NEWS

ဩဂုတ်လ ဒုတိယတပတ်တာ ရွှေဈေး ငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု

CoverLogo
481 Views

စစ်အာဏာသိမ်းကာလ  မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာ  သြဂုတ် ၅ ရက်ကနေ သြဂုတ် ၁၁ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။
 
တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ သြဂုတ် ၅ ရက်နေ့ကနေသြဂုတ် ၈ ရက်နေ့အထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တစ်လီတာ  ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၄၅၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၉၂၀ကျပ်ဖြစ်ပါတယ်။

သြဂုတ် ၉ ရက်နေ့မှာတော့ ၉၂ တစ်လီတာ  ၂၇၅၀ ကျပ်၊ ၉၅ တစ်လီတာ  ၂၈၉၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ  ၂၉၄၅ ကျပ်ဖြစ်ပြီး သြဂုတ်၁၁ရက်နေ့အထိ  အဆိုပါဈေးတန်းနဲ့ပဲဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် ဇူလိုင်၃၁ရက်နေ့ကစလို့  စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လာခဲ့တာကြောင့် ဆီရရှိဖို့ အချိန်ကြာမြင့်စွာ  တန်းစီ၀ယ်ယူရတာတွေလည်းရှိခဲ့သလို အချို့သောဆီဆိုင်တွေမှာ  စက်သုံးဆီရောင်းချမှုယာယီပိတ်ထားတာတွေအထိရှိနေတာဟာ လက်ရှိအချိန်ထိရှိနေသေးတာပဲဖြစ်ပါတယ်။ ဆီဆိုင်တွေက   ၉၅ ဆီတစ်မျိုးတည်းရောင်းချမှုတွေရှိသလို  အချို့သောဆီဆိုင်တွေမှာလည်း  ၉၂  ဆီတစ်မျိုးတည်းကိုသာရောင်းချမှုတွေရှိနေဆဲဖြစ်ပါတယ်။ 

အနှေးယာဉ်လုပ်သားများအနေနဲ့ ပြင်ပပေါက်ဈေးမှာတော့ ၉၂အောက်တိန်း တစ်လီတာဗူးတစ်ဗူးလျှင် ၃၅၀၀ ကနေ ၄၀၀၀ အထိပေး၀ယ်နေရတယ်လို့လည်း  ဆိုင်ကယ်ကယ်ရီ  မောင်းနှင်သူများထံက သိရပါတယ်။ မန္တလေး မှာတော့  ဆီတစ်လီတာလျင် ပြင်ပပေါက်ဈေး  ၅၅၀၀ အထိပေး၀ယ်ရတယ်လို့သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  သြဂုတ် ၅ ရက်နေ့ရဲ့ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၄၆၄  ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက် ရွှေပေါက်ဈေးဟာ ၄၈ သိန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့မှာတော့  ၄၆ သိန်း ၃ သောင်းကျော်ဖြစ်ပြီး သြဂုတ် ၈ ရက်မှာ ၄၆ သိန်း ၇သောင်းကျော်၊ သြဂုတ်၉ရက်နဲ့ ၁၀ရက်မှာ  ၄၆ သိန်း ၈ သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားတာတွေ့ရပါတယ်။
 
ပြင်ပရွှေဈေးကွက်မှာတော့သြဂုတ် ၅ ရက်နေ့ရဲ့ ပြည်တွင်းအခေါက်ရွှေဈေး ၆၇သိန်း၈သောင်း၊ ၆ရက်နေ့မှာ ၆၈သိန်း၊ ၇ ရက်နေ့မှာတော့ ၆၉သိန်း၊ ၈ရက်နေ့ ၇၀သိန်း ၅ သောင်း၊ သြဂုတ် ၉ရက်နေ့မှာ ၇၃သိန်းနဲ့ သြဂုတ်၁၀ရက်နေ့မှာ ၇၅သိန်းခွဲ သြဂုတ် ၁၁ ရက်နေ့မှာတော့ ၇၅ သိန်းခွဲဖြစ်လို့  ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် စံချိန်တင်လာခဲ့ပြီးသလို တစ်နေ့လျှင်ကျပ်၂သိန်းမှ၃သိန်းအထိ မြင့်တက်နေခဲ့တာပဲဖြစ်ပါတယ်။  
 
ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့ကိုလည်း တိုက်တွန်းနေတာဖြစ်ပြီး ပြင်ပရွှေဈေးကွက်မှာလည်း အရောင်း၀ယ်အေးနေတယ်လို့ သိရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ သြဂုတ် ၅ ရက်မှာ ၅၃၀၀ ၀န်းကျင်ဖြစ်ပြီး ၆ရက်နေ့မှာ ၅၅၀၀ ၀န်းကျင်၊ ၇ရက်မှာ ၅၆၀၀ ၊ ၈ရက်မှာ ၅၈၀၀၊ ၉ ရက်မှာ ၆၀၀၀ အထက်အနည်းငယ်စွန်းပြီး သြဂုတ်  ၁၀ရက်မှာ တစ်ဒေါ်လာလျှင် ၆၃၀၀ ကျပ်နဲ့ သြဂုတ် ၁၁ ရက် နေ့ရဲ့ပြင်ပပေါက်ဈေးဟာ  တစ်ဒေါ်လာလျှင် ၆၂၀၀ ကျပ်အထိ  မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင်၄၀၀၀ကျော်ကနေ ၅၀၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ သြဂုတ်၅ရက်မှ သြဂုတ်၁၁ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းလက်ကားဈေး တစ်ပိဿာလျှင်၅၇၈၀ ကျပ်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ် ၁၃၀၀၀  ကနေ ၁၄၅၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ ဆယ်ပိဿာယူ တစ်ပိဿာ လျှင်ကျပ် ၁၂၀၀၀ ကနေ ၁၃၀၀၀ နှုန်းအထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

စားအုန်းဆီပြင်ပေပေါက်ဈေးဟာ တစ်ပိဿာလျှင် ၁၂၀၀၀ ကနေ  ၁၃၅၀၀ ကျပ်အထိရှိနေခဲ့တာဖြစ်ပေမဲ့  စားဆီ၀ယ်ယူသုံးဆွဲသူများအနေနဲ့ အလွယ်တကူ၀ယ်ယူမရဘဲ အရောင်းပိတ်ထားတာတွေလည်းရှိခဲ့သလို  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစားဆီ၀ယ်ယူတင်သွင်းရောင်းချသူများအသင်းရဲ့  အခြေခံရည်ညွှန်းလက်ကားဈေးဖြင့် လိုက်လံရောင်းချပေးမှုဟာလည်း  မရှိသလောက်လျော့နည်းလာခဲ့တဲ့အပြင်ပြည်ပမှ စားဆီ၀ယ်ယူရခက်ခဲမှုနဲ့ဈေးအဆမတန်ကွာဟမှုကြောင့် ဈေးသည်များလည်းအခက်တွေ့ရသလို ပြည်သူများလည်းဈေးကြီးသာပေး၀ယ်ရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ဆီကုန်သည်အသင်းက အိမ်အရောက်ပို့စနစ်နဲ့ရောင်းချပေးမှုမှာလည်း ဆက်သွယ်မှာယူမရတာကြောင့် ဝေဖန်မှုတွေကိုသာရရှိခဲ့ပြီး ယာယီရပ်နားခဲ့ရပါသေးတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်တစ်ပြည် ၆၀၀၀ အထက်ပေးစားမှသာ စားလို့ဖြစ်တဲ့အနေအထားတစ်ခုရကာ ၆၀၀၀ အောက်ဈေးသက်သာတဲ့ဆန်ကို၀ယ်ယူပါက စားမဖြစ်လောက်တဲ့အထိဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။

ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၆၀၀၀၊ အာလူးတပိဿာ ၅၃၀၀ ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၄၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ နဲ့အထက်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅၀၀၀ ကျပ်နဲ့အထက်   ပဲလွန်းတစ်စည်း ၈၀၀ မှ  ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၃၀၀၊ သခွားသီး ၃၀၀ မှ ၅၀၀ကျပ်၊ ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေး၀ယ်နေရတယ်လို့ သိရပါတယ်။

ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၅၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀မှ၅၀၀ကျပ်၊  ဘဲဥ တစ်လုံး ၅၀၀ ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း  စီပီကြက် တစ်ပိဿာ ၁၆၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၅၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။

အမဲသား၊ ၀က်သား နဲ့ ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၄၅၀၀ မှ  ၅၀၀၀အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်ကနေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး ၁၅၀၀ ဖိုး၀ယ်ယူရတဲ့ထိ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရည်အသွေးနိမ့် အသုံးအဆောင်တွေကိုသာ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ဟာလည်း   ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပေမဲ့ စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ ထောက်ပံ့ကြေးကျပ်၂၀၀၀ သာတိုးပေးထားတာကြောင့် နေ့စဉ်လုပ်ခ ၆၈၀၀ကျပ်ဖြစ်လာပါတယ်။  

လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေအရ အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာဟာ တစ်နေ့ ၆၈၀၀ ကျပ်နဲ့ လုံလောက်မရှိသလို ထောက်ပံ့ကြေးကြေးအဖြစ်တိုးပေးတာဟာ အလုပ်သမားတွေအတွက်တော့  ထူးခြားမှုမရှိဘူးလို့ ပြောဆိုမှုတွေရှိနေတာပါ။

၂၀၂၀ ခုနှစ်က အခြေခံလစာ နှစ်သိန်း ရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့ လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ  လုံခြုံမှုမရှိကာကွယ်မှုမရှိတဲ့ လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

သြဂုတ်လဒုတိယတစ်ပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026