ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ adidas ဖိနပ်တွေကိုချုပ်လုပ်နေတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က မြန်မာပေါင်ချိန်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ နှစ်လတိတိညှိနှိုင်းမှုတွေပြုလုပ်ခဲ့အပြီး ဒီကနေဒီဇင်ဘာ၃၀ရက်နေ့ရဲ့ထပ်မံညှိနှိုင်းမှုမှာတော့ အလုပ်ရှင်ကပြန်လည်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
“ဘယ်လိုပြေလည်သွားလဲဆို သူတို့ဘက်ကပြောတယ်။ ထပ်ပြီးလျော်ကြေးယူမဲ့သူတွေရှိလား ရှိရင်တစ်ခါတည်းပြောပေါ့ အကုန်လုံးက မယူချင်ဘူး လုပ်ငန်းခွင်ထဲဘဲပြန်၀င်ချင်တယ်ပြောတယ်။ သူတို့ဘက်ကသုံးလေးခါလောက်မေးတယ်။ အကုန်လုံးကလည်း လုပ်ငန်းခွင်ထဲပဲပြန်၀င်မယ်ပဲပြောတယ်။ လုပ်ငန်းခွင်ထဲပဲပြန်၀င်ချင်တယ်ဆိုတော့ မိမိဆုံးဖြတ်ချက်နဲ့လား သမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေနဲ့လားမေးတယ်။ မိမိဆုံးဖြတ်ချက်အတိုင်းပဲဆိုတာပြော တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ငန်းခွင်ထဲပဲပြန်၀င်မယ်ပြောတော့ အဲ့တာဆိုရင် လုပ်ငန်းခွင်ထဲကို ပြန်ထည့်မယ်။ ၂ ရက်နေ့အလုပ်ပြန်ဆင်းရမယ်။ ၂ရက်နေ့မှာ မနက် ၈ နာရီမှာ HRဌာနကိုလာခဲ့ပါ နစ်နာခဲ့ တဲ့လတွေက လုပ်ခလစာကိုပေးမယ်ပြောတယ်” လို့ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတစ်ဦးက ဆိုပါတယ်။
အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေကို လာမဲ့နှစ်ဇန်နဝါရီ၂ရက်နေ့မှာ နစ်နာခဲ့ရတဲ့အလုပ်သမားတွေရဲ့ လစာတွေပေးကာလုပ်ငန်းခွင်သို့ပြန်လည်၀င်ရောက်ဖို့ အလုပ်ရှင်ဘက်ကပြောလာခဲ့ပြီဆိုပေမဲ့ အလုပ်သမားတွေကတော့ လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်အတွက် လက်မှတ်ရေးထိုးရမဲ့စက်ရုံကအသစ်ပြန်လည်ပြင်ဆင်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရရှိမဲ့နို၀င်ဘာလနဲ့ဒီဇင်ဘာလရဲ့ လစာကိုသေချာစစ်ဆေးပြီးမှသာ လက်မှတ်ရေးထိုးမှာဖြစ်ပြီး အသစ်ပြင်ဆင်လိုက်တဲ့စည်းမျဉ်းစည်းကမ်းမှာ သဘောမတူနိုင်တဲ့အချက်တွေပါ၀င်ပါက လုပ်ငန်းခွင်၀င်ဖို့ပြန်လည်စဉ်းစားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ နစ်နာခဲ့တဲ့လုပ်ခလစာဆိုတော့ နို၀င်ဘာလ လစာရယ်ကူပွန်စာရွက်ပေးမယ်လို့ပြောတယ်။ အဲ့ဒါဆိုရင်ခုကဒီဇင်ဘာလ၃၀ရက်တောင်ရောက်နေကြပြီ ဆိုတော့ ဒီဇင်ဘာလလစာရောပေးမှာ လားဆိုတော့ သူတို့ဘက်ကမတင်မကျပြောတယ်။ ၀န်ထမ်းတွေရဲ့ အခွင့်အရေးတွေမထိခိုက်ရပါဘူး။ အဲ့တာဆိုရင်ပွင့်ပွင့်လင်းလင်းပြော အတိအကျသိချင်တယ်ဆိုတော့ သူတို့ဘက်က မထိခိုက်စေရပါဘူးပဲ ပြောတယ်။ ညီမတို့ကလည်း ပြတ်ပြတ်သားသားသိချင်တယ်။ နို၀င်ဘာလလစာရယ် ဒီဇင်ဘာလလစာ ရယ် ဇန်နဝါရီ၁ရက်နေ့စာရယ် ထည့်ပေးမှာလားဆိုတော့ မတတ်သာတဲ့နောက်ဆုံး ပေးပါမယ်လို့ပြော တယ်။ နှစ်ရက်နေ့မနက်၈နာရီ HR ဌာနမှာ ပြန်ဆုံကြမယ်ပြောတယ်။ အဲ့အခါ ငွေအမောင့်တွေရော ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း အပ်ဒိတ်လုပ်ထားတယ်။ အဲ့အခါကြည့်ပြီးလက်မှတ်ထိုးပြီး လုပ်ငန်းခွင်ပြန်၀င်ရပြီပြောတယ်။ ဒီနေ့ညီမတို့ မကြည့်ရတော့ သေချာမသိခဲ့ရသေးပါဘူး။ အဲ့နေ့မှသေချာကြည့်ပြီး လက်မှတ်ထိုးပါမယ်။ တစ်ကယ်လို့မကြိုက်တဲ့ အချက်တွေပါနေရင် လက်မှတ်ထိုးလုပ်ငန်းခွင်ပြန်၀င်ဖို့ပြန်စဉ်းစားမှာပါ” လို့ဆိုပါတယ်။
