NEWS

BEST GARMENT (LAOS) CO.LTD မှ မြန်မာအထည်ချုပ်လုပ်သားတွေအပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်၊ တိုင်ကြားတဲ့အလုပ်သမားကိုအလုပ်ထုတ်

CoverLogo
653 Views

လာအိုနိုင်ငံ ဗီရန်ဂျင်း ၃ ကန်နယ်မြေမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် BEST GARMENT (LAOS) CO.LTD မှာ မြန်မာအလုပ်သမား ၄၀၀ ကျော် ခေါ်ယူလုပ်ကိုင်နေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

ဒါ့အပြင် အဆိုပါ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတာနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်သို့ စစ်ဆေးရန် လာရောက်တဲ့ အော်တစ် ( AUDIT ) ကို အခြေအနေတွေပြောပြတိုင်တန်းတဲ့ အလုပ်သမားကိုပါ အလုပ်က နေထုတ်ပယ်ခဲ့တာကြောင့် အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတယ်လို့ဆိုပါတယ်။

 

အဆိုပါ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ လုပ်ငန်းခွင်မှာ TCHIBO CERTIFIED MERCHANDISE အမှတ်တံဆိပ် အထည်တွေချုပ်လုပ်တာလို့ ပြောပါတယ်။

 

ချိုးဖောက်မှုအနေနဲ့ လုပ်ငန်းခွင်သို့လာရောက်ရန် မြန်မာအလုပ်သမားတွေကို လစာဒေါ်လာ ၂၅၀ ( ထမင်းစရိတ်နဲ့ အဆောင်ခ ငြိမ်း) ပေးမယ်လို့ ပြောဆိုပြီး တကယ်တမ်း မှာတော့ ဒေါ်လာ ၁၅၀ ဝန်းကျင်သာ ပေးချေတယ်တာကြောင့် ကျေနပ်မှုမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

 

"အလုပ်ခေါ်တုန်းက ဒေါ်လာ ၂၅၀ ပေးမယ်ပြောထားပြီးတကယ်တမ်းပေးတော့ ၁၄၀၊ ၁၅၀ အလွန်ဆုံးပဲ မေးရင် တောင်းတဲ့စံချိန်မပြည့်လို့ ဒီလောက်ပဲရတယ်ပြောတယ် အောစူပါတွေက အထည်စံချိန်ကိုလည်း လိုင်းတလိုင်းကို လူ ၁၈ ယောက်နဲ့ တရက်ကို အထည် ၁၄၀၀ ကျော်ပေးရတယ် တနေ့တာ စံချိန်မပြည့်ရင် ည ၉ နာရီထိ အချိန်ပိုအလကားဆင်းပြီးချုပ်ပေးရတဲ့အပြင် တနင်္ဂနွေနေ့ပါ အလကားဆင်းပြီးချုပ်ပေးရတယ်"လို့ အလုပ်သမားကရှင်းပြပါတယ်။

 

အဆိုပါ အထည်ချုပ်လုပ်ငန်းခွင်မှာ ပေးသလောက်သာ ယူနေရတဲ့ အခြေအနေဖြစ်နေသလို လုပ်ငန်းခွင်အတွင်း ရေပူ ရေအေးခွဲထားထားတာ လာအိုနိုင်ငံသားတွေသာ ရေအေးသောက်ခွင့်ရပြီး မြန်မာနိုင်ငံသားတွေရေအေးသောက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ 

 

"မြန်မာနိုင်ငံသားတွေ ရေအေးသောက်ရင် အိမ်သာခဏခဏသွားမယ် စံချိန်ကျမယ်ဆိုပြီး ရေပူပဲသောက်ရတယ် အလုပ်သမားတွေ ဆီးကျောက်တည်တာတွေဖြစ်ကုန်တယ် အလုပ်လာလုပ်တာ ၁၁ လရှိတဲ့တယောက် ဆီးကျောက်တည်လို့ ပြန်ကုမလို့ဟာကို လျှော်ကြေး ပေးရမယ်ပြောလို့ မပြန်နိုင်သေးဘဲ ဆက်လုပ်နေရတယ်"လို့ အလုပ်သမားကပြောပါတယ်။

