NEWS

အလုပ် ၁ ရက်ပျက်ပါက အလုပ်မှထုတ်ပယ်သည်အထိ လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်ခံရခြင်းများဖြစ်ပေါ်နေဟုဆို

CoverLogo
4.6K Views

လုပ်ငန်းခွင်အတွင်း အလုပ် ၁ ရက်ပျက်ပါက အလုပ်မှ ထုတ်ပယ်တာ စံချိန်တိုးတောင်းတာ မပြည့်ပါက အချိန်ပိုအခမဲ့ဆင်းပေးရတာ လုပ်ငန်းခွင် အတွင်း ရိုင်းစိုင်းစွာ ဆက်ဆံခံရတာ တနင်္ဂနွေနားရက်ပါ မနားရဘဲ အချိန်ပိုဆင်းပေးနေတာ စတဲ့ လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ဖြစ်နေပြီး ယင်းအခက်အခဲတွေကို အလုပ်သမားတွေက လုပ်ငန်းရှင်သို့ ပြောကြားနိုင်ခြင်းမရှိတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ စက်ရုံလုပ်သားတွေကပြောပါတယ်။

ရန်ကုန်တိုင်း အရှေ့ဒဂုံစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာလမ်းမှာ ဖွင့်လှစ်ထားတဲ့  တရုတ်နိုင်ငံသားပိုင်  SANYUAN OVERSEA (MYANMAR) APPAREL  စက်ရုံမှာ လူဦးရေ ၈၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး Mango အမှတ်တံဆိပ်ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် လုပ်ငန်းခွင်အတွင်း သမဂ္ဂ ဖွဲ့ထားတာမရှိဘူးလို့လည်းသိရပါတယ်။

လုပ်ငန်းခွင်အတွင်းအလုပ်တက်ချိန်မှာ နံနက် ၈ နာရီသတ်မှတ်ထားပေမယ့် ကြီးကြပ်သူတွေက ၇ နာရီ ၅၀ မှစတင်ကာ ကြမ်းတမ်းစွာ ပြောဆိုတာ အထည်တွေ ချုပ်ခိုင်းတာတွေ ပြုလုပ်နေတာကြောင့် ငြင်းဆန်ခွင့်မရဘဲ အလုပ်လုပ်နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

အလုပ်သမားတစ်ဦးမချုပ်လုပ်နိုင်သောစံချိန်များကိုလည်း အရင်ကထက်ပိုမိုတောင်းခံပြီးစံချိန်မပြည့်ပါက လည်းအလုပ်သမားများကိုအလုပ်မှထွက်ဟုပြောဆိုတာ စံချိန်မပြည့်သည့်အတွက်အချိန်ပိုအိုတီပါအလကားဆင်ပေးနေရတာတွေ ရှိတယ်လို့သိရပါတယ်။

"လုပ်ငန်းခွင်ထဲရောက်လို့နေမကောင်းဖြစ်နေတဲ့အလုပ်သမားကဂိတ်ပတ်တောင်းတာကိုအောစူပါက ဘာမှမဖြစ်ဘူးဆိုပြီး အလုပ်သမားကိုအထည်ပဲဆက်ပြီးချုပ်ခိုင်းနေတာ အရေးကြီးကိစ္စရှိရင်လည်း ဂိတ်ပတ်ယူရတာအရမ်းကိုခက်ခဲတဲ့ အခြေအနေဖြစ်နေတာ" လို့ ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ဒါ့အပြင် ည ၁၀ နာရီအထိ အချိန်ပိုနေ့စဉ်မပျက်ဆင်းပေးနေရပြီး အချိန်ပိုမဆင်းဘဲပြန်သွားတဲ့ အလုပ်သမားတွေကို ဆဲဆိုတာနဲ့ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

"တနင်္ဂနွေနေ့များတွင်လည်းနားရက်မပေးပဲအချိန်ပိုအိုတီဆင်းနေရတယ် ညဘက်ပါအချိန်ပိုထက်ခေါ်ပါတယ် အလုပ်သမားတွေက ညဘက် မလုံခြုံလို့ အချိန်ပိုမဆင်းချင်လည်း မရတဲ့ အခြေအနေတွေ ကူကယ်ရာမဲ့ ဖြစ်နေတယ်" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယင်းကဲ့ သို့ ည ၁၀ နာရီထိ အချိန်ပိုဆင်းရပါက လည်း မိမိအစီအစဉ်ဖြင့်သာပြန်ရတာ ဖြစ်တာကြောင့် မပြန်ရဲတဲ့ အလုပ်သမားတွေအနေနဲ့ စက်ရုံမှာ အဆင်ပြေသလို ညအိပ်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခွင့်တိုင်ပြီး အလုပ် ၁ ရက်ပျက်ပါက အလုပ်မှ ထုတ်ပယ်ခံရတဲ့ အခြေအနေတွေ ဖြစ်နေပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ အခြေအနေတွေကို အလုပ်ရှင်ထံပြောကြားနိုင်ခြင်းမရှိတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ အဆိုပါစက်ရုံက အလုပ်သမားတွေက ပြောဆိုပါတယ်။

အဆိုပါ စက်ရုံ အလုပ်သမားများတောင်းဆိုချက်တွေကတော့ 
၁။   အလုပ်ရှင်ဘက်မှသတ်မှတ်ထားသော အလုပ်တက်ချိန်ရောက်မှအလုပ်လုပ်ခိုင်းရန်။
၂။   ခေတ်ကာလမကောင်းသည့်အတွက်အချိန်ပိုအိုတီခေါ်လျှင်ဖယ်ရီစီစဉ်ပေးရန်။
၃။  အချိန်ပိုအိုတီများခေါ်ရာတွင်အလုပ်သမားဆန္ဒကိုမေးမြန်ရန်နှင့်အချိန်ပိုအိုတီမဆင်းပါကဆဲဆိုခြင်း၊
     အငြိုးအတေးမထားရန်။
၄။   အချိန်ပိုအိုတီများအလုပ်သမားများကိုအလကားဆင်ခိုင်းခြင်းမပြုရန်နှင့်တနင်္ဂနွေနေ့များကို
   ပိတ်ပေးရန်။
၅။ဥပဒေမဲ့အလုပ်ထုတ်ခြင်းများမပြုလုပ်ရန်နှင့်ခွင့်နှင့်ရက်ပျက်လျှင်ဆဲဆိုခြင်းများမပြုလုပ်ရန်                စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026