ARTICLE

"လွတ်မြောက်ရာဆီသို့ "

CoverLogo
832 Views

ကျမက မမေဘယ်လ်ပါ။ အသက်က ၂၆ နှစ် သမီးလေး တစ်ယောက် ရှိပြီး ပညာရေး CDM ဝန်ထမ်းတစ်ဦးပါ။

စစ်တပ်က တိုင်းပြည်ရဲ့  အာဏာသိမ်းလိုက်လို့ ဆန့်ကျင်တဲ့ အနေနဲ့ CDM ( Civil Disobedience Movement ) လုပ်တဲ့အတွက် ၅၀၅ (က) နဲ့ ဖမ်း၀ရမ်း ထုတ်ခံထားရပြီး ၂၀၂၁ ဂျူလိုင်လ (၂၉) ရက်နေ ညနေ ၄နာရီ အချိန်မှာ စစ်ကောင်စီတပ်သားတွေ အိမ်ကိုလာရောက်ဖမ်းဆီး ရှာဖွေတဲ့အချိန် သားအမိ နှစ်ဦး ထွက် ပြေးလွတ်မြောက်လာကြပါတယ်။

"စစ်ကောင်စီတပ်သားတွေ လာဖမ်းတဲ့ ညနေမှာ ကျမနဲ့ သမီးလေးက လမ်းထိပ် မုန့်ထွက်ဝယ်ပြီး ပြန်လာတဲ့အချိန်ပေါ့။  အိမ်ရှေ့ စစ်ကား ၅ စီးနဲ့ အင်အား အများအပြား လာရောက်တာကို တွေ့လိုက်တာနဲ့ သားအမိ နှစ်ယောက် တစ်ဖက်ခြံထဲမှာ ဝင်ပုန်းရင်း ကျမ ဘာလုပ်ဘာကိုင်ရမှန်းမသိ ကလေးကိုသာ တင်းတင်းဖက်ထားရင်း အခြေအနေ စောင့်ကြည့်နေခဲ့ပါတယ်"

သိပ်မကြာခင် စစ်ကောင်စီတပ်သားတွေက အခန်းထဲက ဓါတ်ပုံ တစ်ချို့နဲ့ ဆိုင်ကယ် ကို ကားပေါ်တင်ယူသွားပြီး အိမ်ကိုလည်း ဖျက်ဆီးပြီး  ပြန်ထွက်သွားခဲ့ကြပါတယ်။

အဲဒီနောက် ည ၈ နာရီ အချိန် သားအမိ နှစ်ယောက် ဝတ်အစားလည်းမပါ  ပိုက်ဆံလည်းမပါ ခြေလျင် ပြေးရင်း ည ၁၂ နာရီလောက် မှာ အိမ်တစ်အိမ် မှာခိုလှုံခွင့် ရရှိခဲ့ပါတယ်။

အဲ့ဒီအချိန်ဆိုတာ ခိုကိုးရာမဲ့ သားအမိနှစ်ယောက် တကယ် ကမ္ဘာ ပျက်တဲ့နေ့ပါပဲ။

အဲဒီည ကို အတွေးပေါင်းများစွာနဲ့ ဖြတ်သန်းရင်း မနက် ၅ နာရီ မှာ ဦးလေး တစ်ယောက်ရဲ့အကူညီနဲ့ ရွာတစ်ရွာကို ထပ်ပီး ပြောင်းရွေ့နေထိုင်ခဲ့ကြတယ်။

သမီးလေး က (၃)နှစ် ဆိုတော့ ဘာမှ နားလည်တဲ့ အရွယ်မဟုတ်သေးပေမယ့် ဒုက္ခ တွေ အများကြီး ခံစားရင်း သားမိ နှစ်ယောက် အတူတူဖြတ်ကျော်လာခဲ့ ကြရပါတယ်။