 

လုပ်ငန်းခွင်သို့ မဝင်မီကာလတွေက အလုပ်သမားတွေ လုပ်သက် ၁ နှစ်ပြည့်ပါက မြန်မာပြည်ကိုပြန်နိုင်ပြီး လျှော်ကြေးပေးစရာမလိုကြောင်း လူမှုဖူလုံရေးသွင်းထားပါက မြန်မာပြည်ပြန်ရင် ရာခိုင်နှုန်းဖြင့်ပြန်ပေးမည်ဟု ပြောထားပေမယ့် တကယ်တမ်းမှာတော့ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မြန်မာပြည်ပြန်ပါက လျှော်ကြေးပေးရမယ်ဟု ပြောဆိုတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

လုပ်ငန်းခွင်မှာ နားချိန်မရှိအလုပ်လုပ်ရသလို နေမကောင်းဖြစ်လို့ ဆေးခွင့်နဲ့အလုပ်နားပါက ငွေကြေးဖြတ်တောက်ခြင်း ၊ လူမှုဖူလုံရေးဆေးခွင့်နဲ့နားပါကလည်း တရက်ကို မြန်မာငွေ ၁ သိန်းခွဲ ကျပ် ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။ လူမှုဖူလုံရေးကြေးအနေနဲ့ လစဉ် မြန်မာငွေ ၈ သိန်းကျော် သွင်းရတယ်လို့ ပြောပါတယ်။

 

"အခက်အခဲတွေကတော့အများကြီးပဲ အလုပ်ရှင်က မြန်မာနိုင်ငံက အလုပ်လာလုပ်တဲ့အလုပ်သမားတွေကို လူမှုဖူလုံးရေးပေးသွင်းထားရင် လုပ်သက် တစ်နှစ်ပြည့်လို့ ကိုယ်နိုင်ငံကိုပြန်ရင် ရာခိုင်နှုန်းဖြင့် ပြန်ပေးမယ်ပြောထားပြီး အလုပ်ထဲမနားမနေ လုပ်ရတော့ နေထိုင်မကောင်းဖြစ်လို့ ပြန်ချင်လည်း စာချုပ်မှာ (၃နှစ်ပြည့်မှ ပြန်ရမည်ဟုပြောပြီး အခုပြန်လျင်လျော်ကြေးပေးပြီးမှ ပြန်ရမယ်ဆိုပြီး အလုပ်ရှင်ဘက်ကပြောပါတယ်။ တချို့မခံနိုင်တော့တဲ့အလုပ်သမားတွေလျှော်ကြေးပေးပြီးပြန်ကြတယ် မပေးနိုင်လို့ မပြန်ရတဲ့အလုပ်သမားတွေလည်းအများကြီးပဲ"လို့အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ လုပ်ငန်းခွင်သို့ စစ်ဆေးရေးလာရာ အလုပ်သမားတွေအနေနဲ့ အချိန်ပိုအခမဲ့ဆင်းပေးနေရတာ လစာပေးရာတွင်တိကျမှုမရှိတာ တွေကို ပြောပြတဲ့အလုပ်သမား မှာ အလုပ်မှထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းလုပ်ကိုင်ရာမှာ အကူအညီဖြစ်ဖို့အတွက် အောက်ပါ အချက်တွေဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။

 

အလုပ်သမားတောင်းဆိုချက်တွေကတော့ 

၁။ အလုပ်ရှင်ဘက်မှ ဆီကျောက်ရောဂါဖြစ်နေသော အလုပ်သမားကို မြန်မာပြည်ကို ပြန်ပို့ပေးရန်။

၂။ အလုပ်ရှင်ဘက်မှ မြန်မာအလုပ်သမားများကို ရေအေးတိုက်ရန်။

၃။ အလုပ်ရှင်ဘက်မှ လူမှုဖူလုံရေးဆေးခွင့်ဖြင့် ရက်ပျက်လျင် လစာထဲမှမဖြတ်တောက်ရန်။

၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီအလကားဆင်းခိုင်းခြင်းမပြုလုပ်ရန် စတာတွေဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026