အဆိုပါအလုပ်သမားတွေနဲ့ စက်ရုံလုပ်ငန်းရှင်တွေဟာ ဒီဇင်ဘာလ၃၀ရက်နေ့မနက်ပိုင်းက မြန်မာပေါင်ချိန်စက်ရုံရဲ့HR အစည်းအဝေးခန်းမမှာ တွေ့ဆုံညှိနှိုင်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာလရဲ့ ပထမတစ်ကြိမ်၁၇ရက်နေ့မှာ ညှိနှိုင်းမှုမှာအဆင်မပြေခဲ့ဘဲ ဒုတိယမှာအဆင်ပြေသွားတာဖြစ်ပြီး ဒါဟာ စက်ရုံအပေါ် ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ adidas ရဲ့ဖိအားပေးမှုနဲ့ကြား၀င်ပေးမှုကြောင့် ပြေလည်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါအလုပ်သမားတွေဟာ လုပ်ခလစာတိုးမြင့်ပေးရန်တောင်းဆိုခဲ့ရာမှ အလုပ်သမား၂၆ဦးကို အလုပ်ထုတ်ခဲ့တာဖြစ်ပြီး အလုပ်သမားတွေက လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်အတွက်သာ တောင်းဆိုနေတာကြောင့် လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရန်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်ရုံ ဆက်ဆံရေးဦး စီးဌာနရော အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးတာ၀န်ရှိသူတွေနဲ့ အလုပ်ရှင်အလုပ်သမားများတွေ့ဆုံကာ အလုပ်ပြန်ခန့်ရေးကို နို၀င်ဘာလနဲ့ဒီဇင်ဘာလတွေမှာ ညှိနှိုင်းမှုများစွာပြုလုပ်ခဲ့တာဖြစ်ပေမဲ့ အဆင်မပြေခဲ့ဘဲ နာမည်ကျော်အမှတ်တံဆိပ် adidas ဖိနပ်တွေ ထုတ်လုပ်တဲ့ မြန်မာပေါင်ချိန်စက်ရုံကတော့ အလုပ်သမား တွေကို သုံးလစာလျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့နဲ့ အလုပ်သမားတွေဘက်က ဆန္ဒရှိရင် နစ်နာသူတွေအနေနဲ့ အရပ်ဘက် တရားရုံးမှာ တရားစွဲဆိုနိုင်တယ်လို့ပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာပေါင်ချိန်စက်ရုံဟာ adidas အမှတ်တံဆိပ် ဖိနပ်ကိုသာ အဓိကထုတ် လုပ်ပြီး အလုပ်သမား ၇၀၀၀ ကျော်ရှိတဲ့ စက်ရုံကြီးတစ်ခုဖြစ်ပြီး အဲ့ဒီလိုစံချိန်ချိန်တွေတိုးမြှင့်ချုပ်လုပ်စေခိုင်းပေမဲ့ လစာတိုးမြှင့် ခြင်းမရှိသလို အခြားသောခံစားခွင့်တွေလည်းမရတာကြောင့် လုပ်သမားတွေဟာ ပြီးခဲ့တဲ့ လက်ရှိရနေတဲ့ တစ်နေ့လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်အစား တစ်နေ့လုပ်ခကျပ်၈၀၀၀ သို့တိုးပေးဖို့ အောက်တိုဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
အဲ့ဒီလိုအလုပ်သမား ၂၀၀၀ ကျော်အထိ ပါ၀င်တောင်းဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၈ရက်က အလုပ်သမား သမဂ္ဂဦးဆောင်သူတွေ အပါအဝင် ၂၆ဦးကို လုပ်ငန်းခွင်ပေးမဝင်တော့ဘဲ အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူနေမှုစားရိတ်တွေ ငွေဖောင်းပွမှုတွေ အဆမတန်ပြောင်းလာခဲ့ပြီးနောက် အလုပ်သမားတွေက ကုန်စျေးနှုန်းမြင့်တက်လာမှုအပေါ် မိမိတို့ရဲ့တစ်နေ့လုပ်ခကျပ်၄၈၀၀ဟာ လုံလောက်မှုမရှိတာကြောင့် အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
#MyanmarLabourNews
NEWS
မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေ နှစ်လတိတိညှိနှိုင်းမှုအပြီး အလုပ်ပြန်လည်ခန့်အပ်

1.2K Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026

Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
