NEWS

Alland fashion အထည်ချုပ် လူရွယ်လုပ်သားများအား ခိုင်းစေပြီး EC စာချုပ် ချုပ်မပေး

CoverLogo
634 Views
 
Alland fashion Ltd အထည်ချုပ် စက်ရုံက လူရွယ်လုပ်သားတွေကို ခိုင်းစေပြီး EC စာချုပ် ချုပ်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အသက် ၁၈ နှစ်အောက် လုပ်သားတွေနဲ့ အတူ နေ့စားလုပ်သား ၆၀ လောက်ကို ခန့်ထားပြီး အမြဲတမ်းလုပ်သားအဖြစ် ခန့်မထားတာကြောင့် ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေ စက်ရုံကို လာရောက်စစ်ဆေးတဲ့ အချိန်ပဲ အလုပ်သမား အနည်းအကျဉ်း ကို EC စာချုပ် ချုပ်ပေးတယ်။ ကျန်တဲ့သူတွေကို ချုပ်မပေးဘူး။ နေ့စားမှာ ၁၈ နှစ်အောက် ကလေးတွေနဲ့ အသက်ပြည့်တဲ့ လုပ်သား ၆၀ လောက်ကို နေ့စားထားတယ်။ အားလုံး ၂၀၀ လောက် ရှိတယ်။ သူတို့က တနင်္ဂနွေပိတ်ရက်အတွက် လုပ်ခတွေ မရတော့ဘူး။ တချို့ဆို လုပ်သက် ၆ လ ၊ တနှစ် ရှိနေပြီ။ အစမ်းခန့်ကာလ ကျော်တာတောင် အမြဲတမ်းလုပ်သား မဖြစ်ကြဘူး။ အလုပ်ချိန်ရော ၊ အလုပ်ရော တန်းတူလုပ်နေရတာ ” လို့ ပြောပါတယ်။
 
နေ့စားခအတွက် အလုပ်ချိန် ၁၀ နာရီလုပ်ကိုင်ရပြီး ကျပ်တစ်သောင်းဝန်းကျင်သာ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ နေ့စဉ် ည ၇ ခွဲအထိ လုပ်ကိုင်ရပြီး အထည်စံချိန်မပြည့်တဲ့ အလုပ်သမားတွေကို ညနက်အထိ အချိန်ပို လုပ်ခမရဘဲ လုပ်ကိုင်ရတယ်လို့ သိရပါတယ်။
 
“လက်ရှိတော့ ၆ ခွဲအထိလုပ်ရတယ်။ ဒါပေမဲ့ နေ့လယ်စာ စားပြီးကတည်း အချိန်ပိုပြီးတဲ့ အထိ အနားမ ပေးဘူး။ တနင်္ဂနွေ့တွေကတော့ တပတ်ခြားဆင်းရတယ်။ တလမှာ ၂ ရက်တည်း အနားရတာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း စံချိန်မပြည့်ပါက အောစူပါချုပ်နဲ့ အောစူပါတွေက ဆဲဆို အော်ဟစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ခွင့်အမျိုးအစား အားလုံး ခံစားခွင့်မရပေမဲ့ လူမှုဖူလုံရေး ကြေးကိုတော့ လစဉ် ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ဆို ဘာမှ မပေးတာ၊ ရှောင်တခင်လည်းမရဘူး၊ SSB လည်းမရဘူး၊ လုပ်သက်ခွင့်လည်းမပေးဘူး။ ဖူလုံရေးခွင့်တောင်းတာ ၊ မန်နေဂျာက တိုင်ချင်ရာတိုင် ဆေးခွင့်မပေးဘူးဆိုပြီး ငြင်းတယ်။ လုပ်သက်ခွင့်ဆို တနှစ်အတွင်း တရက်ပျက်တာနဲ့ မပေးတော့ဘူး။ နှစ်ကုန်ကြေးလည်း မပေးဘူး။ ရက်မှန်တဲ့သူပဲ ရတယ်။ လုပ်သက်ခွင့်ဆိုတာ အလုပ်သမားတွေ ခံစားခွင့်၊ ဒါကို သူတို့ပေးမှ ရသလို ဖြစ်နေတယ်။ တပတ်အတွင်းမှာ ရက်ပျက်ခဲ့ရင် တနင်္ဂနွေပိတ်ရက်အတွက် ဒေးကြေးမပေးဘူး။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
တစ်လလုံးရက်ပျက်မရှိ လုပ်ပေးပြီး အလုပ်ထွက်ပါက အထည်ကြေးမပေးဘဲ ဒေးကြေးနဲ့ ရှင်းတာကြောင့် ကျပ်နှစ်သိန်းလောက် နစ်နာခဲ့ရတယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
WCC အဖွဲ့ဝင်တွေက အောစူပါတွေဖြစ်ပြီး စက်ရုံအလုပ်သမားတွေ ရွေးချယ်ထားတာ မဟုတ်လို့ တိုင်ကြားညှိနှိုင်းရေးတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း သန့်စင်ခန်းနဲ့ ရေသောက်တဲ့ နေရာကို အတူထားပြီး သန့်စင်ခန်းတွေရဲ့ ညစ်ညမ်း မှုကြောင့် အနံအသက်တွေ ထွက်နေပြီး ရေသောက်မရအောင် ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ သန့်စင်ခန်းသုံးရေကို မနက် ၉ နာရီမှ ရပြီး ညနေအလုပ်ဆင်းချိန် နာရီဝတ်အလိုမှာ သုံးရေကို ပိတ်ထားတာကြောင့် အနံအသက်တွေ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။ လုပ်ငန်းခွင် အတွင်း ပန်ကာနဲ့ ရေလိုက်ကာတွေ ပျက်စီးနေတာကြောင့် အပူဒဏ် ပြင်းထန်စွာ ခံစားရပြီး အရေးပေါ် ထွက်ပေါက်တွေလည်း ပိတ်ဆို့နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
Alland fashion စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ မြတောင်မင်းကြီး ဦးမှိုလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ လုပ်သား ၈၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး ဥရောပ ကုန်အမှတ်တံဆိပ်တွေ ဖြစ်တဲ့ HOHENHORN , COLLIOPE တွေကို ချုပ်လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026