်ရက်တွေ မပေးဘဲ ရက်ပျက်ပါ ငွေကျပ် ၆၀၀၀၀ ဝန်းကျင် ဖြတ်တောက်ခံရသလို လိုင်းစူပါတွေက ဆဲဆိုရိုင်းစိုင်းပြီး ဂရိတ်ကြေးသတ်မှတ်ရာမှာ နီးစပ်သူတွေကို အမြင့်ဆုံးသတ်မှတ်ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စူပါတွေကို ပြောတယ် ဆေးခွင့်ဆိုလည်း မပေးဘူး။ ရှောင်တခင်ခွင့်ဆိုလည်း ပေးမရဘူးလို့ ပြောပါတယ်။ ရုံးပေါ်လည်း ပြောမပေးဘဲ၊ဘူးခံနေတော့တာ။ ရက်ပျက်ရင် ရက်မှန်ကြေး၊ ဂရိတ်ကြေး ၊ ဒေးကြေး အကုန် အဖြတ် ခံရတယ်။ လုပ်သက် တလျှောက် တခါမှ အလုပ်မပျက်ဘူး ဒါတောင် ခွင့်မရဘူး။ စူပါတွေကလည်း ဂရိတ် (ကျွမ်းကျင်ကြေး)ကို သူတို့နဲ့ နီးစပ်သူတွေကို အမြင့်ဆုံးပေးတယ်။ A2+ ဆိုတာ အမြင့်ဆုံးပဲ။ လာဘ်စားတယ် လို့တောင် ပြောနိုင်ပါတယ်။ လိုင်း ၅ နဲ့ လိုင်း ၃ စူပါ အဆိုးဆုံးပဲ။ စူပါတွေရော လီဒါတွေရော ဆဲတာကလည်း နားမခံနိုင်ဘူး။ တခါတလေ ခန္ဓာကိုယ်ကို ပုတ်ပြတာတွေတောင် လုပ်တယ်။ “ လို့ အလုပ်သမားတဦးက ပြော ပါတယ်။
 
စူပါတွေရဲ့ ရွေးချယ် ဂရိတ်ကြေးသတ်မှတ်မှုကြောင့် လစာ ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိ နစ်နာ ကြတယ်လို့ လည်း သိရပါတယ်။ BOHUA FASHION စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပေမဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တာ မရှိဘူးလို့ ပြောကြားကြပါတယ်။
 
စက်ရုံကို တရုတ်အမျိုးသမီးတဦး အုပ်ချုပ်နေပြီး အောစူပါ နှစ်ဦး၊ စူပါ လေးဦးနဲ့ လီဒါ ရှစ်ဦးတို့က အလုပ်သမား ၂၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026