ကျမ လွတ်မြောက်ရာကို သမီးလေးနဲအတူးတိမ်းရှောင်လာခဲ့ပြီးနောက် လွတ်မြောက်ရာ နေရာမှာပဲ(၈) လ လောက် အခက်အခဲပေါင်းများစွာနဲ့  ရင်ဆိုင်ကျော်လွှား ရင်း စိတ်ဓါတ်ကျတဲ့အချိန် ရှိသလို သမီးလေးအတွက် ပျော်ရွှင်အောင်ကြိုးစား ရင်း စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကို ကျော်လွှား ဖြတ်သန်းခဲ့ပါတယ်။

ကျမတို့သားအမိနေတဲ့ နေရာက မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲရှိ နေသေးလို့ လွတ်မြောက်ရာဆိုပေမယ့် အမှန်တကယ်လွတ်မြောက်ခြင်းမရှိခဲ့ပါဘူး။

အဲဒီလိုနေနေ ရင်းကနေ ကျမတို့ နေထိုင်တဲ့နေရာကို  စစ်ကောင်စီတပ် တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ရွာသူ ရွာသားများနဲ့အတူ သားမိ နှစ်ဦး တောထဲ တောင်ထဲ အချိန်ကာလ ကြာမြင့်စွာ ထပ်မံ ခိုအောင်းခဲ့ကြရပြန်ပါတယ်။

တနသာ်ရီတိုင်း လောင်းလုံး PDF ( People Defense Force ) တွေနဲ့အတူ နေထိုင် စားသောက်ခဲ့ကြရပြီး သူတို့နဲ့ တွေနဲ့အတူ အခက်အခဲများစွာဖြတ်ကျော်ပြီး ပျော်ရွင်ခဲ့ရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။

"ကျမတို့ မှာ  တစ်ခါတစ်လေ စားစရာ အလုံအလောက်မရှိတာ၊ ချမ်းအေးတဲ့ ဆောင်းရာသီ တောထဲမှာ အနွေးထည်၊ စောင် အလုံလောက်မရှိပဲ ဖြတ်သန်းခဲ့ကြရပါသေးတယ်"

အဲ့ဒီလိုပဲ  တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်လာလိုက်  တဖန် တစ်နေရာ ကနေ တစ်နေရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြလိုက်နဲ့ နောက်ပိုင်းမှာတော့ အကြီးမားဆုံးတိုက်ပွဲ ​​ဖြစ်ပွားလာခဲ့တာကြောင့် စစ်ပြေးရှောင်ရင်း ခိုကိုးရာမဲ့ ဖြစ်လာပြီး နောက်ဆုံး တရားမဝင် လမ်းကြောင်းနဲ့  ထိုင်းနိုင်ငံ မဟာချိုင် ဘက်ကိုကူးပြောင်း ထွက်ပြေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ ၂၀၂၂ မေလ လောက်မှာတော့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့ ဖြစ်လာခဲ့ပါတယ်။

"ပြည်တွင်းမှာ ရှောင်ရင်းတိမ်းရင်းနေထိုင်ရတာက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့တာပါ။ ကျမလေ အချိန်အကြာကြီး သည်းခံပြီးတော့ နေခဲ့ပါသေးတယ်။ အသက်ရှင်နေသေးတော့လည်း စားဝတ်နေရေးအတွက် သမီးလေးအတွက် ကျမ အစွမ်းကုန်ကြိုးစားရအုံးမယ်လေ"

အဲ့ဒီဆုံးဖြတ်ချက်ချပြီးချိန် ကျမတို့သားအမိအတွက် နောက်ထပ် ကမ္ဘာပျက်ချိန်ပေါ့။

တစ်ဖက်နိုင်ငံကို ကူးမယ်လို့ ဆုံးဖြတ်ချက်ချပြီး သမီးလေးကို တစ်ဖက်နိုင်ငံကို ခေါ်သွားဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဆွေမျိုး နီးစပ်ရာ ဆီမှာ  ကလေးကို အပ်ကာ မေမေ ယူကျူံးမရ နဲ့ သမီးလေးကို ထားခဲ့ပြီး  ထွက်လာခဲ့ပြန်တာပေါ့။

-----------

ထိုင်းနိုင်ငံကို ထွက်လာတဲ့အချိန် ရနောင်း နယ်စပ်အထိ ကို စစ်ကောင်စီ ဂိတ်တွေကို ရင်တမမ နဲ့ ဖြတ်ကျော်လာခဲ့ရပါတယ်။

တစ်ဖက်ကမ်း ကူးချိန် ည ၁၂ နာရီကနေ အချိန်ကြာမြင့်စွာ အမှောင်အမဲထဲ အတူလာကြတဲ့ အုပ်စုထဲမယ် တယောက်လက်ကို တစ်ယောက် ဆွဲလို့ တစ်ညလုံး လမ်းလျှောက် ခရီးနှင်ခဲ့ကြရပြန်ပါတယ်။

စိတ်ထဲမှာတော့ သမီးလေးကျန်ခဲ့တာရော နေရာအသစ် ဘဝအသစ်  အတွေးပေါင်းစုံလို့ပေါ့။

အဲ့ဒီလိုနဲ့ (၃) ရက်မြောက်​ နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိ လာပြီး  မိတ်ဆွေ သူငယ်ချင်း များရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံမှာ  တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့ပါတယ်။

ချစ်ရတဲ့ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးလာခဲ့တော့ ထိုင်းနိုင်ငံက ကျမအတွက် လွတ်မြောက်နေရာ တစ်ခုလားလို့ ဆိုပြန်တော့လည်း .... မဟုတ်ခဲ့ပါဘူး။

ကျမတို့အတွက် လွတ်မြောက်နေရာမရှိဘူးလေ။

ထိုင်းနိုင်ငံက လွတ်မြောက်ရာ နေရာလို့ ထင်ထားခဲ့ပေမယ့် ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုကိုလည်း ခံခဲ့ရတဲ့အပြင် အခန်းအတွင်း အောင်းပြီး လပေါင်းများစွာ နေထိုင်ခဲ့ရပါသေးတယ်။

နောက်တော့ စက်ရုံတစ်ခုမှာ အလုပ်ရဖို့အတွက် အခွင့်အလမ်းတစ်ခု ရခဲ့ပါတယ်။ အခုဆိုရင် စက်ရုံကနေ ပန်းရောင်ကဒ် ရရှိဖို့ အခွင့်အလမ်း တစ်ခု လည်းရရှိခဲ့ပါတယ်။

အစိုးရ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တဲ့ကျမ အခုတော့ ထိုင်းနိုင်ငံထဲက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေပြန်ပါပြီ။

စက်ရုံအတွင်းအလုပ်လုပ်နေချိန်မှာလည်း ဘာသာစကားအခက်အခဲ လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် ကျမ ရရှိတဲ့လစာ ကနေ တချို့တဝက်ကို တော်လှန်ရေးအတွက် အမြဲ ပါဝင်လျှက် ရှိပါတယ်။

ကျမ ရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ဖျက်ပြီး ကျမချစ်ရတဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လာချင်တာပါပဲ။

အခုတော့ ရောက်လာမယ့် နှစ်သစ်ကို ထိုင်းနိုင်ငံက စက်ရုံလုပ်ငန်းခွင်ထဲမှာပဲ စောင့်ကြိုရင်း မြန်မာပြည်က မိသားစုနဲ့ သမီးလေးကို လွမ်းနေရတော့မှာပေါ့။

လွတ်လပ်ပြီး တရားဥပဒေစိုးမိုးတဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံကြီးအတွက် ကျမ ကြိုးစားပြီး တိုက်ပွဲဝင်မှာပါ။ အဲ့ဒီကျရင် သမီးလေးနဲ့ မေမေတို့ ပြန်ဆုံကြမယ်နော်။

ချစ်တဲ့ မေမေ


#MyanmarLabourNews


Related posts

Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024